ဖေသောင်း ပြုစုထားသော လက်ကမ်းစာစောင်ကို သူရနှင့် ထွန်းသက်တို့ အားရနေကြသည်ကိုကြည့်ရင်း ဖေသောင်း အားတက်လာသည်။ ဒို့ဥစ္စာတွေ ဒီထက်ပိုထိရောက်ဖို့ လိုတယ်ကွ … ခေါက်ချိုးလေးမျက်နှာလုပ်ရင် ကောင်းမလား စသည်ဖြင့် သူတို့အားတက်သရောတိုင်ပင်ပြီး ကုက္ကိုပင်ခြေရင်းမှာပင် အချိန်ကုန်မှန်းမသိ။ ညနေ ရထားလာသံကြားမှ ကမန်းကတန်း လက်မှတ်ဝယ်ပြီး သူရတို့ပြန်သွားကြသည်။ ဖေသောင်းရွှင်လန်းစွာ ပြန်ခဲ့ပြီး လမ်းရောက်မှ ညို့ကို သတိရသည်။
xxxxx xxxxx xxxxx
‘ဖြစ်စဉ်ဆိုးရှည်ကြောသမျှ
အချစ်ပင်ပျိုး ရေမျောရတော့မယ်’
ထိုသို့ သူ့စိတ်ထဲ ရေရွတ်ဆိုနေမိပြီးမှ အချစ်ဆိုသော စကားလုံးမသင့်လျှော်ဟု မိမိဘာသာ ဝေဖန်ကာ ဆက်ကာ မတွေးဝံ့တော့ချေ။ မခင်အေးရောက်လာပြီး ဖေသောင်းတို့ အဆင်ပြေ မပြေမေးခဲ့သဖြင့် အားတက်သရော ဖေသောင်း စာမြုံ့ပြန်သမျှ မခင်အေး မအီမလည် နားထောင်နေ၏။
“ဘာဖြစ်နေတာလဲ တို့အလုပ်တွေ အားရစရာကောင်းတာ ဝမ်းမသာဖူးလား ... အားပေးနေတယ်လဲဆိုသေးတယ်”
ဖေသောင်း၏ အားမလိုအားမရ အမေးကို မခင်အေးက …
“ဒါကတော့ ကောင်းပါတယ်၊ ညို့ကိုရော ကျေးဇူးမတင်ဘူးလားဟုသာ ပြန်မေး၏။ ဟာ … ဘယ်လိုမေးလိုက်တာလဲ သိပ်ကျေးဇူးတင်တာပေါ့ဟု ဖြေသော်လည်း မခင်အေး ဘဝင်မကျ။
ကျေးဇူးတင်တယ်ဆိုတာတော့ ကောင်းပါတယ်။ ညို့အတွက် ထိခိုက်စေတာတော့ မစိုးရိမ်ဘူးလား ဟု မေးပြန်၏။ ဘာဖြစ်လို့လဲဟု သူပြန်မေးမှ ညိုသည် အုန်းသိန်းကို ကြည်သွားပြီဟု အရပ်ထဲက လျှောက်ပြောနေကြောင်း မခင်အေး အမျက်ထွက်သောမျက်နှာဖြင့် သတင်းပေး၏။ ဖေသောင်း ဆတ်ခနဲတွန့်ကာ ဘယ်လိုဗျ ဟု ဘုဆတ်ဆတ်ပြန်မေး၏။
“ညို အိမ်မှာလည်း အဆူခံရတယ်” ဟုသာ မခင်အေး ဆက်ပြောသည်။
အကောင်းအတွက်တွဲလျှက် လက်ခံလိုက်ရသော အဆိုးအပေါ် ဖေသောင်း တုန်လှုပ်သွား၏။
“အုန်းသိန်းက လိုရာဆွဲတွေးပြီး ပါးစပ်သရမ်းတာပဲဆိုတာ ကျမတို့ ယုံတယ်။ ဒါပေမယ့် ညို့ရဲ့ဖြေရှင်းပုံကို ဘဝင်မကျဘူး” ဟူသော မခင်အေးစကားကို သူ ဆိတ်ဆိတ်နေ၍ သဘောတူလိုက်ရသည်။
“မခင်အေး ဘာပြောချင်သလဲ”
“ရှင် ပြောသင့်ပါတယ်”
သူ သက်ပြင်းသာ ခိုးချလိုက်ရသည်။
“တခုတော့ အလေးအနက် စဉ်းစားတာပေါ့၊ ရှင်ဟာ တောသား အယောင်ဆောင်ထားတဲ့ နောက်ကြောင်းတခုကို ဖုံးကွယ်ထားသူဆိုတာ အုန်းသိန်း အသေအချာ သိနေတယ်။ ဗူးစင်အောက်က ရှင့်စကားတွေကို သူ မှတ်မိခဲ့တယ်ဆိုတာ မမေ့ပါနဲ့” ဟု တိုက်တွန်း၏။
“အုန်းသိန်း ပါးစပ်ကို ကျနော်လက်သီးနဲ့ ပိတ်ဆို့ပစ်လိုက်မယ်ဆိုရင် ... ...”
“သူ့အဖေက ရှင့်ဂုတ်ကိုဆွဲပြီး လက်ထိပ်ခပ်ခိုင်းလိုက်မယ် ပြီးတော့ ...”
“ဟုတ်ပါတယ် … ကျနော့်ဆန္ဒတွေကို မျိုသိပ်ရပေါင်း များနေပါပြီ”
ကျောင်းဝင်းအတွင်း တိရိစ္ဆာန်ကလေးများ တိုးသံ ချိုးချိုးချွမ်ချွမ်မြည်နေသည်ကိုသာ နှစ်ယောက်သား နားထောင်နေကြသည်။
“ညိုက စာလေးဘာလေး မရေးလိုက်ဘူးလား” ဟု မေး၏။
“ညိုက တတ်နိုင်ရင် သူ့အခက်အခဲကိုတောင် ရှင့်ကို သိစေချင်တာ မဟုတ်ဘူး၊ ကျမက မနေသာတော့လို့သာ လာအသိပေးရတယ်၊ ရှင့်တို့လူတွေတွေ့လိုက်ရပြီး အနှောင့်အယှက်မရှိ အဆင်ပြေခဲ့တယ်ဆိုတာကို ညို ကျေနပ်မှာတော့ သေချာပါတယ်”
သူမ စကားကို သူ ခေတ္တတွေးနေသည်။ ပြီးမှ ...
“နောက်တခါ ဒီနည်းနဲ့ မလုပ်သင့်တော့ဘူးလို့ ကျနော် နားလည်ပါတယ်ဆိုတာပဲ ပြောပါရစေ၊ ညို့ ဂုဏ်သိက္ခာ ထိခိုက်စေမှုမှာ ကျနော် အဓိက တရားခံပါဆိုတာလည်း ဝန်ခံပါတယ်”
သူ့စကားကို မခင်အေး နားထောင်ပြီး သံဝေဂရသလို ညည်းသည်။
“တခါတခါ ရှင်တို့ယောင်္ကျားတွေဟာ မိန်းမသားဆိုတဲ့ အတိမ်းအစောင်းမခံတဲ့ ဖြစ်တည်မှုကို လေးနက်ဖို့ မေ့နေတတ်တယ်။ ဘာနဲ့တူသလဲဆိုတော့ ရေစိုရင် ပျက်တတ်တဲ့ ရေဆေးပန်းချီကားကို မိုးရွာထဲ ခေါင်းပေါ်တင်ဆောင်းပြီး ကိုယ့်လိုရာခရီး သွားသလိုပေါ့”
သူ မချိပြုံးပင် မပြုံးနိုင်။ ကိုယ်တို့အဖွဲ့တွေနဲ့ ချိန်းထားတယ်၊ မောင်အုန်းသိန်း ရန်ကရှင်းအောင် ဘယ်လိုလုပ်ရမလဲဟု ညိုအား သူ မေးခဲ့ခြင်းသည်ပင် မလိမ့်တပတ်နှင့် မောင်အုန်းသိန်းအား ခေါ်ထုတ်သွားနိုင်ခြင်းမည်နေပြီဖြစ်သည်။
xxxxx xxxxx xxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment