"ကျည်ဆန်တတောင့် ဈေးနှုန်း၊ လောင်ချာသီးတစ်လုံးရဲ့ ဈေးနှုန်းတွေ၊
အဖမဲ့သားတွေ၊ သားမဲ့ မိခင်တွေ၊ ဒုက္ခသည်တွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ
ဒါတွေအားလုံးဟာ ပြည်တွင်းစစ်ရဲ့အကျိုးဆက်တွေပါပဲ။ ဘယ်ဘက်ကပဲဖြစ်ဖြစ်
ပစ်လိုက်တဲ့ ကျည်ဆန်တွေရဲ့တန်ဖိုးတွေနဲ့ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ
ဆောက်ပေးလိုက်ရင် တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ကဏ္ဍဖြစ်တဲ့ ပညာရေးနဲ့
ကျန်းမာရေးကဏ္ဍတွေမှာ ဘယ်လောက်များ အကျိုးကျေးဇူးများလိုက်မလဲဆိုတာ ..."
ဆန္ဒမပြရင် ခေတ်မမီဘူး
နောက်ဆုံးဆောင်းပါးရေးပြီးတဲ့နောက်ပိုင်း စာမရေးဖြစ်တာ တော်တော်လေးကိုကြာသွားတဲ့အတွက် ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ်များနဲ့ ညီအစ်ကိုမောင်နှမများကို အရင်ဆုံး တောင်းပန်စကားပြောပါရစေ။
‘ဒီမိုကရေစီတွေ ရမယ်ဝယ်ကြဦးမလား’ ဆိုတဲ့ဆောင်းပါးမှာတော့ ဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်ပြီး နည်းဥပဒေတွေကို အရင်ဆုံး ပြုပြင်ဖို့လုပ်ရမယ်ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီကိစ္စမှာတော့ သဘောထားတွေ၊ အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ ဒီကနေ့ အကြောင်းအရာအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်တဲ့သူတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ဒုနဲ့ဒေးပါပဲ။ အင်တာနက်စာမျက်နှာတွေနဲ့ ဂျာနယ်စာမျက်နှာတွေမှာဆိုရင်လည်း ဆန္ဒပြတဲ့သတင်းမပါရင် ခေတ်မမီတော့သလိုပဲ။
ရဲရဲပြော ရဲရဲရေး
လူဆိုတာ လိုအင်ဆန္ဒအများဆုံးသတ္တဝါပါ။ အမြဲတမ်း တခုခုကိုတော့ လိုအပ်နေကြပါတယ်။ အခုလက်ရှိအခြေအနေမှာ ပြည်သူတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိနေပြီလဲ။ ခုလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာ အစိုးရကကော ဘယ်လောက် အတိုင်းအတာအထိ လွတ်လပ်ခွင့်ပေးထားပြီလဲ။ အစိုးရရဲ့နိုင်ငံရေးကစားကွက်က ဘာလဲ။ အတိုက်အခံ ဒီမိုကရက်တွေ ဘယ်လောက်များ စည်းလုံးနေကြပြီလဲ အစရှိတဲ့ နိုင်ငံရေးအရွေ့၊ နိုင်ငံရေးအလှည့်အပြောင်းတွေကို သတိထား စောင့်ကြည့်ရမှာဖြစ်တယ်။
တကယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဆောင်းပါးတွေကို တပတ်တခါ ရေးသင့်ပါတယ်။ စာရေးဖို့အတွက် သတင်းတွေ၊ ဆောင်းပါးတွေ ဖတ်ရဦးမှာဖြစ်တယ်။ အဲဒီ့အတွက် အချိန်ပေးရမယ်။ ကိုယ့်ရဲ့အမြင်ကို လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း၊ ရဲရဲရင့်ရင့် ဘယ်သူ့မျက်နှာမှမထောက်ဘဲ ရေးရမယ်ဆိုတာ နှလုံးသွင်းထားတော့ ပြောစရာရှိတာတော့ ပြောရမှာပဲ။
တကယ်ပြောင်းလဲနေပြီလား
စာတွေမရေးဖြစ်၊ မဖတ်ဖြစ်တဲ့အကြောင်းကတော့ ဒီကြားထဲရက်တွေမှာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတွေကို သွားဖြစ်လို့ပါပဲ။ အဲလိုနယ်ဒေသတွေ၊ မြို့တွေ၊ ရွာတွေကို ရောက်တော့လည်း ပြည်သူတွေနဲ့တွေ့၊ ပြည်သူ့အသံတွေနားထောင်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေရတဲ့အချိန်မျိုးလည်း ဖြစ်နေတယ်။
ရောက်ခဲ့တဲ့နေရာတွေနဲ့ပတ်သက်ပြီး အကျဉ်းချုပ်ရင်တော့ နေရာတိုင်းမှာလိုလို ကြားခဲ့ရတဲ့အသံတွေဟာ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေ အမျိုးမျိုးကို စစ်တပ်တွေ၊ ခရိုနီတွေက မြေစာရင်းဌာန၊ အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ပေါင်းပြီး မတရားသိမ်းပစ်တာတွေ၊ ရေလုပ်ငန်းလုပ်နေတဲ့နေရာဒေသမျိုးမှာဆိုရင် ပင်လယ်ပြင်မှာ စစ်တပ်ကို လောင်စာဆီ ဘလိုင်းကြီး ပေးနေရတာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံရှိတဲ့သူနဲ့ပေါင်းပြီး ဒေသခံတောင်သူတွေဆီက လယ်သိမ်း၊ မြေသိမ်း လုပ်နေတာတွေ၊ ရဲတွေရဲ့ အကျင့်ပျက်လာဘ်စားတာတွေ၊ တရားသူကြီးတွေရဲ့ အကျင့်ပျက် လာဘ်စားတာတွေ၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေက နယ်မြေတွေ၊ တက္ကသိုလ်ကျောင်းတွေမှာဆိုရင် မူးယစ်ဆေးဝါး လွယ်လွယ်ကူကူ ရရှိနေတာတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက ခြိမ်းခြောက်နေတာတွေ အစရှိတဲ့ မတရားမှုအမျိုးမျိုး၊ အနိုင်ကျင့်မှုအမျိုးမျိုးကို နားနဲ့ဆတ်ဆတ် ကြားခဲ့ရတော့ ကျွန်တော်တို့နိုင်ငံကြီး ပြောင်းလဲနေပြီဆိုတာ ကျွန်တော် ယုံရခပ်ခက်ခက်ဖြစ်သွားတယ်။
အပြည့်မရနိုင်ဘူး
တနိုင်ငံလုံး စစ်ပွဲတွေရပ်လို့အော်နေပေမယ့်လည်း တကယ်တမ်းကျတော့ စစ်ပွဲတွေမရပ်သေးတာ ဘာကြောင့်လဲဆိုတာကိုလည်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ အသေအချာ ဦးစားပေးပြီး ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်။
ကျည်ဆန်တတောင့် ဈေးနှုန်း၊ လောင်ချာသီးတစ်လုံးရဲ့ ဈေးနှုန်းတွေ၊ အဖမဲ့သားတွေ၊ သားမဲ့ မိခင်တွေ၊ ဒုက္ခသည်တွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ ဒါတွေအားလုံးဟာ ပြည်တွင်းစစ်ရဲ့အကျိုးဆက်တွေပါပဲ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် ပစ်လိုက်တဲ့ ကျည်ဆန်တွေရဲ့တန်ဖိုးတွေနဲ့ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ ဆောက်ပေးလိုက်ရင် တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ကဏ္ဍဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဘယ်လောက်များ အကျိုးကျေးဇူးများလိုက်မလဲဆိုတာ Policy Maker တွေ သိပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းနေဆဲကာလတွေမှာ စစ်ပွဲတွေ မရပ်သေးဘူး၊ ဆန္ဒပြပွဲတွေလည်း နေရာအနှံ့ဖြစ်နေဆဲပဲဆိုတာ ငြင်းလို့ မရပါဘူး။ ဒါတွေကို သေချာကိုင်တွယ်မယ်ဆိုရင် စိတ်ရှည်ရမယ်၊ သည်းခံရမယ်။ ဆန္ဒဖော်ထုတ်သူတွေဘက်ကလည်း မိမိတို့တောင်းတိုင်း အပြည့်မရနိုင်ဘူးဆိုတာ ကြိုသိထားဖို့လိုတယ်။
အကျင့်ဆိုးတွေ ကျန်နေသေးတယ်
ရရင်ရ၊ မရရင်ချ ဆိုတဲ့ခေတ်ကုန်သွားပြီဆိုတာကိုလည်း ဆန္ဒဖော်ထုတ်သူအနေနဲ့ သိထားဖို့လိုမယ်။ ကျွန်တော်တို့လူမျိုးတွေဟာ မတရားတဲ့ဥပဒေတွေနဲ့ အသားကျလာတဲ့အခါမှာ ချမယ်ဆိုတဲ့ လက်ဝဲလူတန်းစားတွေ၊ အိုမင်းရင့်ရော်လာနေတဲ့ အတွေးအခေါ်ဟောင်းတွေနဲ့ ဒီကနေ့ အညွှန့်တလူလူတက်လာနေတဲ့ လူငယ်တွေကို ဝါဒမှိုင်းတွေ တိုက်တယ်။ လူငယ်တွေ သူ့ဘာသာသူ အစည်းအရုံးတွေ၊ သမဂ္ဂတွေဖွဲ့တာ ဖွဲ့ပါစေလား။
ဘာလို့ အနောက်ကနေ မြှောက်ပေးနေသလဲ၊ တချို့ဆို သေကာနီးနေပြီ ဟိုထဲလည်း ပါချင်၊ ဒီထဲလည်း ပါချင်နေတာတွေက ရှိသေးတယ်။ မြန်မာနိုင်ငံရေးအပြောင်းအလဲမှာကိုပဲ မဆလခေတ်က အခွင့်ထူးခံစနစ်အချို့တွေ ကျန်နေသေးတယ်။ မဆလခေတ်က အတွေးအခေါ်အချို့တွေ ကျန်နေသေးတယ်။ ဆိုလိုတာက နောက်ဆုံး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာတောင် မသမာမှုတွေက ရှိနေသေးတုန်းပဲ။ ဒါတွေဟာ အာဏာရှင်စနစ်က အကျင့်ဆိုးတွေ၊ စရိုက်ဆိုးတွေပါပဲ။
သမဂ္ဂတွေ စည်းလုံးစေချင်
သမဂ္ဂတွေလည်းကြည့်ဦးမလား၊ ဘာလို့မပေါင်းစည်းနိုင်ခဲ့ကြသေးတာလည်းဆိုတာ သေချာစဉ်းစားကြည့်ပါ။ ဖဆပလ ခေတ်ကတည်းက ကွဲပြဲလာခဲ့တဲ့ အကွဲအပြဲတွေဟာ ဒီကနေ့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ကာလအထိ အကွဲအပြဲ ဇာတ်လမ်းတွေ ရှိနေကြတုန်းပါပဲ။ ဒီနေရာမှာ ဘုံရန်သူဖြစ်တဲ့ အာဏာရှင်ကို တိုက်နေကြတဲ့အချိန်ကာလမျိုးမှာ ဒီမိုကရေစီအင်အားစုတွေဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရမယ်။ လက်ဝါးဖြန့်ထားတဲ့အခါမှာ လက်ချောင်းလေးတွေကို တချောင်းချင်း အချိုးခံရလိမ့်မယ်။
ဒါကြောင့်လည်း ကျောင်းသားသမဂ္ဂတွေ အချင်းချင်းလက်တွဲကြပြီးတော့ ကျောင်းသားထုတရပ်လုံးကို ကိုယ်စားပြုတဲ့၊ ခိုင်မာတဲ့၊ ကျစ်လျစ်တဲ့ နိုင်ငံလုံးဆိုင်ရာ သမဂ္ဂကြီးအဆင့်အထိ ဖြစ်လာအောင်လုပ်ကြပါလို့ တိုက်တွန်းချင်တယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူကြီးတွေကလည်း ဒေသအလိုက် လူငယ်ကွန်ယက်အဖွဲ့တွေနဲ့ စနစ်တကျ ချိတ်ဆက်ကြပြီးတဲ့အခါမှာ ဒေသတွေမှာလိုအပ်နေတဲ့ လူငယ်တွေကို လူငယ်အရည်အသွေးမြှင့်သင်တန်းတွေကို ပြုလုပ်ကြပါလို့ တိုက်တွန်းချင်တယ်။
ထိုင်ခုံတွေ မက်နေကြတယ်
စိတ်မကောင်းစရာ သတင်းတခုကတော့ တောင်ဒဂုံဆိပ်ကမ်းမြို့နယ်က ရပ်ကျေးညီလာခံမှာ ထိုးကြကြိတ်ကြတဲ့ သတင်းပါပဲ။ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင်က လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မုံရွာကိုရောက်နေတဲ့အချိန် အနောက်မှာတော့ နေရာတွေ၊ ထိုင်ခုံတွေ မက်မောနေကြလို့ အင်တာနက်စာမျက်နှာနဲ့ ဂျာနယ်စာမျက်နှာတွေမှာပါ ထိုးကြကြိတ်ကြတဲ့သတင်းတွေ တက်လာတယ်ဆိုတာ စဉ်းစားစရာပါ။ အာဏာရှင်က တလျှောက်လုံး ကွင်းလေးသေးသေးလေးမှာ ကန်ခိုင်းထားတော့ ကွင်းကျယ်ကျယ်နဲ့ ဘောလုံးကန်ခွင့်ပေးလိုက်တဲ့အခါမှာ မကန်တတ်ကြတော့ပါဘူး။
ဒီမိုကရေစီတိုက်ပွဲထဲမှာတောင် အာဏာရှင်စရိုက်ဆိုးတွေ ရှိနေသေးတယ်ဆိုတာ ငြင်းလို့မရပါဘူး။ နေရာတွေ ထိုင်ခုံတွေ သိပ်လိုချင်နေရင်လည်း ပြောကြပါဗျာ၊ လမ်းထိပ် ပရိဘောဂဆိုင်မှာ ပလတ်စတစ်ထိုင်ခုံတွေ အများကြီးပါ။ ကျွန်တော် တယောက်တလုံး ဝယ်ပေးမှာပေါ့။ တကယ်ဆိုရင် ပြည်သူလူထုကို ဥပဒေပညာပေးလုပ်ငန်းတွေ လုပ်ရမယ်။ လူထုကြားထဲမှာ လူထုနဲ့အတူတူနေပြီး လူထုရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို နိုင်သလောက် ဖြေရှင်းပေးရမယ်။
အဲဒါမှလည်း လူထုက ယုံကြည်လေးစားပြီး အတူတူပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်တွေရှိလာမယ်။ ခုတော့ အဲလိုမဟုတ်ဘူး၊ ဥက္ကဋ္ဌလုပ်ချင်တဲ့သူနဲ့၊ ဘယ်နေရာပဲပါရပါရ ပါပါရစေဆိုတဲ့သူတွေသာ များနေတယ်။ ရောက်တဲ့နေရာက အရေးမကြီးပဲ လုပ်တဲ့အလုပ်ပေါ်မှာ အာရုံစိုက်မှုအားနည်းနေတာပဲ။ အဲဒါ မဖြစ်သင့်ပါဘူး။ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်းတောင် ဂဃနဏမသိဘဲ လူရှေ့သူရှေ့မှာ ရင်ထိုးတံဆိပ်တွေနဲ့၊ ယူနီဖောင်းလေးတွေနဲ့ နေနေရတာကို သူတို့ကိုယ်သူတို့ တကယ့်နိုင်ငံရေးသမားကြီးလို့ ထင်နေပုံရတယ်။ စိတ်ဓာတ်လေးတွေနဲ့ အလုပ်လေးတွေ ပြင်ကြပါလို့ တိုက်တွန်းချင်တယ်။
လူငယ်တွေဟာ အသုံးချခံတွေ မဟုတ်ဘူး
တချို့ အာဏာရှင်စရိုက်လက္ခဏာတွေ မပျောက်သေးတဲ့ လူကြီးတချို့ အိုပယ်တွေ ကျန်နေသေးတယ်။ အဲဒါက ရပ်ထဲရွာထဲမှာကို ရှိနေတာ၊ ငါတို့ခိုင်းတာ လုပ်၊ ပြန်မပြောနဲ့၊ ဘာမှ ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ လူငယ်ကို ခိုင်းဖို့သက်သက်လောက်သာ သဘောထားကြတယ်။ ဒီနေ့ခေတ်လူငယ်တွေက အိုင်တီခေတ်နဲ့ ကြီးပြင်းလာခဲ့ကြတယ်ဆိုတာ သူတို့တွေ မေ့နေကြတယ်။
ကျွန်တော်သွားခဲ့တဲ့ခရီးတလျှောက်မှာလည်း Figure ရှိတဲ့သူတွေနဲ့လောက်သာ ရင်းနှီးချင်ကြ၊ ခင်မင်ချင်ကြ၊ ဓာတ်ပုံတွဲရိုက်ချင်ကြတဲ့သူတွေသာ များတယ်။ လူငယ်တွေကို လူကြီးတွေက ဘေးဖယ်ထားကြတာ များတယ်။ စာစောင်တွေမှာတော့ လူငယ်တွေကိုနေရာပေးမယ် ဘာညာ ရေးကြတာတော့ တွေ့ရတယ်။
တကယ့်တကယ်တမ်းကျတော့ လူငယ်တွေ တော်တော်များများဟာ လူကြီးတွေရဲ့ ညွှန်ကြားချက်တွေကိုသာ စောင့်မျှော်ကြပြီးတော့ အလုပ်တွေကို လုပ်နေကြရတယ်။ ပွဲလမ်းသဘင်ရှိတဲ့အခါမျိုးမှာဆိုရင် လူငယ်တွေကို ကျင်းတူးရုံ၊ ခုံခင်းရုံ၊ ခုံသိမ်းရုံကလွဲပြီး လူငယ်တွေအတွက် လမ်းခင်းပေးထားတာတို့၊ လုပ်ပိုင်ခွင့်ပေးထားတာမျိုးတွေ သိပ်ကိုနည်းနေသေးတယ်။
လူငယ်တွေရဲ့တက်လမ်းကို တကယ်တမ်း ဖျက်ဆီးနေတာကတော့ အဲဒီလို ငါတကောကောတဲ့ ကွန်မြူနစ်လက်ကျန်ဖြစ်နေကြတဲ့ အရပ်ထဲက ဟိုယောင်ယောင်၊ ဒီယောင်ယောင် လူကြီးတွေပါပဲ။ ဒီတော့ကာ အဲလိုလူကြီးတွေကိုလည်း ပြောလိုက်မယ်၊ လူငယ်တွေဟာ ခင်ဗျားတို့ရဲ့ အသုံးချခံပစ္စည်းတွေ မဟုတ်ပါဘူး။ ခေတ်ဟောင်း၊ စနစ်ဟောင်းက အတွေးအခေါ်အဟောင်းတွေနဲ့ လူငယ်တွေကို အသုံးချဖို့ချည်း မကြိုးစားကြပါနဲ့လို့ သတိပေးချင်တယ်။
ခရိုနီတွေကို ဒီလိုမြင်တယ်
တက်လာတဲ့အစိုးရနဲ့ ပလဲနံပသင့်အောင်လုပ်ရမှာကတော့ စီးပွားရေးသမားတွေရဲ့ မဟာဗျူဟာပါပဲ။ တခုတော့ရှိပါတယ်။ စီးပွားရေးသမားဟာ အကျိုးအမြတ်မရဘဲ ဘာမှမလုပ်ဘူး။ အာဏာရှင်စနစ်မှာတော့ လက်သိပ်ထိုး စာချုပ်တွေနဲ့ ပြည်သူကို အသိမပေးဘဲ လုပ်ချင်ရာလုပ်ခဲ့ပေမယ့် ဒီမိုကရေစီစနစ်မှာတော့ ရှေ့ဆက်လုပ်ရဲကြတော့မယ် မထင်ပါဘူး။
သတင်းသမားဆိုတာကလည်း ကောင်းတာကို ကောင်းတယ်လို့ပြောရမှာ သတင်းသမားတာဝန်ဖြစ်တယ်။ သူများတကာ ငြိုငြင်မှာစိုးလို့ မရေးရဲဘူးဆိုရင် ပြည်သူကို တာဝန်မကျေရာ ရောက်တယ်။ နာမည်မဖော်ပြလိုပေမယ့် ခရိုနီတချို့ မတရားသိမ်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးတယ်ဆိုတဲ့သတင်းတွေ ဖတ်ရတယ်၊ ထိုက်သင့်တဲ့လျော်ကြေးတွေ ပေးတယ်ဆိုတာ သိရတယ်။ ဒါက ကောင်းတဲ့လက္ခဏာပါပဲ။
မနေ့တနေ့ကမှ ပြီးသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်သွားတဲ့ ပညာဒါနကျောင်းများ (၂) နှစ်ပြည့်ဂီတပွဲတော်မှာ ခရိုနီတချို့ ပူးပေါင်းပါဝင်လာတာ တွေ့ရတယ်။ အဲဒီတော့ကာ တခါတုန်းက ဦးမြင့်ပြောဖူးတာလေး သတိရပါတယ်။ ခရိုနီတွေကို နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်လာအောင် စည်းရုံးရမယ် တဲ့။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်။
ဒါကို တချို့ဆောင်းပါးရှင်တွေက ခရိုနီများနဲ့ ကခုန်ခြင်း ဘာညာ လျှောက်ရေးနေသေးတယ်။ အဲလိုရေးတဲ့သူကိုယ်တိုင်ကကော ဒီမိုကရေစီအပြောင်းအလဲမှာ ဘယ်လောက်ပါဝင်နေပြီလဲ။ အပြုသဘောလား၊ အပျက်သဘောလား။ ဒါတွေက စဉ်းစားစရာတွေ အများကြီး ရှိလာတယ်။ ခရိုနီတွေရဲ့စိတ်ဓာတ် တစ်စုံတစ်ရာများပြောင်းလဲလာခဲ့ရင် ပြည်သူလူထုအတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွေမှာ တတပ်တအား ပါဝင်လာနိုင်ပါတယ်။
တော်လှန်ရေး တောက်လျှောက်လုပ်လာခဲ့တဲ့သူတွေကတော့ စည်းရုံးရမှာ သေမလောက် ကြောက်တတ်ကြပါတယ်။ တော်လှန်ရေးကာလမဟုတ်ဘဲ တည်ဆောက်ရေးကာလမှာ စည်းရုံးရေးနှင့် ဆက်ဆံရေးက အဓိကကျတယ်ဆိုတဲ့အချက်ကို ကိုယ့်ထက် အစစအရာရာသာတဲ့ လူကြီးလူတတ်တွေ ပိုသိပါတယ်။ ပြည်သူလူထုအတွက်ကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာရင်၊ များလာရင် မြန်မာလူမျိုးတွေဟာ ခွင့်လွှတ်တတ်၊ ကိုယ်ချင်းစာတတ်၊ သနားကြင်နာတတ်ကြပါတယ်။ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို သတ်ခဲ့တဲ့သူတွေကိုတောင် ခွင့်လွှတ်နိုင်ကြသေးတာ ခရိုနီတွေကို တတ်နိုင်သလောက် ဒီမိုကရေစီဘက်ပါအောင် အားလုံး ဝိုင်းတွန်းရမယ်။
စားဖို့ မစိုက်ကြပါနဲ့
တောင်သူလယ်သမားတွေဟာ မိမိတို့ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ ထွန်ယက်စိုက်ပျိုးလာတဲ့ လယ်ယာမြေတွေကို ပိုင်ဆိုင်ချင်တာက တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးပါ။ အလုပ်သမားတွေကလည်း သက်ဆိုင်ရာနေရာအလိုက် အလုပ်ချိန်၊ လုပ်ခလစာ၊ အချိန်ပိုကြေး၊ အပိုဆုကြေးနဲ့၊ လူမှုဖူလုံရေးခံစားခွင့်တွေကို လိုချင်ကြတာကလည်း အလုပ်သမားတွေရဲ့ အခွင့်အရေးပါပဲ။ ကျောင်းသားတွေကိုလည်းကြည့်လိုက်ရင် စနစ်ရဲ့သားကောင်တွေဖြစ်ခဲ့ကြတာ မရေမတွက်နိုင်တော့ပါဘူး။
အားလုံးဟာ ဒီကနေ့မှာ စည်းစည်းလုံးလုံးနဲ့ စနစ်အပြောင်းအလဲမှာ အတူတကွ တက်ညီလက်ညီ ပါဝင်ကြဖို့လိုတယ်။ စိုက်ပျိုးသူတွေပဲ ဖြစ်ရမယ်။ အနာဂတ်မျိုးဆက်သစ်တွေ စားသုံးဖို့ ကျွန်တော်တို့ ခင်ဗျားတို့ဟာ ထွန်ယက်ရမယ်၊ စိုက်ပျိုးရမယ်၊ ပျိုးကြဲသူ ကြဲ၊ လယ်ထွန်တဲ့သူက ထွန်၊ ထမင်းချိုင့်ပို့တဲ့သူက ပို့၊ ကောက်စိုက်တဲ့သူက စိုက်၊ ရိတ်တဲ့လူ ရိတ်၊ နောက်ဆုံး စပါးဖြစ်လာတဲ့အခါမှာ ဆန်ဖြစ်အောင် ဝိုင်းဝန်း အားထုတ်ကြရမယ်။ အဲလိုဆန်ဖြစ်လာတဲ့အခါမှာပဲ အဲဒီ့ဆန်ကို စိုက်ပျိုးသူက စားချင်မှ စားရလိမ့်မယ်။ ဒါပေမယ့် သေချာတာတခုကတော့ အနာဂတ်မျိုးဆက်သစ်တွေ စားကြရမှာပါ။
ဒီမိုကရေစီအုတ်မြစ်ခိုင်မာဖို့
နိဂုံးအနေနဲ့တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ကာလမှာ ကျွန်တော်တို့အားလုံး တက်ညီလက်ညီ လှော်ခတ်ကြမှ ရှေ့ကို မြန်မြန်ရောက်မယ်။ အရှေ့တောင်အာရှတင်မက အာရှမှာပါ ထိပ်ဆုံးရောက်ဖို့ ပြည်သူတွေအားလုံး ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ အဖွဲ့အစည်းစွဲတွေမထားဘဲ ဒီမိုကရေစီသဘောသဘာဝအရ တူတာတွေကိုစုလုပ်ကြပြီး မတူတာတွေကို ခွဲလုပ်ကြရပါမယ်။
ဒီကနေ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့မှာတောင် မတူတာတွေ အများကြီးရှိနေပါသေးတယ်။ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော်တို့တစ်တွေမှာလည်း မတူတာတွေ အများကြီးရှိမှာပါ။ ကလေးတွေကို စာသင်ပေးရမယ်။ လူကြီးတွေကို ဆေးကုရမယ်။ တနေရာရာမှာတော့ တူတာလေးတွေရှိမှာပါ။ လူငယ်ပရဟိတအဖွဲ့တွေ၊ လူငယ်ကွန်ယက်တွေများများရှိလာမှ ဒီမိုကရေစီအုတ်မြစ် ခိုင်မာလာမှာဖြစ်ကြောင်းတင်ပြရင်း ကျွန်တော့်ရဲ့ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။
လေးစားစွာဖြင့်
ထက်အောင်
(၃၀. ၁၂. ၂၀၁၂၊ ညနေ ၆း၁၅)
No comments:
Post a Comment