အကျဉ်းထောင်ဟုဆိုလိုက်သည်နှင့် အားလုံးက လူဆိုး၊ လူမိုက်များအား လိမ္မာယဉ်ကျေးစေရန် ချုပ်နှောင်ထားရသော နေရာအဖြစ် ချက်ချင်းသဘောပေါက်ကြလေ့ရှိပါသည်။ ထိုနေရာ၌ မိမိ၏ ယုံကြည်ချက်ကြောင့် နှစ်ရှည်လများ အကျဉ်းချခံထားရသူတွေရှိနေကြောင်းကိုတော့ အများပြည်သူသိလာကြသည်မှာ မကြာမြင့်သေးပါ။ ထိုသူများအား နိုင်ငံရေးအကျဉ်းသား ဟု အများပြည်သူမှ သတ်မှတ်ကြပြီး အာဏာရအစိုးရကတော့ ယုံကြည်ချက်အကျဉ်းသား ဟု ခေါ်ဝေါ်သတ်မှတ်ပါသည်။
မည်သို့ပင် ခေါ်ဝေါ်သတ်မှတ်ပါစေ၊ အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ တစ်နေ့တာမှာ ပြင်းရိငြီးငွေ့ဖွယ်ရာ တန်ဖိုးမဲ့ ကုန်ဆုံးသွားလေ့ရှိပါသည်။ မနက် ၅ နာရီခွဲပြီဆိုသည်နှင့် “ပုံစံ” ဟု အသံကုန် အော်ဟစ်သံကြားရပြီးနောက် ပခုံးထက်၌ ကြယ်ပွင့်တပ်ထားသော အရာရှိတစ်ယောက်က အကျဉ်းသားများကို လိုက်လံစစ်ဆေးလေ့ရှိ၏။ ထိုသို့စစ်ဆေးခြင်းသည် ထောင်မဖွင့်မီနှင့် ထောင်မပိတ်မီ အကျဉ်းသား ပြည့်မပြည့် စစ်ဆေးခြင်းလည်း ဖြစ်ပါသည်။ မည်သို့ဆိုပါစေ ထိုသို့စစ်ဆေးခြင်းက ထောင်ကျနေသူတစ်ယောက်အတွက် နေ့တစ်နေ့၏အစ ဖြစ်ပါသည်။
ထောင်ဆိုသည်က စိုးရိမ် သောကတွေ၊ ဒုက္ခနှင့်ပူပင်မှုတွေကို သယ်ပိုးထားရတဲ့ နေရာပဲဖြစ်သည်။ မနက်မိုးလင်း “ပုံစံ” ဟု အော်သံကြားပြီးနောက်တွင် မိမိပိုင်ဆိုင်သမျှ ထောင်ဥပဒေနှင့်ဆန့်ကျင်သော ပစ္စည်းများအား အထုပ်ထုပ်၍ ဘယ်တော့လာမည်ဟု သေချာ မသိရသော၊ အကျဉ်းသားများခေါ်ဆိုသော ‘တလာစီ (စစ်ဆေးရေးလုပ်ခြင်း)’ ခြင်းကို စောင့်မျှော်နေရသည်မှာလဲ ဒုက္ခတစ်မျိုးမည်ပါသည်။ ထိုဒုက္ခအား တစ်နေ့မပြတ် ခံစားနေခဲ့ရသောနေရာတွင် မည်သူမှ နေပျော်မည် မဟုတ်ပေ။ စစ်ဆေးရေးလုပ်စဉ်အတွင်း ဥပဒေနှင့်ဆန့်ကျင်သော ပစ္စည်းတစ်စုံတစ်ရာကို တွေ့ရပါက တိုက်ပိတ်ပြစ်ဒဏ်ကို ထောင်ဝင်စာတစ်ပတ် (၁၄ ရက်)ခံရလေ့ရှိသည်။
များသောအားဖြင့် နိုင်ငံရေးအကျဉ်းသားများကို တိုက် ဟုခေါ်ဆိုသော အလျား ၁ဝ ပေ၊ အနံ ၈ ပေ ပတ်လည် အခန်းကျဉ်းလေးများတွင် ထားလေ့ရှိသည်။ လူအများနှင့် အတူတူနေထိုင်ရသော အဆောင်များတွင် ဟိုးယခင်က ထားလေ့ရှိသော်လည်း ကျွန်မတို့ထောင်ကျချိန်တွင် တိုက်ထဲမှာသာထားပါသည်။ ကျွန်မတို့အခန်းကျဉ်းလေးထဲတွင် ၂ ယောက်နေထိုင်ရပြီး မနက်ပိုင်း မိနစ် ၃ဝ၊ ညနေပိုင်း ၁၅ မိနစ်သာ အခန်းပြင်ထွက်ခွင့်ရပြီး ကျန်အချိန်များမှာ အခန်းတွင်း၌ သော့ပိတ်ခံနေရသည်။ ၁၉၉၅ မှ ၂ဝဝဝ ခုနှစ်အထိ စာအုပ်များ တရားဝင်သွင်းခွင့် မရခဲ့ပါ။ ထို့ကြောင့် စာဖတ်ချင်သောအခါမျိုးတွင် ဆေးလိပ်ဖင်စီခံမှ သတင်းစာ စာရွက်များကို ဖတ်ရှုခဲ့ရသည်။ တရားမဝင် စာအုပ်သွင်းသည်ကို စစ်ဆေးရေးလုပ်ချိန်မိပါက နောက်မှုတိုးသည်အထိ အပြစ်ဒဏ်ခံရတတ်ပါသည်။
ထိုမျှ တင်းကြပ်သောနေရာများတွင် မည်သူမျှ မပျော်နိုင်ပါ။ ထိုနေရာမှလွတ်မြောက်ရန် အားလုံး မျှော်လင့်ကြပါသည်။ သို့သော် မိမိ၏ယုံကြည်ချက်ကိုစွန့်လွှတ်ပြီး လွတ်မြောက်ရန်ကြိုးစားသူက နိုင်ငံရေးအကျဉ်းသားများထဲတွင် ရာခိုင်နှုန်း နည်းနည်းသာ ပါရှိခဲ့သည်။
ဖြစ်လာနိုင်သော လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ အားလုံး မျှော်လင့်ကြသည်။ ၁၉၉၂ ခုနှစ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးသည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်တွင် အမျိုးသမီးအကျဆောင်က နိုင်ငံရေးအကျဉ်းသား ၁ဝ ယောက်ဝန်းကျင်လောက် လွတ်သွားခဲ့ဖူးသည်။ မလွတ်မြောက်ဘဲ ကျန်နေရစ်သူတွေရဲ့ခံစားချက်က တကယ့်ကို နင့်နင့်နဲနဲ။ လွတ်မြောက်သွားတဲ့သူတွေရှေ့မှာ မျက်ရည်မကျချင်ပေမယ့် ရင်ထဲမှာတော့ တကယ့်ကို တုန်လှုပ်နေခဲ့သည်။ ထောင်ဝင်စာ ပုံမှန်လာတွေ့နေသည့် မိသားစုကို အားနာသည်။ ထောင်ဝင်စာ တစ်ခါတွေ့ဖို့ မိသားစုတွေ ရုန်းကန်နေရမှန်းလည်း နားလည်နေသည်။ ကိုယ်လွတ်မြောက်ဖို့ တစ်ခုတည်းအတွက်လည်း အသနား မခံချင်။ ကိုယ်ခံစားနေရတဲ့အကြောင်းကိုလည်း ဘေးလူတွေ၊ မိသားစုတွေ မသိစေချင်ပါ။ ကိုယ်တစ်ယောက်တည်း ကြိတ်ခံစားရတဲ့အခါ ရောဂါဝေဒနာတွေက ကိုယ့်အပေါ် ပိုလို့ညှဉ်းဆဲလို့ နေတတ်သည်။
များသောအားဖြင့် အကျဉ်းထောင်ထဲမှာ သီချင်းဆိုကြသည်။ အိမ်ကိုလွမ်းသော အလွမ်းများအတွက် ‘အိမ်ပြန်ချင်တဲ့ အလွမ်း’၊ ‘အမေ့အိမ်’ သီချင်းတွေကို တမ်းတမ်းတတ ဆိုဖြစ်ကြလေ့ရှိသည်။ ကိုယ့်ကိုကိုယ် အားတင်းလိုတဲ့အခါများမှာတော့ ‘ခွန်အားဖြည့် မိငယ်’ သီချင်းကို ဆိုငြီးဖြစ်ကြပါသည်။
ထောင်ထဲကလူတွေသာ ဝမ်းနည်းခံစားနေကြသည် မဟုတ်။ လွတ်မြောက်သွားခဲ့သူတွေလည်း စိုးရိမ်ခံစားခဲ့ကြရပါသည်။ ထောင်ထဲမှာနေခဲ့ရမည့်သူတွေအတွက် ကျန်းမာရေး ကအစ၊ စားဝတ်နေရေးအဆုံး အရာရာသည် စိတ်ပူပင်စရာ ကောင်းလှသည်။ အချိန်နှင့်အမျှ ကုသရမည့်ရောဂါအတွက် အမြဲတမ်း နောက်ကျနေလေ့ရှိသည့် ထောင်၏ ကျန်းမာရေးစောင့်ရှောက်မှုက ညံဖျင်း ဆိုးရွားလှလွန်းသည်။ ဝမ်းကိုက်ခြင်းကလည်း အကျဉ်းသားတွေအတွက် သေမင်းဖြစ်သွားနိုင်သည်။
ကိုယ့်သူငယ်ချင်းကို ယခုတွေ့ရတာက နောက်ဆုံးလည်း ဖြစ်နိုင်သည်။ အရှေ့အရှေ့က သေဆုံးသွားသူတွေလည်း ရှိသည်။ ဘယ်အရာကိုမှ ယတိပြတ်ပြောနိုင်ခြင်း မရှိ။ ဘာပဲဖြစ်ဖြစ် စိုးရိမ်ပူပန်နေမိတတ်ကြသည်။ ထောင်ထဲမှာက ကိုယ်နဲ့ အလျဉ်းသင့်သူအချင်းချင်း စနောက်ပြီး ပျော်အောင်နေကြရသည်။
အဲဒီ့ထဲကမှာ လွတ်မြောက်ဖို့အတွက် ကျန်ခဲ့သောသူရှိလျှင် လွတ်မြောက်သွားသူတို့ မည်မျှစိုးရိမ်ကြောင်းကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် လွတ်မြောက်လာသည့် ABSDF အဖွဲ့ဝင်ဟောင်း ကိုသိန်း (ခေါ်) ကိုသိန်းထွန်းက “ကျွန်တော်တို့ ထောင်ထဲမှာ ၉ ယောက် အတူတူနေတယ်၊ အဲဒီ့ထဲကမှ ကျွန်တော်တို့ ၈ ယောက်လွတ်သွားပြီး ဦးဝင်းနိုင်ကျော် တစ်ယောက်ပဲ ကျန်ခဲ့တယ်၊ ထောင်ထဲမှာက ကိုယ့်နဲ့ နီးစပ်တဲ့သူတွေအချင်းချင်း နောက်လိုက်ပြောင်လိုက်နဲ့ ပျော်အောင်နေကြရတာ၊ အခု သူတစ်ယောက်တည်း ကျန်နေတာဆိုတော့ စကားပြောဖို့ အဖော်တောင်မှ မရှိတော့ဘူး။ ကျွန်တော်တို့အားလုံး သူ့အတွက် စိတ်ပူနေတယ်။ အားလုံး တစ်ခါတည်း ပြန်လွတ်လာရင်တော့ ကျွန်တော် ဝမ်းသာမှာပါ” လို့ ပြန်လွတ်လာပြီးနောက်ပိုင်းတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောပြခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားကလည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးထဲ ထောင်ထဲမှာရှိနေတယ်ဆိုရင်တောင် ဒါဟာ များနေပါပြီ၊ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ မရှိသင့်တော့ဘူးလို့ ပြောခဲ့ဖူးပါသည်။
သို့သော်လည်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲပဲဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်ကတော့ သူအနေနဲ့ နှစ်ပေါင်း ၂ဝ လောက်နေလာတဲ့ ထောင်ထဲမှာ မနေချင်တော့တဲ့အကြောင်း သူ လွတ်လာကာစက ပြောကြားခဲ့သေးသည်။
ဘယ်သူကမှတော့ ထောင်ကျခဲ့စဉ်တုန်းက အကြောင်းအရာတွေကို တစ်ခုတ်တရ မတွေးချင်တော့၊ အမှတ်မရချင်တော့ပါ။ သို့သော်လည်း တိုင်ဆိုင်လာသောအခါတွင်တော့ ပြန်လည်တွေးဖြစ်စေခဲ့သည်။ အကောင်းဆုံးအနေနှင့် အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွတ်လပ်ခွင့်ပေးလိုက်ခြင်းအားဖြင့် ပျော်ရွင်မှု၊ ကျေနပ်မှုကို အားလုံး ရစေချင်ပါသည်။ ။
ခင်ငြိမ်းသစ်
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment