ဒီဆောင်းပါးရေးဖို့ အတိတ်ကို စဉ်းစားနေချိန်ပြီးခဲ့တဲ့ တနင်္ဂနွေ (နိုဝင်ဘာ၂၅) မှာ မန္တလေးကနေ အိန္ဒိယနယ်စပ်အထိ တလှေထဲစီး တခရီးထဲအတူလာခဲ့တဲ့ ကိုဂြိုလ်တု (ကိုအောင်ကျော်ထူး) တယောက် အသဲအသန်ဖြစ်လို့ အိန္ဒိယနယ်စပ် မိုးရေးမြို့ကနေ ဗမာပြည်အပြန် ကလေးမြို့ဆေးရုံမှာ တိမ်းပါးသွားတဲ့သတင်းဆိုးကို ကြားလိုက်ရတယ်။ သူ့ကို မန္တလေး ချက်ချင်းခေါ်သွားဖို့ ခွင့်ပြုချက်မရသေးတာကို စောင့်ဆိုင်းနေတုန်း ကလေးဆေးရုံမှာသောင်တင်ပြီး မွေးဇာတိနဲ့ ထာဝရ နှုတ်ဆက်သွားရတာလို့လည်း သတင်းတွေထွက်လာတယ်။
ကိုဂြိုလ်တုဟာ လာခြင်းကောင်းပေမယ့် ပြန်ခြင်းမလှခဲ့သူလို့ ဆိုရမလားပဲ။ ဇာတိမြေကို သံယောဇင်ကြီးပြီး နယ်စပ်မှာပဲ ဆင်းဆင်းရဲရဲ ကုတ်ကပ်နေရင်း ကျောက်ကပ်ရောဂါ၊ အသဲရောဂါတွေရခဲ့တာ။ စနစ်တကျနဲ့ ဆေးဝါးလည်း မကုသနိုင်ခဲ့ဘူး။ ကျနော်တို့တတွေဟာ နယ်စပ်နဲ့မြို့ပေါ် ဆင်းရဲသားရပ်ကွက်တွေမှာ ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်သလိုနေ၊ ဖြစ်သလိုစားနဲ့ ဘဝမှာ ပေပေတေတေနဲ့ ပစ္စလက္ခနေခဲ့ကြသူတွေများတယ်။ ခန္ဓာကိုယ်မှာ မသိလိုက်မသိဖာသာ စွဲကပ်နေတဲ့ ဝေဒနာတွေကို ရောင့်ရဲသီးခံပြီး ရှိသမျှအင်အားလေးနဲ့ တွန်းလှန်ခဲတာ အရွယ်ကောင်းစဉ်က မသိသာပေမယ့် အသက် ၅၀ နားကပ်လာတာနဲ့ ခံနိုင်ရည်က မရှိတော့ဘူး။
“ခန္ဓာဝန်ရှင်သန်ရေး ... ဓာတုဆေးဝါးကျားကန်ရင်း .. .ရင်ထဲဝင်ရောက်ကူးဆက်တဲ့ ... ပြင်ပဇီဝပိုးမွှားကြောင့်…”ဆိုတဲ့ မကြာသေးခင်ကပဲ သွားလေသူ အဆိုတော် ခင်မောင်တိုးရဲ့ “ခန္ဓာဝန်” သီချင်းလေးလိုပေါ့၊ ဇီဝပိုးမွှားကြောင့် ခံစားရတဲ့ ကိုယ်တွင်းဝေဒနာရော၊ အသိတရားနဲ့ ခံစားမှုကြောင့် ဖြစ်ရတဲ့ရင်ထဲဝေဒနာရော ရှိသမျှခံနိုင်ရည်အားလေးနဲ့ တွန်းလှန်နေရတာပါ။ ကိုဂြိုလ်တုကတော့ သူချစ်တဲ့ ကဗျာတို၊ စာတိုလေးတွေနဲ့ ဝေဒနာတွေ ကြိတ်ကုစားရင်း ဇာတိမန္တလေးမရောက်ခင် လမ်းခုလတ်မှာ ကျဆုံးသွားရှာတယ်။
ကျနော်တို့ မန္တလေးက ကျောင်းသားလူငယ်တွေ တောခိုတော့ ဆရာဦးရွှေထူးနဲ့ ကိုဂြိုလ်တုက ဦးဆောင်ခေါ်ခဲ့တာပဲလေ။ ၁၉၈၈ အာဏာသိမ်းပြီးစ၊ နယ်ဒေသက သပိတ်ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေကို စစ်ထောက်လှမ်းရေးက၊ တိတ်တဆိတ်နဲ့တမျိုး၊ ပေါ်ပေါ်ထင်ထင်တမျိုး ဆွဲနေချိန်ပေါ့။ ကျောင်းသားလူငယ် တော်တော်များများက သူတို့ဖမ်းတာ မခံဘူး၊ ပြန်ချမယ်ဆိုတဲ့စိတ်နဲ့ အနုနည်းနဲ့မရလို့ လက်နက်ကိုင်နည်းနဲ့ ပြန်တွယ်မယ်ဆိုတဲ့ စိတ်တွေရှိနေတယ်။ အဲဒီတုန်းက လူငယ်တွေ တောမခိုရင် ခေတ်မမီသလိုပဲ။
ကိုယ့်ချစ်သူ ရည်းစားကတောင် တောခိုမှ၊ တော်လှန်ရေးလုပ်မှ အထင်ကြီးမြတ်နိုးတယ်လို့ ဆိုရမလောက်ဖြစ်နေတဲ့ အချိန်။ (ဦးနုနဲ့ ဝန်ကြီးသားသမီးတွေ၊ တက္ကသိုလ်ကျောင်းသား ပြည်ချစ်အဖွဲ့တွေ တောခိုတုန်းကလည်း အဲလိုပဲလို့ ကြားဖူးတယ်) ဆိုလိုတာက ပြည်သူတွေက အာဏာသိမ်းစစ်တပ်ကို သိပ်ကိုခါးသီးတယ်။ လက်နက်နဲ့ ဘိုကျတာကို ရွံတယ်။ တချို့မိဘတွေဆို ကိုယ့်သားသမီးတောခိုဖို့ ကိုယ်တိုင်စီစဉ်ပေးတဲ့အထိ တော်လှန်ရေးကို အားပေးတယ်။
သားအဖတွေ အတူတောခိုတာ၊ ညီအကိုတွေ အတူတောခိုတာ၊ မိသားစုလိုက် တောခိုတာတွေတောင်ရှိတယ်။ သေချာတာက ကြောက်လို့ပြေးတာ မဟုတ်ဘူး၊ ပြန်ချဖို့ထွက်တာ။ ကြောက်လို့ဆိုရင် ပြည်တွင်းထဲမှာပဲ လှည့်ပတ်ရှောင်နေလို့ရတယ်။ ရန်သူကိုချဖို့ဆို အဲဒီတုန်းက လူထုက သိတ်ညီညွတ်တာ။ သိပ်အားပေးတာ။
၈၈ စက်တင်ဘာနောက်ဆုံးပတ် ကျောက်မဲကနေ ကားတတန်၊ ခြေကျင်တလီနဲ့ မန္တလေးရောက်တော့ အပေါ်ယံကြည့်ရတာ ဘာရောဂါမှမတွေ့ရတဲ့ အတွင်းလူနာတယောက်လိုပဲ မန္တလေးဟာ ပုံမှန်စက်ဘီးတွေ၊ ဆိုင်ကယ်တွေ ဘတ်စ်ကားတွေနဲ့ ဈေးချို၊ တိုက်တန်း၊ တရုတ်တန်းကလည်းသွားလာသူ၊ ဈေးဝယ်သူတွေနဲ့ တွေ့နေရတယ်။ ဒါပေမယ့် လူတွေရဲ့မျက်နှာတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့။
သပိတ်ကာလတုန်းကလို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် ကြည်လင်နေတဲ့ပုံရိပ်တွေ မျက်နှာမှာမတွေ့ရဘူး။ ကြည့်ရတာ စက်ရုပ်တွေလိုပဲ။ ကာဖျူးအမိန့်ကလည်း ထုတ်ထားတုန်း။ မနက် ၆ နာရီကနေ ည ၁၀ နာရီအထိတော့ သွားလာနိုင်တယ်။ အရင်လို နေဝင်မီးငြိမ်း (မနက် ၆ နာရီ ည ၈ နာရီ) တော့ မဟုတ်ဘူး။
ကျနော် နန်းရှေ့က ဆရာထူးအိမ်မှာ တည်းတယ်။ ကိုကျော်ကြီး (ကျောက်မဲကျော်ကြီးနာမည်နဲ့ တနှစ်တခါပွင့်တဲ့ ပိတောက်လို အိန္ဒိယက တိုက်ပွဲဝင်သံချပ်တွေ စီစဉ်ထုတ်လုပ်နေသူ) နဲ့ ဆရာထူးနဲ့ အစောပိုင်းဆရာ့အိမ်မှာပဲ အိပ်ပေမယ့် နောက်ပိုင်း မိတ်ဆွေတယောက်စီစဉ်ပေးတဲ့ လက်ဖက်ပွဲရုံတခုမှာ ညအိပ်တယ်။ မန္တလေးမှာ တပတ်လောက် ဆရာထူးနဲ့အတူ ဟိုဟိုဒီဒီ ပြန့်ကြဲသွားတဲ့ သူ့တပည့်ကျောင်းသားတွေကို ပြန်ချိတ်ဆက်တယ်။ စက်တင်ဘာလကုန် ညနေလောက် ကျနော်တို့တည်းတဲ့နေရာကို အသက် ၃၀ ဝန်းကျင် အသားညိုညို၊ ခပ်ဝဝ၊ လည်ပင်းမှာ စတီးဆွဲကြိုးနဲ့ အဆောင်လိုလို၊ လက်ဖွဲ့လိုလိုတွဲပြီးဆွဲထားတဲ့ လူတယောက်ခရီး ဆောင်အိတ်တလုံးနဲ့ ရောက်လာတယ်။
ဆရာထူးက အဲဒီလူကို ကျနော်နဲ့ မိတ်ဆက်ပေးတယ်။ “သူ့နာမည်က ဂြိုလ်တု၊ ငါ့ရဲဘော်ပဲ၊ တချိန်က မန္တလေးတက္ကသိုလ်မှာ ဘော်လုံးကန်အလွန်ကောင်းပြီး နာမည်ကြီးတဲ့ ဂြိုလ်တုဆိုတဲ့ တက္ကသိုလ်လက်ရွေးစင် ဘော်လုံးသမားတယောက်ရှိတယ်။ အခုသူလည်း အဲဒီတုန်းက ဂြိုလ်တုလိုပဲ ကစားတဲ့ပုံစံတူလို့ ဒို့က ဂြိုလ်တုလို့ခေါ်တာ၊ နာမည်ရင်းက အောင်ကျော်ထူး” လို့ ဆရာက ရှင်းပြတယ်။ အဲဒီနေ့ညနေ ကျနော်တို့ မုံရွာကိုသွားဖို့အတူသွားမယ့်သူတွေနဲ့ အချိတ်အဆက်မမိတာနဲ့ မသွားဖြစ်ဘဲ နောက်တနေ့ညနေမှ ကျနော်၊ ကိုဂြိုလ်တုနဲ့ ဆရာထူး မုံရွာကိုသွားတယ်။
မုံရွာက တည်းအိမ်ကိုရောက်တော့ ညပိုင်း ခပ်ဝဝ လူ ၂ ယောက် ရောက်လာပြန်တယ်။ အသားခတ်လတ်လတ် ဝဝနဲ့ လူက ဒေါက်တာအောင်ကျော်ဦး တဲ့။ မြတ်ထက် ဆိုတဲ့ ကလောင်နာမည်ခံပြီး အိန္ဒိယကနေ သံချပ်တွေရေးနေသူပေါ့။ ကဗျာရေးလည်း သိပ်ကောင်းတယ်။ ကိုဂြိုလ်တုနဲ့သူက ညီအကိုအရင်းတွေ။ နောက်ထပ် ခပ်ဝဝ အသားညိုညို ဆံပင် ဖရိုဖရဲ၊ ကွမ်းတငုံငုံနဲ့သူက ဆရာထူးနဲ့ ခရီးစဉ်ကို တိုင်ပင်နေတယ်။
“ဆရာတို့က မော်တော်နဲ့ပဲ တမူးကို ရေလမ်းကြောင်းကသွားမယ်ဆိုရင် ကျနော်တို့က ဟုမ္မလင်းကပတ်ပြီး ကားလမ်းနဲ့ တက်မယ်၊ ဟိုမှာ ဆုံမယ်”
အဲဒီလူဟာ မန္တလေးက နာမည်ကျော်ပန်းချီဆရာ စစ်ငြိမ်းအေးဆိုတာ ကျနော် နောက်မှသိတယ်။ မုံရွာမှာ စက်လှေငှားတာနဲ့ ၂ ရက်လောက်ကြာသွားတယ်။ အောက်တိုဘာလဆန်းပါ။ ညပိုင်း ဘီဘီစီရေဒီယိုကနေ အိန္ဒိယနယ်စပ်ကို ခိုလှုံဝင်ရောက်လာတဲ့ မြန်မာကျောင်းသားတွေကို အိန္ဒိယလုံခြုံရေးရဲတပ်ဖွဲ့တွေက ဖမ်းဆီးပြီး တမူးဘက်ကိုပြန်ပို့တဲ့သတင်း မမျှော်လင့်ဘဲ ကြားလိုက်တယ်။ ကျနော်တို့တည်းခိုတဲ့ အိမ်ရှင်လူကြီးဆို တက်တခေါက်ခေါက်နဲ့။ “အိန္ဒိယက ဒီမိုကရေစီ နိုင်ငံဖြစ်ပြီး ... ဘာကြောင်တာလဲ ... ဘာကြောင့်လက်မခံတာလဲ၊ ကျောင်းသားတွေ ဒုက္ခပါပဲ” လို့ ညည်းနေတယ်။ ကျနော်တို့လည်း စိတ်မကောင်းဘူး။ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာလည်း မသိဘူး။ ကိုဂြိုလ်တုကတော့ “ငါတို့လမ်းကြောင်းနဲ့ မဆိုင်ပါဘူး၊ ဒို့က တနေရာသွားမှာ” လို့ ပြောတယ်။
ကျနော်တို့အဖွဲ့တွေက မန္တလေးက အိန္ဒိယဖွား ပုဂ္ဂိုလ်တယောက်ရဲ့အချိတ်အဆက်နဲ့ အာသံနယ်ကိုသွားဖို့ စီစဉ်ထားတာ ဖြစ်တယ်။ အာသံမှာ လက်နက်ကိုင်သင်တန်း တက်မယ်။ အဲဒီကတဆင့် ပြည်တွင်းပြန်ဝင်မယ်ဆိုတာလောက်ပဲ ကျနော် သိထားတယ်။ မုံရွာမှာ သိပ်ကြာကြာနေလို့ မကောင်းဘူး။ လူစိမ်းမှန်း သိသာတယ်။ မုံရွာသပိတ်ကအစောပိုင်းမှာ ညီညွတ်ပေမယ့် နောက်ပိုင်း တန်ပြန်သပိတ်ပေါ်ပြီး ကျောင်းသားအဖွဲ့စိတ်ဝမ်းကွဲ၊ သတ်ဖြတ်မှုအထိဖြစ်သွားလို့ မြို့လူထု စိတ်ပျက်သွားပုံကို အိမ်ရှင်က ရှင်းပြတယ်။
နောက်တရက် ညနေပိုင်း မုံရွာနယ်က ဦးဇင်းရဲ့မော်တော်ကို စင်းလုံးငှားပြီး ကျနော်တို့ စုစုပေါင်း (၁၀) ယောက်လောက် မုံရွာကနေ ချင်းတွင်းမြစ်အထက်ကို ဆန်တက်လာခဲ့တယ်။ မော်တော်ပိုင်ရှင်က ဘုန်းကြီးလူထွက်ပါ၊ ဦးဇင်းလို့ပဲ အများက နှုတ်ကျိုးနေကြတယ်။ မုံရွာကနေ ကားနဲ့ဆိုလည်း ကျနော်တို့အုပ်စုထဲက အများစုက ကျောင်းသားမှန်း သိပ်သိသာတော့ မသွားနိုင်ဘူး။
အဲဒီတုန်းက ကျောင်းသားပုံစံ ငယ်ငယ်ရွယ်ရွယ်နုနုဆိုရင် လုံခြုံရေးက ကျောင်းသားလားလို့ အရင်မေးတာ။ ကားဂိတ်တိုင်း၊ စစ်ဆေးရေးဂိတ်တိုင်း ကျောင်းသားပါလားဆိုတာ အရင်စစ်ဆေးမေးမြန်းတယ်။ ကျောင်းသားပါရင် ကားသမားပါ မချောင်ဘူး။ ဒါကြောင့် အဲဒီကာလစစ်ဆေးရင် ဘယ်သူမှကျောင်းသားလို့ မပြောရဲဘူး။ တောမခိုရဘဲ အိမ်ပြန်ပို့ခံရမှာ ကြောက်လို့။
ကျနော်တို့အဖွဲ့မှာ ကျောင်းသားက စုံတယ်။ မန်းတက္ကသိုလ်၊ သွားဘက်ဆိုင်ရာတက္ကသိုလ်။ မန်းဆေးတက္ကသိုလ်၊ ရန်ကုန် စက်မှုတက္ကသိုလ်က လူငယ်တွေ။ ဘယ်မော်တော်မှ ငှားလို့မရဘူး။ ကံကောင်းလို့ ဦးဇင်းက စာနာကူညီလိုစိတ်ရှိပြီး ငှားပေးတာ။ သူ့မှာလည်း အန္တရာယ်လေ၊ စိုးရိမ်တကြီးနဲ့ လိုက်ပို့ရှာတယ်။
ကျနော်တို့အဖွဲ့ ဒီခရီးမှာ ပထမဆုံးအကြိမ် ချင်းတွင်းမြစ်ကို မော်တော်နဲ့ဆန်တက်ကြတာ ဖြစ်တယ်။ အတွေ့အကြုံမရှိဘူး။ တမူးဘက် မကြာခဏသွားလေ့ရှိတဲ့ ‘ကိုဂျူး’ လို့ခေါ်တဲ့ ကိုဂြိုလ်တုရဲ့မိတ်ဆွေကဦးဆောင်ပြီး လိုက်ပို့တာ။ ကိုဂျူး က ဘဝစုံတယ်။ အတွေ့အကြုံများတယ်။ လမ်းခရီးတလျှောက် ဘယ်ရွာမှာ ရဲကင်းရှိတယ်။ ဘယ်နေရာမှာ စစ်တပ်ရှိတယ်ဆိုတာကို မှတ်သားထားတဲ့ ခရီးစဉ်တလျှောက် မြေပုံကို သူ့အကူအညီနဲ့ ဆွဲထားတယ်။
ရဲကင်းရှိတဲ့ရွာဆိုရင် ရွာမရောက်ခင် မော်တော်ကို ကမ်းကပ်၊ ကျောင်းသားရုပ်၊ ငယ်ရုပ်ပေါက်သူတွေ ၄-၅ ယောက်က ရွာကိုကွင်းပြီး တောလမ်းကနေလျောက်၊ ရွာအကျော်မြစ်ကမ်းတနေရာကနေ မော်တော်ကို ပြန်ကြိုစောင့်။ အဲလို ထော့နင်းထော့နင်းနဲ့ ခရီးဆက်ရတာ။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ရတာ ရှုခင်းကလည်း သိပ်သာယာတယ်။ ရေကလည်း ကြည်လင်နေတယ်။ (တလောက ချင်းတွင်းမြစ်ရေနောက်ကျိပြီး တဖြည်းဖြည်းကောလာတဲ့သတင်း ကြားရတယ်) ကျနော်တို့ဟာ ကုန်သည်တွေနဲ့လည်းမတူ အကဲခတ်ကြည့်တာနဲ့ ကျောင်းသားမှန်း သိသာတယ်။ သေသေချာချာ မှတ်မိနေတာတခုက ‘မင်းကင်း’ ရွာရောက်တုန်းက အဖြစ်ပါ။ ‘မင်းကင်း’ မှာ ရဲကင်းရှိတယ်။
စစ်တပ်လုံခြုံရေးလည်း ရှိတယ်။ မင်းကင်း မရောက်မီကတည်းက ကိုယ့်ဆီက ဖြူဖြူနုနု ... တက္ကသိုလ်ကျောင်းသားတွေ (၂ ယောက်က မန္တလေးဆေးတက္ကသိုလ်က နီသောတရုတ်) မို့ ကုန်းပေါ်တက် ရွာကိုကွင်းရှောင်ပြီး ဟိုး ... အရှေ့ကြိုတင် သွားနှင့်ပြီ။ မော်တော်ပေါ်မှာ ဆရာထူး၊ ကိုဂြိုလ်တု၊ ကိုဂျူး၊ ဦးဇင်းနဲ့ မန္တလေးက ကျနော်တို့ကျောင်းသားလူငယ် ၅ ယောက်လောက်ပါတယ်။ တမူးဘက် ကုန်ကူးမလို့ဆိုပြီး စည်းဝါးကိုက်ထားတယ်။
ကိုဂျူးကပြောလို့ တမူးက နာမည်ကြီးပွဲရုံနဲ့ ပွဲစားနာမည်တွေ အလွတ်ကျက်ထားတယ်။ ဆရာထူးနဲ့ ကိုဂြိုလ်တု၊ ကိုဂျူးက မော်တော်ဝမ်းထဲက ဝါးချွန်တချို့နဲ့ ဓားရှည်တချောင်းကို မော်တော်ပေါ်က လွယ်ကူလက်လှမ်းမှီတဲ့နေရာတွေမှာ ဝှက်ထားလိုက်တယ်။ ပြီးတော့ သူတို့ ၃ ယောက် ရဲဆေးတင် တခွက်တဖလားချနေတာ တွေ့ရတယ်။
ဦးဇင်းကတော့ ကုန်းပေါ်က ရဲစခန်းဆီတက်သွားပြီး စာရွက်စာတမ်းတွေ သွားပြနေတယ်။
ကျနော်တို့ကိုတော့ စကားမမှားဖို့၊ မျက်နှာမပျက်ဖို့မှာထားတော့ ကိုယ့်အစုလေးနဲ့ကိုယ် တိုးတိုးကြိတ်ကြိတ် စကားပြောနေကြတယ်။
မကြာခင် ဦးဇင်းနဲ့ ရဲတပ်ကြပ်ကြီးတယောက်၊ ရဲ ၂ ယောက် မော်တော်ပေါ်တက်လာတယ်။ ကျနော်တို့ကို ဘယ်ကလဲ၊ ဘာအလုပ်လုပ်လဲ၊ ကျောင်းသားလား ... ဘာညာ မေးခွန်းတွေ မေးတယ်။
ပစ္စည်းတွေ စစ်တယ်။ အဝတ်အစားအိပ်တွေကအစ အသေးစိတ်ရှာတယ်။ ဖြစ်ချင်တော့ ... ကျနော်တို့ထဲက မန်းတက္ကသိုလ်က ‘တောက်ထိန်’ ဂျင်းဂျပ်ကက်အိပ်ထဲကနေ ကျောင်းလခပြေစာ စာရွက်အပိုင်းအဟောင်းလေး တွေ့သွားတယ်။ မန္တလေးတက္ကသိုလ်ဆိုတဲ့ စာလေးကပါတာကိုး။ ရဲတပ်ကြပ်ကြီးက မျက်နှာပျက်သွားတယ်။ ကုန်းပေါ်ပြန်တက်ပြီး တယ်လီဖုန်းသွားဆက်ဟန်တူတယ်။ ကျနော်တို့လည်း စိတ်တွေလှုပ်ရှားနေတယ်။ ဆရာထူးနဲ့ ကိုဂြိုလ်တုကတော့ ပုံမှန်တည် တည်ကြည်ကြည်ပဲ။ ဦးဇင်းလည်း နည်းနည်း ကွိုင်နေတယ်။ သိပ်မကြာခင် ရဲကြပ်ကြီး ဆင်းလာတယ်။
“ခင်ဗျားတို့ ကျနော်တို့ကို ကူညီပါ၊ အမှန်အတိုင်းပြောပါ၊ ကျနော်တို့က သတင်းရထားတယ်၊ ကျောင်းသားတွေ တက်လာမယ်ဆိုတာ သိထားတယ်” လို့ တန်းပြောတယ်။ ပြီးတော့ တောက်ထိန်ကို မိဘတွေ နာမည်၊ လိပ်စာမေးတယ်။ မှတ်ပုံတင်ပြရတယ်။ တောက်ထိန်အဖေကလည်း တပ်မတော်က ပင်စင်စားတပ်ကြပ်ကြီးပဲ။ ရဲကြပ်ကြီးက စိတ်သဘော ကောင်းပုံရတယ်။ ကျနော်တို့လည်း တာဝန်အရ လုပ်ရတာပါလို့ပြောပြီး “ခင်ဗျားတို့သွားနိုင်ပါတယ်၊ ကျနော် စာတစောင် တမူးရဲဌာနကို ရေးပေးမယ်၊ ဟိုရောက်ရင် ခင်ဗျားက အဲဒီစာသွားပေးလိုက်ပါ” လို့ပြောပြီး စာတစောင်ရေးပေးတယ်။ စာထဲမှာ ယခုစာယူလာသူကို စစ်ဆေးမေးမြန်းပြီး လိုအပ်သလို ဆောင်ရွက်ပေးဖို့ဆိုပြီး ရေးထားပါတယ်။
ကျနော်တို့ မင်းကင်းစခန်းကနေ ထွက်လာတော့ ညနေစောင်းနေပြီ။ အတန်ကြာသွားမိတော့ ရွာနဲ့ဝေးဝေး မြစ်ကမ်းခြေမှာ ခြေလျှင်သမား မောင်ကျောင်းသားတွေနဲ့ ဆုံတယ်။ မိုးအရမ်းချုပ်လို့ ဆက်မသွားဘဲ မြစ်ကမ်းနားသောင်ပြင်မှာပဲ ညအိပ်ဖို့ ပြင်ကြတယ်။ ညနေဆည်းဆာမှာ မြစ်တဘက်ကမ်းက တောအုပ်ကြီးဟာ စိမ်းညို့နေတာပဲ။ ချေတောက်သံ တချက်တချက် ကြားရတယ်။ တခါမှ အဲလိုအသံမကြားဖူးတော့ ရုတ်တရက်ဆို ထိတ်လန့်စရာကြီး။ တောကလည်း သိပ်ထူတယ်။ မြစ်ကမ်းစပ်မှာ သစ်ကိုင်းခြောက်တွေ စုပုံမီးလှုံကြတယ်။
ဖယောင်းတိုင်မီးလေးတွေနဲ့ ကမ်းစပ်က ငါးသေးသေးလေးတွေ ဖမ်းမရမှန်းသိသိနဲ့ လိုက်ဖမ်းနေရတဲ့ အဲဒီခဏတာလေးရဲ့ အရသာကို ခုထိမမေ့ဘူး။ စောစောကကြုံခဲ့ရတဲ့ ပူပန်မှုတွေ၊ ထိတ်လန့်စိုးရိမ်စရာတွေ ချက်ချင်းမေ့သွားတယ်။ သိပ်လွတ်လပ်တယ်။ ငြိမ်းချမ်းတယ်။
မီးပုံက နွေးနေပေမယ့် သောင်ပြင်မှာတိုက်နေတဲ့လေက အေးစိမ့်စိမ့်ဆိုတော့ နောက်ကျောတွေ အေးနေတယ်။ သဲသောင်ပြင်ကို လက်နဲ့ယက်ပြီး တူးလိုက်ရင် အထဲကသဲတွေက နွေးနေတယ်။ စောင်မရှိပေမယ့် သဲလေးတွေယက်၊ ကျင်းတိမ်တိမ်လေးမှာလျောင်းရင်း အပေါ်ကသဲတွေကိုပြန်ဖုံးပြီး သဲစောင်လွှမ်းအိပ်ရတဲ့အရသာ ခုနေခါတောင် ပြန်တမ်းတမိသေးတယ်။ သောင်ပြင်မှာ ပက်လက်အိပ်ရင်း မဲမှောင်နေတဲ့ကောင်းကင်ပေါ်က ကြယ်တွေက တောက်ပနေတာပဲ။ မှောင်လွန်းလို့ ထင်တယ်၊ မှိတ်တုတ်လင်းတုတ် ကြယ်တွေကြားမှာ ရွေ့လျှားနေတဲ့ဂြိုလ်တုတွေကို လှမ်းမြင်နေရတယ်။
ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်ထဲက သင်္ဘောပျက်ပြီး လူသူမရှိတဲ့ကျွန်းပေါ် သောင်တင်နေတဲ့ ကိုနန္ဒာ ညကောင်းကင်က ဂြိုလ်တုတွေကိုကြည့်ပြီး အတွေးပွားတာတွေ သွားသတိရတယ်။ ပြီးတော့ စင်္ကြာဝဠာနဲ့ အမှုံတစက်လို လူသား၊ အကြောင်းအကျိုးနဲ့ ရုပ်နာမ်ဖြစ်တည်မှု၊ ကွယ်ပျောက်မှု၊ ကြွင်းကျန်မှုတွေနဲ့ ဗုဒ္ဓ၊ တော်စတွိုင်း၊ ရှိုပင်ဟွာ၊ ကာလ်မတ်တို့ရဲ့ လောကအမြင်နဲ့ သမလွန်သဘောတရားတွေကို တို့ထိရေးသွားတာကို ခပ်ရေးရေး မှတ်မိနေတယ်။
ကျနော်တို့ဟာ ဟိုတုန်းလူတွေလောက် စာမဖတ်နိုင်၊ မတွေးတောနိုင်၊ ညံ့ဖျင်းသွားပုံတွေကို တွေးမိပြီး စနစ်ဆိုးကြီးရဲ့ ဆုတ်ကပ်ထဲလူဖြစ်ရတဲ့ဘဝ၊ ကမ္ဘာမြေကြီးတခုထဲမှာ လူသားဖြစ်ရတာချင်းအတူတူ ကျနော်တို့နိုင်ငံသားတွေက အခုအချိန်ထိ သမိုင်းဦးကျေးကျွန်ခေတ်၊ ပဒေသရာဇ်ခေတ်ဆိုးကြီးထဲမှာ နောက်ကျန်ရစ်နေတာကို မကျေမနပ်ဖြစ်နေတော့တယ်။ အော် ... ရှေ့က ဆရာကြီးတွေရဲ့ စာကောင်းပေကောင်းလေး နည်းနည်းပါးပါး လက်လှမ်းမီလိုက်တာပဲ ကံကောင်းရဲ့လို့ ရသေ့စိတ်ဖြေလိုက်ရတယ်။
မနက်အစောကြီး မိုးမသောက်ခင် ခရီးဆက်ကြတယ်။ ချင်းတွင်းမြစ်ကျဉ်းတခု (နေရာမမှတ်မိ) တောင်နှစ်လုံးကြားကနေ မြစ်က စီးနေတာ၊ တောင်အစွန်း ၂ ခုက နီးနီးကပ်ကပ်၊ သိပ်လှတယ်။ အခုထိ အဲဒီရှုခင်းလေး မှတ်မိနေတယ်။ တချို့နေရာ တွေတော့ ကျောက်ဆောင်တွေထူထပ်ပြီး ရေစီးသန်တယ်။ ကျနော်တို့တတွေဆင်းပြီး မော်တော်ကို ကြိုးနဲ့ဆွဲရတယ်။ ကုန်တင်စက်လှေတွေ မကြာခဏမှောက်တယ်လို့ ဆိုတယ်။ နောက်ဆုံး ချင်းတွင်းမြစ်ကနေ တောင်ဘက်အထက်ကို ခွဲထွက်သွားတဲ့ ယုချောင်းအတိုင်း ဆန်တက်ပြီး တမူးနယ်ထဲ ရောက်လာတယ်။
အင်ကြင်းတောကြီးတွေဖြတ်ပြီး ၂ မိုင်ကျော် ၃ မိုင်နီးပါး လမ်းလျှောက်လာလိုက်တာ နောက်ဆုံး တမူးကို ရောက်လာတယ်။ ရယ်ရတယ်။ မြို့ထဲမဝင်ခင် တယောက်နဲ့တယောက် ခပ်ခွာခွာလျှောက်ကျဖို့၊ တန်းစီမလျှောက်ဖို့ ကြိုတင်သတိပေးထားပေမယ့် နားရမယ့်အိမ်ကို လမ်းကျဉ်းတိုတိုလေးမှာ ဟိုကွေ့ဒီကွေ့ လျှောက်ရတော့ တယောက်နဲ့တယောက် မျက်ခြေပြတ်မှာကြောက်ပြီး သွားလိုက်တာ မြို့ထဲကို ကျောပိုးအိတ်ကိုယ်စီနဲ့ တန်းစီပြီးဝင်လာတဲ့ စစ်ကြောင်းတကြောင်းလိုပဲ။
လူစိမ်းတွေဝင်လာတာ သိပ်သိသာတယ်။ ရပ်ကွက်ထဲက အကဲခတ်တဲ့မျက်လုံးတွေနဲ့ ဝိုင်းကြည့်နေကြတယ်။ ကျနော်တို့အားလုံး စိုးရိမ်စိတ်တွေရှိနေကြတယ်။ ဟိုဘက်ကမ်းကို မြန်မြန်ရောက်ချင်နေတယ်။ ဂျူးရဲ့အသိအိမ်မှာ ခဏနားပြီး ကမန်းကတန်း ထမင်းချက်စားတယ်။ မိုးရေးမြို့ (အိန္ဒိယဘက်) ကိုသွားဖို့ ကုန်သည်လို အယောင်ဆောင်ရမယ်ဆိုပြီး တမူးက လက်နှိပ်ဓာတ်မီးတွေ အတွဲလိုက် စုပြုံဝယ်တယ်။ ဟိုဘက်ကမ်း သွားရောင်းမလို့ပေါ့လေ။ အကြံက အဲလို။ အမှန်က အဲဒီ ဓာတ်မီးတွေဟာ အိန္ဒိယလုပ်တွေ၊ မိုးရေးကနေ တမူးကိုဝင်လာတာ ဖြစ်တယ်။ ကျနော်တို့က ခပ်တည်တည်နဲ့ လက်နှိပ်ဓာတ်မီးခွံတွေ ကိုယ်စီအတွဲလိုက်ကိုင်ပြီး တဖက်ကမ်းကို ဓာတ်မီးရောင်းဖို့ ကြံနေတာ။ တော်သေးတာပေါ့၊ စပ်စပ်စုစု လူတွေနဲ့ မတိုးတာ။ တောက်ထိန်ကိုတော့ တမူးမှာပဲ ချန်ထားလိုက်ရတယ်။ စက်လှေပိုင်ရှင်ဦးဇင်းကို တမူးရဲစခန်းက ပြန်စာတပါတည်းယူလာခဲ့ဖို့ ‘မင်းကင်း’ ရဲက မှာထားလို့ ဖြစ်တယ်။ ဦးဇင်း လုံခြုံရေးကိုငဲ့ပြီး တောက်ထိန်နေခဲ့ရတယ်။ နယ်ခြားချောင်းကို လှေနဲ့ဖြတ်ရတာ သတိရတယ်။
တဖက်ကမ်းရောက်ပြီး နယ်စပ်က သံဆူးကြိုးတွေဖျက်ထားတဲ့ ဝင်ပေါက်ကနေ ဝင်လိုက်တာနဲ့ သေနတ်ကိုင်ထားတဲ့ ကာကီရောင်ယူနီဖောင်းနဲ့ ထောင်ထောင်မောင်းမောင်း အိန္ဒိယလုံခြုံရေးရဲကြီးက ကျနော်တို့တတွေကို ပြုံးပြုံးကြီးကြည့်ပြီး
“ဘရမား . ..စတူးဒင့် ... ဘရမား စတူးဒင့် ... ဝဲလ်ကမ်း ဝဲလ်ကမ်း ...”
(ဗမာကျောင်းသားတွေလား ကြိုဆိုပါတယ်) ဆိုပြီးပြောတော့ ကျနော်တို့မှာအံ့သြပြီး ဝမ်းသာလိုက်ရတာ။ သိပ်ပျော်သွားပြီး သေဘေးက လွတ်လာသလိုချည်း ခံစားလိုက်ရတယ်။ အမှန်တော့ ကျနော်တို့မရောက်လာခင် ၂ ရက်လောက်မှာပဲ (အောက်တိုဘာ ၁၁ ရက် ၁၉၈၈ ထင်တယ်) အိန္ဒိယဝန်ကြီးချုပ် ရာဂျစ်ဂန္ဓီက မြန်မာနိုင်ငံသားဒုက္ခသည်တွေကို အိန္ဒိယ အစိုးရက ခိုလှုံခွင့်ပေးမှာဖြစ်တယ်လို့ တရားဝင်ကြေငြာလိုက်လို့ ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ရောက်မယ်ဆိုတာကို ကျနော်တို့ထက်အရင် ကားလမ်းကနေကြိုတင်သွားနှင့်တဲ့ ကိုကျော်ကြီး (ကျောက်မဲကျော်ကြီး)နဲ့ ကိုဘရမ် (ကိုသိန်းဌေး၊ ယခု အမေရိကား) တို့က မိုးရေးဒေသခံအဖွဲ့တွေကို အသိပေးထားပြီး၊ နယ်ခြားစောင့်တွေကိုပါ လှုံ့ဆော်ထားလို့ ဖြစ်ပါတယ်။ ကျနော်တို့တတွေရဲ့ အိန္ဒိယအလာခရီးက လှပခဲ့ပါတယ်။ မြန်မာပြည်ဘွား မိုးရေးနယ်ခံ အိန္ဒိယနိုင်ငံသားတွေက နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။
အခုအချိန်မှာတော့ တလှေထဲစီး တခရီးထဲလာခဲ့သူတွေ ၁၀ ယောက်ထဲက တယောက်မှ အိန္ဒိယမှမရှိတော့ဘူး။ တယောက်က ကနေဒါမှာ၊ တယောက်က သြစတေးလျှားမှာ၊ ကျနော်က နော်ဝေးမှာ အဲ ကိုဂြိုလ်တုတယောက်ထဲ အိန္ဒိယမှာကျန်ခဲ့တာ ကျန်လူတွေတော့ ဟိုး အစောပိုင်းကတည်းက ဗမာပြည်ထဲပြန်ဝင်သွားခဲ့တာ။ အခုတော့ ကိုဂြိုလ်တုကြီးလည်း မရှိတော့ဘူး။ သူမသေခင် ပြောသွားတာလေး မှတ်မိသေးတယ်။ (သူက ကျနော့်နာမည် ကိုညိုကို ... အင်္ဂလိပ်လို Brown လိုပဲ ခေါ်နေကျ) “ဘရောင်းရေ ... ကိုယ်ကတော့ တတိယနိုင်ငံတွေ၊ ဘာတွေတော့ မသွားချင်တော့ဘူး၊ သေမယ့်သေ ကိုယ့်နိုင်ငံပဲပြန်ပြီးသေမယ်” လို့ ပြောခဲ့တာ။ အခုတော့ သူ့ဆန္ဒလေးပြည့်သွားတယ်လို့ပဲ ပြောရမလားပဲ။ ကလေးမြို့က ၈၈ ကျောင်းသားတွေနဲ့ ချင်းတွင်း လူငယ်ကွန်ယက်အဖွဲ့တွေရဲ့ကျေးဇူးကြောင့် သူ့အသုဘ (ကလေးမြို့မှာ) လှလှပပ ဖြစ်သွားတယ်လို့ ပြောရမယ်။
သူ့ရဲ့ရုပ်အခေါင်းကို ခွပ်ဒေါင်းအလံလေး လွှမ်းပေးထားတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်ခ်မှာတွေ့လိုက်ရလို့ သွားလေသူအတွက် စိတ်ဖြေနိုင်ခဲ့တယ်။ သူ ယုံကြည်တာလုပ်ခဲ့လို့ သူ့ဘဝနောက်ဆုံးအချိန်မှာ ဒေါင်းအလံလေး အလွှမ်းခံရတာ၊ သူ့အတွက် ကျေနပ်သွားတယ်။ ဂုဏ်ယူလိုက်တယ်။
သူ့လိုမျိုး ဒေါင်းအလံမလွှမ်းနိုင်ဘဲ ကျဆုံးသွားသူတွေ နည်းမှမနည်းပဲကိုး။
ကိုညို
ဒီဇင်ဘာ ၃၊ ၂၀၁၂
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment