ညိုက ဘာကို ကြီးကြီးကျယ်ကျယ်မှန်းလို့လဲ ဟူသော တခါက သူ့အမေးကို မခင်အေးက ပညာလည်းရှိဖို့လိုမှာပေါ့ဟု မရေမရာ ဖြေဖူးသည်။ အုန်းသိန်း ပို၍ မကျေနပ်။
ပညာ ဟုတ်လား။ အဲဒီပညာတတ်ပြီးတော့ ဘာလုပ်မှာလဲ၊ ပိုက်ဆံကို အဲဒီပညာနဲ့ ရှာမှာပဲ မဟုတ်ဘူးလား … ပိုက်ဆံ ဥစ္စာရှိပြီးသားလူက ရေကြည်တွင်းပိုင်ပြီးသားပါ။ ပညာသင်တယ်ဆိုတာက ရေတွင်းကို အပင်ပန်းခံပြီး တူးနေရတဲ့လူတွေ။ ရေထွက် မထွက်တောင် မသေချာဘူး။
သူ နားလည်သလို စဉ်းစားမိသမျှ ပိုခေါင်းရှုပ်စရာဖြစ်လာသည်။
“တခုရှိတယ်ကွ မိန်းမဆိုတာ သူတို့စိတ်ချမ်းသာအောင် ပြောတတ် လုပ်တတ်တဲ့လူအပေါ်မှာ သာယာတတ်တယ် … မင်းက ညိုနဲ့ နီးနီးစပ်စပ်ရအောင် လိုက်ပေါင်းပေါ့ကွာ … သူ စိတ်ချမ်းသာမယ်ထင်တာတွေ များများလုပ်ပေး၊ ကြာတော့ သံယောဇဉ်ဖြစ်လာရော ငါပြောတာ မယုံရင်စမ်းကြည့်” ဟုတ်နိုင်သည်ဟု အုန်းသိန်း ထင်ပြန်သည်။ ပြောသူက မိန်းမနှစ်ယောက်ရပြီးသူ ဘာအလုပ်မှလဲ ဟုတ်တိပတ်တိမရှိဆိုတော့ ဒါ မှန်နိုင်တယ်ဟု အုန်းသိန်း ယူဆလိုက်သည်။ ဝင်ပူးကွာ ဘယ်သူ့မှ ဂရုစိုက်မနေနဲ့။ ကြိုက်မရှက် ငိုက်မရှက်ဘဲဟု ထပ်ဆင့်တွန်းအားပေးလိုက်၏။ အုန်းသိန်း ရွေ့သွားသည်။
xxxxx xxxxx xxxxx
ကားလမ်းပေါ်မှ ဆင်းလိုက်သည်နှင့် အုန်းသိန်း နင်းလာသောစက်ဘီးနှင့် ဘွားခနဲတွေ့ပြီး ညို ရင်ထိတ်သွားရသည်။ ဘယ်လဲဟု အပြုံးဖြင့်မေးသည်ကို ဘယ်လိုတုံ့ပြန်ရမှန်း ရုတ်တရက် စဉ်းစားရသည်မှာ ပင်ပန်းလှပါဘိ။ အုန်းသိန်းဟာ ဇွတ်သမား အတင်းရှောင်လိုက်ရင် ရှက်ရမ်းရမ်းမယ်ဟူသော မခင်အေးစကားကို လိုက်နာမိ၍ ဆွမ်းပို့မလို့လေ ဟု ပုံမှန်ပြောလိုက်ရသည်။
“ဘယ်ကျောင်းလဲ”
“တောရကျောင်း”
“ဟာ ... အတော်ပဲ ငါလည်း အဲဒီမရောက်တာကြာပြီ၊ ကျောင်းဝင်းထဲက စေတီလေးကို ဝင်ဖူးလိုက်ဦးမယ်”
မိုးကြိုးပစ်တောင် ခွာမည်မဟုတ်သည့် တောက်တဲ့ကပ်နေပြီဖြစ်၍ ညိုက အင်း ဟုသာ တုံ့ပြန်ရင်း ကိုယ့်စက်ဘီးကိုယ် ဟန်မပျက်နင်းလာသည်။ အုန်းသိန်းက ရင်ဘောင်တန်းနင်းလာရင်း ဧည့်သည်ကြီး ပြန်သွားပြီလားဟု ပြုံးစစမေး၏။ အင်း ... ဟုသာ မဖြေချင် ဖြေချင်ဖြေလိုက်ရသည်။ ကျောင်းထဲမှာ ပက်ပင်းတိုးရင်တော့ ဒုက္ခပဲဟု သူမ ပူပန်နေရင်း ငါ ... လူရှင်းမှထွက်လာတာ ဘယ်အချိန်ကတည်းက ချောင်းပြီးစောင့်နေပါလိမ့် ဟု အလိုမကျ ဖြစ်လာပြန်သည်။
ကျောင်းဝင်းထဲ စက်ဘီးဝင်လာကတည်းက ပျော်မြူးရသော ခံစားမှုမှာ ညို့မျက်နှာပေါ်မှ စိုးရွံ့ခြင်း အရိပ်အယောင်ကြောင့် ပူပန်မှုဖြင့် ဖေသောင်း ပြောင်းလဲခံစားလိုက်ရ၏။ ရလိုက်သည့်အခွင့်အရေးလေးတွင် မျက်ရိပ်ပြလိုက်သည့် ညို့အချက်ပေးမှုကြောင့် ဖေသောင်း ကိုယ်ရှိန်သတ်ကာ အသာပုနေရသည်။
မောင်အုန်းသိန်းဆိုတာ ဒီပုဂ္ဂိုလ်ပဲနေမယ်ဟု ချက်ချင်း ခန့်မှန်းမိသလို၊ နောက်ဆက်တွဲပြဿနာများကို ရှောင်ရမည့်အသိကြောင့် သူ့ဆန္ဒအားလုံးကို ချိုးနှိမ်ကာ တောရကျောင်း အစွန်အဖျားဘက် သွားရှောင်နေလိုက်ရသည်။
သည်တနေ့အတွက်သာ မျှော်လင့်ချက်ကင်းခြင်း မဟုတ်။ မနက်ဖြန်ပေါင်းများစွာအတွက်လည်း သူသည် ညို့မျက်လုံးလေးများအစား ရေကြည်မြောင်းကလေးကိုသာ အလွမ်းပြေကြည့်ရတော့မည်ဟု နားလည်လိုက်သည်။
xxxxx xxxxx xxxxx
‘ရောင်စုံ ကျောက်လုံးအရွယ်စုံနဲ့ ဒေါင်းငါးလေးတွေကူးနေတဲ့
ရေကြည်မြောင်းကလေးကို မျက်ဝန်းတစုံအနေနဲ့
သပိတ်လွယ်ကလေး တေးသံကို စကားသံအနေနဲ့
ရှဥ့်ညိုလေးရဲ့ အမြီးဖားဖားကို ဆံနွယ်ရှည်တွေအနေနဲ့ ပြောင်းလဲနှစ်သိမ့်ရတဲ့အခါ ...
ကံကြမ္မာ လက်ချောင်းက ပြောင်းပြုတ်လွှဲရာ
နွယ်ပင်ကလေးတွယ်ရာမမြဲ
နေရာလွဲသွားမှာ ... ရင်ပူတယ်'
ရက်အတန်ကြာ၌ ညို့ကိုယ်စား မခင်အေးက တောရကျောင်းသို့သွား၍ ညို မလာဝံ့ကြောင်း ... အုန်းသိန်းနှင့် ဖေသောင်း ဆုံမှာ စိုးရိမ်နေကြောင်း ပြောပြသည်။ ဖေသောင်းက ဒီရက်ပိုင်းတွင် သူရတို့လာမည်ဖြစ်၍ ဘူတာမှာချိန်းထားကြောင်း ဖေသောင်း မလာမဖြစ် လာရမည်။ ညို ထွက်မတွေ့ပါနှင့်ဟုမှာရင်း စာတပိုဒ်ရေးပေးလိုက်သည်ကို အိတ်ပိတ်၍ ယူလာခဲ့သည်။
မခင်အေးပြန်သွားမှ ညိုဖွင့်ဖတ်ရင်း မှန်ထဲတွင် သူမ မျက်ဝန်းကို ပြန်ကြည့်မိ၏။ သောကလက်ဖြင့် မွှေနှောက်ခံရ၍ ရေကြည်မြောင်းကလေး အနယ်ထကာ မကြည်လင်နိုင်ကြောင်း တွေ့ရသည်။
xxxxx xxxxx xxxxx
ဆာလောင်နေသော ကျားရှေ့ သမင်ဖြတ်လျှောက်၍တော့ အစာဖြစ်ရုံရှိမည်။ သမင်သွားလိုသောလမ်းမှ ကျားကို နေရာရွှေ့ရန် ညို ဆုံးဖြတ်လိုက်သည်။ ဘူတာရှိ လဘက်ရည်ဆိုင်တွင် တနေကုန် အချိန်ဖြုန်းနေသော အုန်းသိန်းအား ခေါ်ထုတ်ရန် ညို ထိုနေရာ လျှောက်သွားလိုက်၏။
“စက်ဘီးခဏလောက် အားရင် ငှားပါလား”
“ဟာ ရတာပေါ့ … ဘယ်သွားမလို့လဲ” ဟု ချက်ချင်းဖြေကာ အုန်းသိန်း ထရပ်၏။
ဈေးကြီးခဏဟု သူမ ပြန်ဖြေသည်နှင့် အိမ်ကစက်ဘီး ဘာဖြစ်လို့လဲဟုတောင် မမေး … စက်ဘီးသော့ဖွင့်ကာ လိုက်ပို့ပေးမှာပေါ့ဟု ပြော၍ ထိုင်ခိုင်းသည်။ ဒီလိုပဲဖြစ်ရမှာပေါ့၊ ဒီဘူတာမှာ ဒီအချိန် ရှင်ရှိနေလို့ မဖြစ်ဘူးဆိုတော့ ဒီနည်းပဲရှိတာပေါ့ဟု ညို စိတ်ထဲ ပြောနေမိ၏။
ဈေးကြီးဘက် သူမတို့စက်ဘီးရောက်လာချိန် ရထားဝင်လာသံကြား၍ ဖေသောင်းတို့အဖွဲ့ တွေ့ဆုံကြပြီဟုတွေးကာ အုန်းသိန်း၏ တောင်စင်ရေမရ စကားများကို သည်းခံနိုင်စွမ်းရှိလာရ၏။
“ဘယ်သူမဆို ... ပိုက်ဆံများများ လိုချင်ကြတာပဲ မဟုတ်လား”
ဘယ်နည်းနဲ့ရတာလဲ … ပိုက်ဆံရတိုင်း ကောင်းတာမဟုတ်ဘူးဟု ပြန်ပက်ချင်သော်လည်း ဟုတ်တာပေါ့ဟုသာ သူမ အလိုက်သင့် ဖြေလိုက်သည်။ အုန်းသိန်းကား ကျေနပ်လျက်။
“သိန်းနဲ့ သောင်းက ဘယ်ဟာပိုများလဲ”
“သိန်းက များတာပေါ့”
“အေး ... ဒါကြောင့်ပြောတာပေါ့၊ ဖေသောင်းနဲ့ အုန်းသိန်းဆိုတာ သိန်းက ပိုက်ဆံပိုများတာပေါ့”
စိတ်ညစ်ရသည့်အထဲ ရယ်ချင်စရာကောင်းသောစကားကြောင့် ညို ဖွင့်ရယ်လိုက်သည်။ အုန်းသိန်းကား မိန်းကလေးသဘောကျအောင် ပြောနိုင်ရမယ်ဟူသောအချက်နှင့် ဘောင်ဝင်ပြီဟု မှတ်ယူလျှက် ကျေနပ်မဆုံး။
“ဒါဆိုရင် ဆံပင်ညှပ်ဆိုင်က ကိုဘသန်းက အုန်းသိန်းထက် ချမ်းသာရမှာပေါ့”
“ဟာ … ကိုဘသန်းက ကလေးအဖေ၊ အုန်းသိန်းက လူပျိုလေ”
ညို ဘာပြောရမည်ကို မသိတော့။ သည်လိုလူစားက သည်လိုပြောတတ်သည်ကိုသိပါလျှက် ခေါ်ထုတ်လာမိသော သူမ အပြစ်နှင့် သူမပင်။ အုန်းသိန်းကား တဟဲဟဲ ရယ်မဆုံး။ ညိုကား ကိုဖေသောင်းရေ ... ညို့အဖြစ်ကို မြင်လှည့်ပါဦး၊ ရှင်ကတော့ လုပ်ချင်တာတွေ သည်းထိတ်ရင်ဖို လုပ်နေရလို့ ကျေနပ်နေမှာပေါ့ဟုသာ အော်ဟစ်ငိုလိုက်ချင်တော့သည်။
xxxxx xxxxx xxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment