လူသားတိုင်းမှာ ဘယ်သူကမှ လုယူသိမ်းပိုက် တားမြစ်ပိတ်ပင်ပိုင်ခွင့်မရှိတဲ့ မွေးရာပါ အခြေခံအခွင့်အရေးနှစ်ခု ရှိပါတယ်။ အဲဒါကတော့ အသက်ရှင်ခွင့်နဲ့ လွတ်လပ်ခွင့်တို့ပဲ ဖြစ်ပါတယ်။ အဲဒီအခြေခံအခွင့်အရေးနှစ်ခုကို ပေါင်းပြီး လူ့အခွင့်အရေးလို့ခေါ်ကြတာ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တရားနဲ့လျော်ညီစွာ အများသဘောတူ ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်ကြံနေထိုင်နေသမျှ ကာလပတ်လုံး သူ့ဆီက အဲဒီအခွင့်အရေးနှစ်ခုအနက် ဘယ်အခွင့်အရေးကိုမှ ဘယ်သူကမှ လုယူသိမ်းပိုက် တားမြစ်ပိတ်ပင်ခွင့် မရှိပါဘူး။
လူတစ်ယောက်ဟာ လူ့လောကထဲကိုရောက်ရှိလာပြီဆိုတာနဲ့ သူ့ရဲ့အသက်ရှင်ရေးအတွက် တောင်းဆိုပိုင်ခွင့်ရှိတာဖြစ်သလို တောင်းလည်းတောင်းဆိုတာပဲ ဖြစ်ပါတယ်။ အမိဝမ်းကကျွတ်ပြီဆိုတာနဲ့ ကလေးငယ်တွေ နို့ဆာလို့ငိုတာ၊ အအေးဒဏ်ကြောင့် ငိုတာဟာ သူ့ရဲ့အသက်ရှင်ခွင့်အတွက် တောင်းဆိုတာပဲ ဖြစ်ပါတယ်။ သူဟာ နို့မစို့ရမချင်း (တစ်နည်း) အစာမစားရမချင်းနဲ့ နွေးထွေးမှု မရမချင်း ငိုမှာ (တစ်နည်း) တောင်းဆို တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်။
အဲဒါဟာ လူသားရဲ့ အသက်ရှင်သန်ခွင့်အတွက် တိုက်ပွဲစတာပါပဲ။ နောက်တော့ တဖြည်းဖြည်းနဲ့ အဲဒီ အခြေခံအခွင့်အရေးနဲ့ တဆက်တစပ်တည်းရှိနေတဲ့ နောက်ထပ် အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲတွေ ဆက်တိုက်ရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် စတဲ့ အခွင့်အရေးတွေ အပေါင်းအစုအတွက် တိုက်ပွဲတွေ ဖြစ်ပါတယ်။
အသက်ရှင်သန်ခွင့်
ဒီတော့ အသက်ရှင်သန်ခွင့်ဆိုတာ အစားအစာ လုံလောက်စွာ ရရှိခွင့်၊ လူ့ပယောဂကြောင့်ဖြစ်စေ သဘာဝအရဖြစ်စေ ပေါ်ပေါက်လာနိုင်ဖွယ်ရှိတဲ့ ဘေးအန္တရာယ်များမှ လုံခြုံစိတ်ချ ဘေးကင်းစွာ နေထိုင်နိုင်ခွင့်ပဲ ဖြစ်ပါတယ်။ အဲဒါကို တစ်နည်းအားဖြင့် စားဝတ်နေရေးဖူလုံခွင့် တစ်နည်းအားဖြင့် စီးပွားရေးဖူလုံခွင့်လို့ အဓိပ္ပာယ်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။
ဆရာဒဂုန်တာရာက သူ့ရဲ့ဆောင်းပါးတစ်ပုဒ်ထဲမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာ တည်ဆဲ စီးပွားရေးစနစ်ကြီးကို ပြောင်းလဲပေးဖို့ ဧရာမ လူစုလူဝေးကြီးနဲ့ တောင်းဆိုတာဖြစ်တယ်လို့ ရေးခဲ့ဖူးတာကို အမှတ်ရမိပါတယ်။ မှန်ပါတယ်။ ကမ္ဘာ့သမိုင်း ခေတ်အဆက်ဆက်မှာ ပေါ်ပေါက်ခဲ့ဖူးသမျှ လူမှုတော်လှန်ရေးကြီးတွေဆိုတာဟာလည်း နိုင်ငံသားအားလုံးက ပိုင်ဆိုင်တဲ့ ဓနဥစ္စာကို ခွဲဝေပုံ ခွဲဝေနည်း (Distribution of Wealth) နဲ့ပတ်သက်တဲ့ ဧရာမ လူများစုကြီးရဲ့ မကျေနပ်မှုပေါ်မှာ အခြေခံပြီး ဖြစ်ပွားပေါ်ပေါက်ခဲ့တာချည်း ဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေးကို လက်တစ်ဆုပ်စာလူတစ်စုက သူတို့အကျိုးအတွက် ပဓာနထားပြီး လက်ဝါးကြီးအုပ် ကြိုးကိုင်ချယ်လှယ်နေတဲ့စနစ်ကို လူများစုကြီးက မကျေနပ်ရာက ပေါ်ပေါက်လာတဲ့ လူမှုငလျင်ကြီးတွေသာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဆီက ရှစ်လေးလုံး အရေးတော်ပုံကြီးဟာလည်း အဲသလို လူမှုငလျင်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း အဲဒီငလျင်ကြီးက ဆယ်စုနှစ် နှစ်ခုတောင်ကျော်လာခဲ့သည့်တိုင် ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံပင်မ စီးပွားရေး အဆောက်အအုံကြီးတစ်ခုလုံး ပြောင်းပြန်ဇောက်ထိုး ပြောင်းလဲသွားအောင် မလုပ်နိုင်ခဲ့သေးတာကို မြင်တွေ့နေရပါတယ်။
ထင်သာမြင်သာမရှိတဲ့ အပြောင်းအလဲ
ပြည်သူတွေရဲ့ကုပ်ကို နှစ်ငါးဆယ်လောက် ခွစီးထားခဲ့တဲ့ စနစ်ဆိုးကြီးဟာ ပြည်သူတွေရဲ့ မလျှော့တဲ့ ဇွဲနဲ့ ခိုင်မြဲတဲ့ သနိ္နဋ္ဌာန်တို့ကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး အားနည်းချည့်နဲ့လာခဲ့ပုံရပေမယ့် (တစ်နည်း) ကျွန်တော်တို့နိုင်ငံရဲ့ အပေါ်ထပ် အဆောက်အအုံဖြစ်တဲ့ နိုင်ငံရေးစနစ်ဟာ အတော်အတန် ပြောင်းလဲလာခဲ့ပေမယ့် အဲဒီနိုင်ငံရေး အပြောင်းအလဲနဲ့ ကျွဲကူးရေပါဖြစ်သင့်တဲ့ စီးပွားရေး အပြောင်းအလဲကတော့ အခုအထိ ဘာတစ်ခုမှ ထင်သာမြင်သာ ပေါ်ပေါက်လာခြင်း မရှိသေးပါဘူး။
နိုင်ငံရေးစနစ် ပြောင်းလဲခြင်းရဲ့ အန္တိမရည်မှန်းချက်က စီးပွားရေးစနစ်ပြောင်းလဲဖို့ (တစ်နည်း) နိုင်ငံရဲ့ ဓနဥစ္စာ ခွဲဝေပုံ ခွဲဝေနည်းကို ပြောင်းလဲဖို့ဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံ ပြည်သူတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကနေ မလွဲမသွေ ထွက်ပေါ်လာရမှာဖြစ်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်တွေကို လုံးဝလိုလိုပါပဲ၊ ခံစားနိုင်ကြခြင်း မရှိသေးပါဘူး။
ကျွန်တော်က ဖတ်ဖူးထားတဲ့ စာတွေထဲက အနှစ်ချုပ်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုတာ သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲပစ်လိုက်တာနဲ့ တူတယ်၊ မြန်တယ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာကတော့ အဲဒီ ခုတ်လှဲလိုက်တဲ့ သစ်ပင်ကြီးနေရာမှာ သစ်ပင်သစ်တစ်ပင် ပြန်စိုက်တာနဲ့ တူတယ်၊ အဲဒီသစ်ပင် ရှင်သန်ခိုင်မြဲ ကြီးထွားလာဖို့ အချိန်စောင့်ရတယ်၊ စိတ်ရှည်ရတယ်၊ အတင်းကြီးခိုင်းလို့ မရဘူး၊ နှေးတယ် စသည်ဖြင့် ကျွန်တော့် သင်တန်းတချို့မှာ အဲသလို ရှင်းပြလေ့ရှိပါတယ်။
အခြေခံအကျဆုံး အခွင့်အရေး
ဒါပေမဲ့ စိတ်ရှည်မှု၊ စောင့်ဆိုင်းမှုမှာလည်း အကန့်အသတ်တော့ ရှိရမှာပေါ့ဗျာ။ အခုဆိုရင် ကျွန်တော်ကိုယ်တိုင် အပါအဝင် အကောင်းဘက်ကို မြန်မြန်ရောက်စေချင်သူ အတော်များများက ဝိုင်းပြီး လက်ခုပ်သြဘာပေးခဲ့ကြတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့အစိုးရတက်လာတာ နှစ်နှစ်နီးပါး ရှိသွားပါပြီ။ ဒီကာလအတွင်း ဒီမိုကရေစီနိုင်ငံတစ်ခုလို့ ခေါ်ဆိုနိုင်ရေးမှာ အင်မတန်မှအရေးပါတဲ့ မီဒီယာလွတ်လပ်ခွင့် အပါအဝင် နိုင်ငံရေး လွတ်လပ်ခွင့်တွေ အတော်အတန် ရလာတာတော့ အမှန်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်သူလူထုအများစုကြီး ရှုထောင့်ကကြည့်ရင် လူသားရဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အခွင့်အရေးဖြစ်တဲ့ အသက်ရှင်ပိုင်ခွင့်ကတော့ ခြိမ်းခြောက်ခံရတဲ့ အနေအထားမှာပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဆိုလိုတာက ပြည်သူလူထုအများစုကြီးရဲ့ ပစ္စုပ္ပန်စားဝတ်နေရေး (တစ်နည်း) စီးပွားရေး အခြေအနေဟာ အပ်ဖျားပေါ် မုန်ညင်းစေ့ တင်ထားသလို ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို မတည်မငြိမ် အခြေအနေမှာပဲ ဆက်ရှိနေပြီး သူတို့ရဲ့ မနက်ဖြန်တွေဟာလည်း ပိန်းပိတ်အောင် မှောင်နေတယ်လို့ မဆိုနိုင်ဘူးဆိုရင်တောင် မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေဆဲ ဖြစ်ပါတယ်။
ခံစားချက် ရင်ခုန်သံတွေ ကြားနေရတယ်
ကျွန်တော်က အခုအချိန်မှာ အခြေခံပြည်သူတွေကြားထဲ အရောက်သွားပြီး သူတို့ရဲ့ရင်ထဲက အသံတွေကို ကိုယ်တိုင်ကိုယ်ကျ နားထောင်နိုင်တဲ့ အခြေအနေမှာ ရှိမနေပေမယ့် ချစ်ခင်တဲ့ မိတ်ဆွေတွေဆီကတစ်ဆင့်၊ ဖတ်ရှုလေ့လာရတဲ့ စာတွေကတစ်ဆင့် ပြည်သူတွေရဲ့ခံစားချက် ရင်ခုန်သံတွေကိုတော့ အရင်းအတိုင်း ကြားခွင့်ရရှိနေပါတယ်။ ကြားခွင့်ရသမျှ အခြေခံပြည်သူတွေရဲ့အသံတွေကတော့ အားလုံးလိုလို စိတ်မချမ်းမြေ့စရာတွေချည်းပါပဲ။ ဆိုက်ကားသမား၊ လမ်းဘေးဈေးသည်၊ တက်စီသမား၊ စက်ရုံအလုပ်သမား၊ ကုမ္ပဏီဝန်ထမ်း စတဲ့ စတဲ့ အခြေခံပြည်သူတွေဟာ နိုင်ငံရေးအပြောင်းအလဲရဲ့ ဘာစီးပွားရေး အသီးအပွင့်ကိုမှ ခံစားရခြင်း မရှိသေးမှုအပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။
ပိုဆိုးတာက စက်ရုံအလုပ်သမားတွေလို စုစုစည်းစည်းရှိတဲ့ အလွှာတချို့ကလွဲပြီး ကျန်အခြေခံ ပြည်သူ့အလွှာများဟာ သူတို့ ကြုံတွေ့နေကြရတဲ့ စားဝတ်နေရေး အခက်အခဲများကို ဘယ်လိုနည်းနဲ့ ထုတ်ဖော်ပြသရမှန်းလည်း မသိကြတဲ့အတွက် လူကြားထဲ မတော်ရာ ကဏန်းညှပ်ခံထားရတဲ့သူလို ပေါ်ပေါ်ထင်ထင်လည်း မအော်နိုင်ဘဲ ကြိတ်ပြီးတော့သာ မျက်စိမျက်နှာပျက်နေကြရတဲ့ အဖြစ်ပါ။
နည်းလမ်းရှာ ထွက်ပေါက်ပေးပါ
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ‘ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး’ ဆိုပြီး နေပြည်တော်မှာ အလုပ်ရုံဆွေးနွေးပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့တာကို အခုအချိန်မှာ ကျွန်တော် အထူးသတိရနေပါတယ်။ အထူးလို့ သုံးနှုန်းလိုက်ရတာက လက်ပံတောင်းတောင်ဆန္ဒပြသူတွေကို မီးလောင်ဒဏ်ရာတွေရအောင် ဖြိုခွင်းလိုက်တဲ့ အခုလိုအချိန်မျိုးကို ဆိုလိုတာပါ။ ဒီလို လုပ်ရပ်မျိုးနဲ့တော့ ပြည်သူတွေကို ဆင်းရဲတွင်းထဲက ဘယ်လို ကယ်ထုတ်မလဲဆိုတာ ကျွန်တော်တော့ အစဉ်းစားရကျပ်သွားတာ အမှန်ပါပဲ။
အဲဒီတုန်းက အစိုးရမင်းများက မကြိုက်လို့ ‘ဆင်းရဲမွဲတေမှု’ ဆိုတဲ့စကားလုံးအစား ‘ဆင်းရဲနွမ်းပါးမှု’ လို့ ပြောင်းသုံးခဲ့ကြရတာကိုလည်း ကျွန်တော် မှတ်မိနေပါသေးတယ်။ အမှန်တော့ လက်ရှိအခြေအနေမှာ ပြည်သူလူထုအများစုကြီးဟာ ဆင်းရဲနွမ်းပါးမှုကိုကျော်လွန်ပြီး ဆင်းရဲမွဲတေနေကြတာ ဖြစ်ပါတယ်။ ဒီထက်လည်း ကျွန်တော်တော့ ပိုပြီး မပြောချင်တော့ပါဘူး။ လူတွေ အရမ်းကို ဆင်းရဲနေကြတယ်၊ ကျပ်တည်းနေကြတယ်၊ ချွတ်ခြုံကျနေကြတယ်ဆိုတာကို သိနေမှတော့ တစ်ခုခု နည်းလမ်းရှာ ထွက်ပေါက်ပေးကြဖို့ပဲ ပန်ကြားလိုကြောင်းပါဗျာ။ ။
၁၀ - ၁၂ - ၂၀၁၂
maungwuntha@gmail.com
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment