"လူတိုင်းက ရဲ ဆို … ချဉ်တယ်။ သံပုရာသီးလို့လည်း ခေါ်ကြတယ်။ သူတို့ကလည်း
လူမြင်ရင် အချဉ်ဖမ်းဖို့ပဲကြည့်တယ်ဆိုတာမျိုးအထိ ကြားနေရတာ ...
စိတ်မကောင်းစရာချည်း။ ဗမာပြည်မှာ ရဲနဲ့ပတ်သက်တဲ့ အရပ်စကားပုံကလည်း
သိပ်မကောင်းလှဘူး။ ဥပမာ ... ဟင်းမရှိ ပဲပြုတ်၊ ဉာဏ်မရှိ ရဲလုပ်။
ယောင်္ကျားပျင်း ပုလိပ်၊ မိန်းမပျင်း ကွိတ် ..."
ရဲတပ်ဖွဲ့ဝင်တွေ ဥပဒေဘောင်အပြင်က ကျူးလွန်မှုတွေကြောင့် သေဆုံးကြရတဲ့သတင်းတွေ မကြာခဏလိုလို ပြည်တွင်းသတင်းဂျာနယ်တွေမှာ တွေ့ရတတ်တယ်။ တလောကပဲ ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ မူးယစ်ဆဲဆိုနေသူတယောက်ကို ရဲ ၂ ယောက်က ပြောဆိုမရတာကြောင့် ထိုးကြိတ်နှိပ်စက်လို့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့သတင်း ကြားခဲ့ရတယ်။
အဲလို မူးလို့ ရဲက ဖမ်းဆီးနှိပ်စက်ပြီး လက်လွန်သေဆုံးတဲ့သတင်းတွေ ဗမာပြည်မှာ ခဏခဏဖြစ်တာ မဆန်းတော့သလိုပဲ။ ရဲမှ မဟုတ်ဘူး၊ ထောက်လှမ်းရေးက လက်လွန်လို့၊ တပ်မတော်သားတွေက ပစ်ခတ်လို့၊ ထောင်ဝန်ထမ်းတွေ နှိပ်စက်လို့ ... စတဲ့ ... စတဲ့ အာဏာပိုင်တွေက စည်းမဲ့ကမ်းမဲ့ ဆောင်ရွက်လို့ အချီးနှီးသေဆုံးခဲ့ရသူတွေ မနည်းတော့ဘူး။ သေချာ စနစ်တကျ မှတ်တမ်းတင်ထားရင် အဲလို လက်လွန်ခြေလွန် အသုဘတွေက ကံကုန်လို့ သေဆုံးသွားကြသူတွေထက် ပိုများလိမ့်မယ် ထင်တယ်။
မကြာခင်ရက်ပိုင်းကဖြစ်ခဲ့တဲ့ လက်ပံတောင်းသပိတ်ဖြိုခွဲမှုကလည်း မဆင်မခြင် အရေးယူလုပ်ဆောင်မှုက အခြေခံပဲ။ ဒီမိုကရေစီနိုင်ငံတွေမှာ လက်ပံတောင်းလို ကိစ္စမျိုးဆိုရင် ... တာဝန်ရှိသူတွေ တလှေကြီး အရေးယူခံရမယ်၊ ရာထူးက နှုတ်ထွက်ရလိမ့်မယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လူတယောက်စီတိုင်းမှာ တန်ဖိုးကိုယ်စီရှိတယ်လို့ နားလည်ထားရတယ်။
ခန္ဓာကိုယ် နာကျင်ဒဏ်ရာရဖို့မဆိုထားနဲ့ ကိုယ့်အပြုအမူကြောင့် လူတယောက်ရဲ့စိတ်ထဲ ခံစားသွားရရင်၊ ဂုဏ်သိက္ခာ ညှိုးငယ်သွားရင် ... တရားစွဲခံရတယ်။ သေရာပါအမာရွတ်တွေ မျက်နှာနဲ့ခန္ဓာကိုယ်မှာ ထင်ကျန်ရစ်ခဲ့မယ့် လူတယောက် ရဟန်းတပါးရဲ့ ဂုဏ်သိက္ခာနဲ့ သူရဲ့ခံစားချက်ကို ကိုယ်ချင်းစာကြည့်ပေါ့။
လူတယောက် သေတယ်ဆိုတာ (လူကိုလူချင်း တန်ဖိုးမထားတတ်တဲ့) အာဏာရှင်နိုင်ငံတွေမှာသာ မဆန်းတော့တာ၊ ဒီမိုကရေစီနိုင်ငံတွေဆို ... အုံးအုံးကြွက်ကြွက်ပဲ။ ကျနော်တို့ သတင်းထောက်လောကမှာ လူတယောက် သွေးရိုးသားရိုးမဟုတ်ဘဲသေတယ်ဆို သိပ်ကိုအရေးကြီးတဲ့သတင်းပဲ။ နော်ဝေးနိုင်ငံမှာဆို လူတယောက် ပျောက်ဆုံးနေတဲ့သတင်းဟာ ... ရဲက အသက်ရှင်ရက်ဖြစ်စေ၊ အလောင်းပဲဖြစ်စေ မဖော်မထုတ်နိုင်မချင်း နေ့စဉ်ရက်ဆက် မီဒီယာတွေကနေ အဲဒီသတင်းကို စာလုံးမဲကြီးတွေနဲ့ ခေါင်းကြီးသတင်းအဖြစ် ဖော်ပြနေတာပဲ။ ရဲအမှုထမ်းတွေမှာ တာဝန်သိပ်ကြီးလေးတယ်။ ပြည်သူတွေအပေါ် ပေါ့ပေါ့တန်တန်၊ လက်လွတ်စပယ် သွားလုပ်လို့မရဘူး။
ဗမာပြည်မှာ ကျနော်တို့ လူမှန်းသိစကတည်းက ရဲတွေနဲ့ပတ်သက်ပြီး အထင်သေးတွေချည်း ကြားနေရတယ်။ လူတိုင်းက ရဲဆို … ချဉ်တယ်။ သံပုရာသီးလို့လည်း ခေါ်ကြတယ်။ သူတို့ကလည်း လူမြင်ရင် အချဉ်ဖမ်းဖို့ပဲကြည့်တယ်ဆိုတာမျိုးအထိ ကြားနေရတာ ... စိတ်မကောင်းစရာချည်း။ ဗမာပြည်မှာ ရဲနဲ့ပတ်သက်တဲ့ အရပ်စကားပုံကလည်း သိပ်မကောင်းလှဘူး။ ဥပမာ ... ဟင်းမရှိ ပဲပြုတ်၊ ဉာဏ်မရှိ ရဲလုပ်။ ယောင်္ကျားပျင်း ပုလိပ်၊ မိန်းမပျင်း ကွိတ် (ကွိတ်ဆိုတာ ပြည့်တန်ဆာကို ဗန်းစကားနဲ့ခေါ်တာ) ပြီးတော့ ရုပ်ရှင်ကြည့်တိုင်း (ဇာတ်လမ်းသဘောအရ) လူဆိုးတွေကို ဇာတ်လိုက်က အပြတ်ချပြီးမှ ရဲက ရောက်ရောက်လာတော့ ... ရဲဆိုရင် ပြည်သူ့ကယ်တင်ရှင်လို့ကို မမြင်ဘူး။ ဒါတောင် ဗမာကားတွေမှာ ပေါ်လစီအရ ပြည်သူ့ရဲတပ်ဖွဲ့ဆို ... အမွှန်းတင်ရိုက်ရတာ၊ သေးသိမ်အောင် မလုပ်ရတာတွေ ရှိသေးတယ်း။
ကုလားကားဆို သိပ်လွတ်လပ်တာ။ ရဲဆိုရင် အပြတ်နှိပ်ကွပ်ခံရတယ်။ လာဘ်စားတာ၊ ငွေရှင်ဓနရှင်တွေ လက်ကိုင်တုတ်ဖြစ်တာ၊ အစိုးရဝန်ကြီးတွေကို အကာအကွယ်ပေးတာ ... ဒါတွေပဲထပ်နေအောင် ဇာတ်လမ်းတွေထဲ အထည့်ခံနေရတာ …။ အပြင်မှာလည်း အိန္ဒိယရဲ အများစုက အဲလိုစရိုက်တွေ ရှိကြတာ ကြုံဖူး၊ တွေ့ဖူးတယ်။
ဒီတော့ ရဲဆိုရင် … ဘယ်ရဲဖြစ်ဖြစ် အောက်ဆိုက်နည်းနဲ့ ပိုက်ဆံရှာသူတွေလို့ပဲ သိထားကြတာများတယ်။ ရဲရဲ့နမိတ်ပုံဟာ မလှဘူး။ ဒါဟာ ကျနော်တို့နိုင်ငံအတွက် မကောင်းလှဘူး။ အရာရာမှာ အကောင်းအဆိုးတွေရှိတဲ့ထဲမှာ ... ရဲဆိုရင် ပြည်သူတွေက အဆိုးမြင်တာ သိပ်မကောင်းလှဘူး။ ဒီလိုဖြစ်အောင်လည်း ကျနော်တို့တိုင်းပြည်က ခေတ်စနစ်နဲ့ အုပ်ချုပ်ရေးယန္တရားကြီးက ပြဌာန်းပေးလိုက်တာပါ။ မြန်မာ့ရဲတပ်ဖွဲ့ဟာ လက်နက်ကိုင်တပ်တွေထဲမှာ အောက်ကျနောက်ကျဆုံးဖြစ်အောင်၊ အခွင့်အရေးအမဲ့ဆုံးဖြစ်အောင်၊ ပြည်သူ့ချဉ်ဖတ်ဖြစ်အောင် ... စစ်အာဏာရှင်စနစ်ကြီးက သွတ်သွင်းပေးလိုက်တာဖြစ်တယ်။
မြန်မာပြည်မှာ ရဲမှူးဆိုတာ အဆင့်အမြင့်ဆုံး ရာထူးဖြစ်တယ်။ ဒါပေမယ့် တပ်မတော်က စစ်ဗိုလ်တယောက်လောက်တောင် အာဏာစက်မပြင်းဘူး။ သာမန်ရဲအုပ်ဘဝကနေ မြို့နယ်မှူးလောက်ဖြစ်ဖို့ အနှစ် ၂၀ လောက် စောင့်ရပေမယ့် စစ်တပ်ထဲမှာ ၇ နှစ်နဲ့ ဗိုလ်ကြီးဖြစ်လာသူက ရဲထဲမှာ မြို့နယ်မှူးအဆင့် ရာထူးရပါတယ်။ တပ်ထဲက တပ်ကြပ်တယောက်က ရဲထဲရောက်ရင် ရဲတပ်ကြပ်ကြီးရာထူး ရပါတယ်။ စစ်တပ်ကပဲ အခွင့်ထူးခံနေတာပါ။
ပြီးတော့ စစ်တပ်ရဲ့ အစေအပါးကျေးကျွန်လို ခိုင်းရာလုပ် ... အိမ်နိမ့်စံဘဝနဲ့ နေရတာဖြစ်တယ်။ တပ်မတော်သားတွေကိုယ်တိုင်က ရဲဆိုရင် နှိမ့်ချဆက်ဆံတတ်သလို ရဲတွေကိုယ်တိုင်က စစ်သားကိုတောင် ကြောက်ရွံနေရတာပါ။ ကျနော်တို့နိုင်ငံမှာ အဲလိုမျိုး ... ဝန်ထမ်းချင်းအတူတူ အဆင့်ခွဲခြားဆက်ဆံခံနေရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါကို ထုံးစံလို့ပဲ မြင်နေကြပါတယ်။
ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ရဲဆိုတာ ပြည်သူနဲ့အနီးဆုံး လက်နက်ကိုင်တပ်ဖြစ်တယ်။ ပြည်သူကို အနီးကပ် စောင့်ရှောက်ရတယ်။ တာဝန်ချိန်အတွင်း လူတွေကို ဘာအကူအညီလိုသလဲ၊ ဘယ်နေရာမှာ ဘာလုပ်ပေးဖို့ လိုအပ်သလဲဆိုတာကိုပဲ အာရုံစိုက်တယ်။
တခါတုန်းက ... ကျနော်နေထိုင်တဲ့ နော်ဝေးနိုင်ငံ၊ အော်စလို ဘူတာနားမှာ အရက်မူးနေတဲ့ အမျိုးသားတယောက်ကို ရဲ ၂ ယောက်က လက်မောင်းတဖက်တချက်စီကိုင်ပြီး တွဲခေါ်လာတယ်။ အမူးသမားက ဘယ်ဘက်က ရဲကို ခေါင်းထောင်ကြည့်ပြီး ဆဲလိုက်၊ ညာဘက်ကရဲရဲ့မျက်နှာ ပြန်လှည့်ကြည့်ပြီးဆဲလိုက်နဲ့ သူ့ကိုလူကြားထဲကနေ အခုလို ဆွဲခေါ်သွားရမလားဆိုပြီး ရန်ထောင်နေတာ။ ရဲ ၂ ယောက်ကတော့ ဘာမှမဖြစ်သလိုပဲ ... ရီရီမောမောနဲ့ အမူးသမားကို ချော့ခေါ်သွားတယ်။
အဲလိုမြင်ကွင်းမျိုး မကြာခဏ တွေ့ဖူးတယ်။ ရဲက အမူးသမားကြောင့် အများတကာ စိတ်အနှောက်အယှက် မဖြစ်အောင် ထိမ်းသိမ်းတာ ဖြစ်တယ်။ အဲဒီအမူးသမားကို ရဲစခန်းထဲ ခဏခေါ်သွားမယ်။ သူလိုအပ်တာ ကျွေးမွေးမယ်၊ အမူးပြေရင် အိမ်ပြန်ပို့ပေးမယ်၊ ဒါပဲ။ သူ့ကို ကိုယ်ထိလက်ရောက် ထိုးကြိတ်၊ ခြိမ်းခြောက်၊ ရိုက်နှက်တာမျိုး ထုံးစံမရှိဘူး။ လုပ်လို့လည်း မရဘူး။
တခါတုန်းက မြို့ပတ်ရထားပေါ်မှာ မူးနေသူတယောက် သူ့ဖာသာ ကျယ်ကျယ်လောင်လောင်နဲ့ တယောက်ထဲ အော်ဟစ်ဆဲဆိုတာကို တစုံတယောက်က နံပါတ် ၁၁၂ (ရဲအရေးပေါ်နံပါတ်) နှိပ်ခေါ်လိုက်တယ် ထင်တယ်။ ရထား ၂ မှတ်တိုင်လောက်မှာပဲ ရဲ ၂ ယောက် တက်လာတယ်။ သူ့ကို နောက်မှတ်တိုင်မှာဆင်းဖို့ နားချနေတယ်။ ဟိုလူက ဂျစ်ကန်ကန်ရယ်၊ ဂိတ်ဆုံးအထိစီး မယ်၊ ငါ့အိမ်က ဂိတ်ဆုံးမှာဆိုလို့ ... ရဲတွေ ရထားဂိတ်ဆုံးထိစီးပြီး လိုက်ပို့ပေးရတယ်။ ခရီးသည်တွေ စိတ်မပျက်အောင်ဆောင်ရွက်ပေးသလို၊ သူ့ကို စောင့်ရှောက်ပေးတဲ့သဘောလည်း ပါတယ်။
နော်ဝေးမှာ မူးယစ်ဆေးစွဲနေသူတွေကို အစိုးရက မှတ်ပုံတင်ထားတယ်။ နေ့စဉ် အချိန်တန်ရင် ရဲတွေကလာပြီး မူးယစ်ဆေးကို အချိုးကျ ဝေငှပေးတယ်။ (ကိုယ်က မပေးရင် ရာဇဝတ်မှုပိုဖြစ်လာမယ်၊ အတိုင်းအဆမရှိသုံးစွဲပြီး အသက်အန္တရာယ်ထိခိုက်မယ်) ရဲဆိုတာ ဆောင်ပုဒ်ချိတ်ထားရုံသက်သက်မဟုတ်ဘဲ လက်တွေ့ ပြည်သူတွေ အသက်နဲ့ စည်းစိမ်ဥစ္စာလုံခြုံရေးကို စောင့်ရှောက်တာဖြစ်တယ်။
“သူများနိုင်ငံမှာ ရဲတွေက လူတွေကို ဘာအကူအညီပေးရမလဲဆိုတဲ့ မျက်လုံးနဲ့ကြည့်တာ၊ ကျနော်တို့နိုင်ငံကရဲတွေက လူတွေဆီ ငွေဘယ်လိုညှစ်ရမလဲဆိုတဲ့မျက်လုံးနဲ့ ကြည့်တာဗျ” လို့ မိတ်ဆွေတယောက်က ပြောဖူးတယ်။ ဒီက ရဲတွေနဲ့ပတ်သက်ပြီး ရီစရာလိုလိုနဲ့ အမြဲသတိတရဖြစ်နေတာလေးတခုပြောအုံးမယ်။
တခါက အော်စလိုမြို့လည်ခေါင် လူစည်တဲ့ရှော့ပင်စင်တာကြီးတခု လှေခါးနားမှာ ရဲ ၂ ယောက် ရပ်နေတယ်။ လူတွေက သူတို့ကို ရှောင်ကွင်းသွားနေရတယ်။ သူတို့က လမ်းမဖယ်ပေးဘူး။ သတိထားကြည့်လိုက်တော့ သူတို့ ၂ ယောက် အလယ်မှာ မစင်ပုံလေး။ ကလေးတယောက်ယောက် ထွက်ကျသွားဟန်တူတယ်။ သန့်ရှင်းရေးသမား မလာမချင်း လူများမနင်းမိအောင် ရဲတွေက စောင့်ကြပ်နေတဲ့မြင်ကွင်းကိုကြည့်ပြီး ရဲတွေကို လေးစားသွားတယ်။
သူများဆီကရဲတွေ တာဝန်ထမ်းတယ်၊ လူထုအကျိုးကြည့်တယ်ဆိုတာ အဲလို အသေးအမွှားလေးကအစ ဂရုတစိုက် တာဝန်ယူတာမျိုး။ ကျနော်တို့ဆီကရဲတွေရဲ့ ဘဝအခြေအနေက နိမ့်ကျသလို လည်သလို ရှာစားနေရတော့ အများ မကြည်ဖြူ၊ မလေးစားတဲ့ အခြေအနေဆိုက်နေတယ်။ ဒီအတွက် ရဲအမှုထမ်းတွေကိုယ်စီသာမက အထက်အာဏာပိုင်တွေမှာလည်း တာဝန်ရှိပါတယ်။
မကြာသေးခင်ရက်ပိုင်းက လက်ပံတောင်းသပိတ်ဖြိုခွဲမှုကို ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ သွားလေ့လာတော့ ရဲကလည်း သူ့တာဝန်ကို အများလက်ခံအောင် သေသေချာချာ မရှင်းပြဘဲ တင်းတင်းမာမာဆက်ဆံခဲ့သလို ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကလည်း ရင့်ရင့်သီးသီး ပြောဆိုတုံ့ပြန်လို့ ၂ ဖက် တင်းမာတာတွေ ဖြစ်ကုန်တယ်။
တကယ်တော့ ပြည်သူတွေမှာလည်း Right to Information လို့ခေါ်တဲ့ သိလိုတာကို မေးနိုင်တဲ့အခွင့်အရေးမျိုး မရှိတော့လို့ ဒီလောက်ထိ ဖြစ်ကုန်တာပါ။ ရဲတွေက ပြည်သူနဲ့ အနီးကပ်ဆုံးမှာ တာဝန်ထမ်းရတော့ ... ရဲနဲ့ ပြည်သူပဲ ထိပ်တိုက်တွေ့နေရတယ်။ ၁၉၈၈ တုန်းက ရဲဝန်ထမ်းတွေနဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့ပြီး သေဆုံးတဲ့အထိဖြစ်ခဲ့ရတယ်။
ဒီကနေ့ ကျနော်တို့တိုင်းပြည်ဟာ လူမဆန်တဲ့စနစ်ဆိုးကြီးနဲ့ အင်မတန်မှ လူကို လူလိုသိတတ်တဲ့ လူတဦးချင်းစီအပေါ်မှာရော၊ အယုတ်အလတ်အမြတ်မရွေး လေးစားချစ်ခင်တဲ့ ယဉ်ကျေးတဲ့ ဒီမိုကရေစီစနစ်ဆီကို လှမ်းနေကြတာပါ။ လက်အောက်ခံ တပ်မတော်သားတွေရော၊ ပြည်သူ့ရဲရော ဘဝတူတွေပါ။ နှစ်ပေါင်းများစွာ လူလိုသူလို အသိအမှတ်ပြုမခံရတဲ့ ကျောမွဲလူတန်းစားတွေလည်း ဖြစ်တယ်။ လယ်သမားတွေ၊ အလုပ်သမားတွေ ဆင်းရဲသလို သူတို့လည်း ချို့တဲ့ပါတယ်။ အခွင့်အရေးမဲ့သူချင်း အတူတူပါ။
တကယ့်အခွင့်အရေးသမားတွေ ဘယ်သူလဲဆိုတာ ပြည်သူက သိပါတယ်။ ဒီခေတ်မှာ သူတို့ကိုသူတို့ အာဏာပိုင်လို့ အခေါ်ခံရတာကိုပဲ ရှက်သလိုလိုလုပ်နေပေမယ့် ပြည်သူ့ဘဏ္ဍာတွေ ခိုးဝှက်စားသောက်နေတာကိုတော့ မရှက်သေးပါဘူး။ ပြီးတော့ အောက်ခြေဝန်ထမ်းတွေကို နဖားကြိုးဆွဲ၊ လိုရာခိုင်းစေချင်တဲ့ အာဏာရှင်စရိုက်လည်း ရှိနေတုန်းပါ။ ‘မရှိတာထက် မသိတာခက်’ ဆိုတဲ့ စကားလိုပဲ … အသိစိတ်ဓာတ်မဲ့တာဟာ မိမိကိုယ်တိုင်ရော၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတခုရဲ့ ဂုဏ်သိက္ခာနဲ့ ဖွံ့ဖြိုးမှုကို အစွမ်းကုန် ထိခိုက်စေပါတယ်။ ။
ကိုညို (အော်စလို)
No comments:
Post a Comment