Monday, November 12, 2012

တော်ရာမှာ ပျော်အောင်နေရတယ် - ဖိုးသံ (လူထု)

ကျနော်က ကျနော့်အမေရေးတဲ့’ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး’ ဆိုတဲ့စာအုပ်ကို ထွက်ပြီး လေးငါးနှစ်ကြာမှ ဖတ်ရပါတယ်။ ဖတ်ရင်းနဲ့ ‘ကျောင်းကြီးရွှေအင်ပင်’ ဆိုတဲ့ဆောင်းပါးကိုရောက်တဲ့အခါမှာ ‘ကျောင်းဒကာကြီး ဦးစက်ရွှင်က ပြည်ကြီးသားတရုတ်အစစ်ပဲ။ သူ့ဇာတိက ယူနန်နယ် ထိမ်ရင့်လို့ခေါ်တဲ့ မိုးမြင်းမြို့နားက ယိလော်ရွာ’ ဆိုတာကို သွားတွေ့ပါတယ်။ ကျနော် ဟာခနဲဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေပြောတဲ့နေရာက ကျနော်ရောက်နေတဲ့နေရာ ဖြစ်နေလို့ပါပဲ။

ဒီမြို့ကို ရှေးတုန်းက ထိန်ယွဲ့၊ ရှမ်းလို(ဒီခရိုင်အတွင်းမှာ ရှမ်းရွာတွေ အများကြီးရှိပါတယ်) မိုးမြဲလို့ခေါ်ပြီး အခုတော့ ထိန်ခြုံးလို့ခေါ်ပါတယ်။ ယိလော်ရွာက အခု ထိန်ခြုံးရဲ့ဆင်ခြေဖုံးဖြစ်နေပါပြီ။ မြစ်ကြီးနားနဲ့ အရှေ့နောက်တန်းတန်း (ကားလမ်းနဲ့) ကီလိုမီတာ၂ဝဝ တောင် မဝေးပါဘူး။ လမ်းကလည်းကောင်းတော့ ကားကိုပြင်းပြင်းမောင်းရင် သုံးနာရီသာသာနဲ့ ရောက်ပါတယ်။ ဒီကိစ္စကိုထိန်ခြုံးသားတွေ- သမိုင်းဆရာတွေတောင် မသိပါဘူး။ ကျွန်တော်ကပြောပြမှ သိတာပါ။ ဦးစက်ရွှင်ရဲ့အမျိုးတွေလည်း ယိလော်မှာ ရှိကြပါသေးတယ်။ ဒါပေမဲ့ သူတို့လည်း မျက်ခြေပြတ်နေတာ ကြာပါပြီတဲ့။


ပြီးတော့မှ ကျနော် အခုနေနေရတာဟာ အမေ့ဆောင်းပါးထဲက ထိန်ခြုံးမှာပဲဆိုတာကို အမေများသိရရင် ဘယ်လိုများနေမလဲလို့ တွေးပြီး ပြုံးနေမိပါတယ်။ တိုက်ဆိုင်ချင်တော့ ဒီထိန်ခြုံးမြို့ဟာ ရှေးကတည်းက ဗမာပြည်နဲ့၊ မန္တလေးနဲ့ အဆက်အဆံအသွားအလာများတဲ့ မြို့ဟောင်းတခုဖြစ်နေပါတယ်။ ဒီမြို့နဲ့ ဆယ်မိုင်မဝေးတဲ့နေရာမှာ ‘မြန်မာရွာ’ဆိုတဲ့ ရွာတရွာတောင်ရှိပါတယ်။ အခုနေကြတာကတော့ တရုတ်ချည့်ပါပဲ။ ဒါမှမဟုတ်လည်း ကာလကြာလို့ တရုတ်ဖြစ်ကုန်ကြသလား မသိပါဘူး။

ဘာကြောင့် ဒီလိုခေါ်တယ်ဆိုတာကို အသေအချာ သုတေသနပြုမယ့်သူမရှိတော့ ဘယ်လိုကနေဘယ်လို ဒီနာမည်ရခဲ့တယ်ဆိုတာ ဘာမှရေရေရာရာ မသိရပါဘူး။ အဲဒီမှာ အရင်တုန်းကမြှုပ်ခဲ့တဲ့ အရိုးအိုးတွေဘာတွေ တူးဖော်လို့ရတယ်၊ ရေးထားတဲ့စာတွေကို ဖတ်မရဘူးဆိုတဲ့ အပြောမျိုးကိုပဲ ကြားရပါတယ်။ အခုခေတ်က သမိုင်းလေ့လာတယ်ဆိုတာကို အင်တာနက်ပေါ်မှာ အချက်အလက်ရှာနေ၊ ရေးနေကြတဲ့ခေတ်လိုဖြစ်နေတော့ ဒီလိုအချက်အလက်တွေကို ဘယ်သူကမှ သတိမထားမိပါဘူး။ စိတ်ပါဝင်စား သုတေသနလုပ်မယ့်လူ လိုနေတာပါ။

ဒီက တချို့ဘုရားကျောင်းတွေမှာ ဗမာပြည်က ဆင်းတုတော်တွေ - ထိုင်ကိုယ်တော်ရော၊ လျောင်းတော်မူ-ရပ်တော်မူရော- ဘုရားစင်မှာတင်ထားပြီး ကိုးကွယ်ကြတာလည်း တွေ့ရပါတယ်။ ပီဘိ စကျင်ကျောက်ရုပ်တုတော်တွေပါ။ တချို့နေရာမှာဆိုရင် ဘယ်တုန်းကတည်းက လက်ရှိနေရာကိုရောက်နေတယ်ဆိုတာတောင် ပြောနိုင်တဲ့လူ မရှိတော့ပါဘူး။

ဒီမြို့နဲ့ဗမာပြည်နဲ့ တချိန်က ဘယ်လောက် အဆက်အဆံရှိခဲ့တယ်ဆိုတာပြောရရင် ဒီမြို့မှာပဲ ပြောဆိုသုံးစွဲတဲ့ ဒေသိကစကားတွေထဲမှာ ဗမာစကားတွေ ဝင်နေတဲ့အထိပါပဲ။ ဥပမာ (ရေ)ပုံး၊ ချိုင့်(ထမင်းထည့်တဲ့ချိုင့်)၊ ဆပ်ပြာ၊ မတ်ခွက် စတာတို့ တရုတ်သံနဲ့ပြောပါတယ်။ ဥပမာ ဆပ်ပြာဆိုရင် ဆပ်ပြောင်း လို့ အသံထွက်ပါတယ်။ ဒီကလူတွေက ခရမ်းချဉ်သီးကို လောက်မြင်ချယ် (ဗမာခရမ်းသီး) လို့ခေါ်ပြီး မာလကာသီးကိုတော့ လောက်မြင်ထောင် (ဗမာမက်မုံသီး)လို့ ခေါ်ပါတယ်။ နောက်ပြီး သင်္ဘောသီးကိုလည်း စမ်းပေါကြီးလို့ ခေါ်ပါတယ်။ အဓိပ္ပာယ်က နဂိုက ဒီအရပ်မှာမရှိဘဲ ဗမာပြည်ကမှတဆင့် ရောက်လာတယ်ဆိုတာပါ။

ကျွန်တော် ဒီကိုရောက်ကာစတုန်းကဆိုရင် အသက်ကြီးတဲ့လူကြီးတွေဟာ အပ်ချုပ်စက်ဆိုရင် စင်းဂါး(Singer)မှ၊ စက်ဘီးဆိုရင် ရာလေး(Raleigh)မှ တကယ်ကောင်းတာလို့ ပြောလေ့ရှိပါတယ်။ ဗမာပြည်မှာပြောလေ့ရှိတဲ့အတိုင်း တသွေမတိမ်းပါပဲ။ သူတို့ အဲဒီပစ္စည်းတွေကို ဗမာပြည်ဘက်က သယ်တာပါ။ ဟိုတုန်းက လမ်းပန်းဆက်သွယ်ရေးဟာ ဗမာပြည်နဲ့ပိုနီး၊ ပိုလွယ်ကူလို့ပါ။ စက်ဘက်တွေ၊ အပ်ချုပ်စက်တွေကို လားဝန်တင်တွေနဲ့သယ်ယူလာကြတာ ဖြစ်ပါတယ်။ အလားတူ ဗမာပြည်က ကျောက်စိမ်းလောက က အသုံးအနှုန်းများဟာလည်း တရုတ်စကားနဲ့ ထိန်ခြုံးဒေသိကစကားတွေ ဖြစ်နေပါတယ်။ ဥပမာ ကျောက်ကွမ်တယ် (ကျောက်ကို အရောင်တင်တာ)၊ လန့်ပန်း (အပြာရောင်စွက်တဲ့ကျောက်)၊ ထယ်လုံးစိမ်း (တစ်လုံးလုံးစိမ်းပြီး အရောင်ခြောက်တဲ့ကျောက်)၊ ရှင်းကြလု (အစိမ်းထဲမှာအမည်း အစက်အပြောင်တွေပါတဲ့ကျောက်) စတာတွေပါပဲ။

နောက်ပြောဖို့လိုတာတစ်ခုက အင်္ဂလိပ်ကိုပြန်တိုက်တဲ့ မက္ခရာမင်းသားရဲ့ သားနှစ်ပါးဖြစ်တဲ့ စောရန်ပိုင်နဲ့ စောရန်နိုင်မင်းသား ညီအစ်ကိုထဲက အစ်ကိုစောရန်ပိုင်ဟာ အင်္ဂလိပ်အဖမ်းခံရပြီး အိန္ဒိယကို အပို့ခံခဲ့ရပါတယ်။ ညီဖြစ်သူ စောရန်ပိုင်ခေါ် ချောင်းခွမင်းသားဟာ ရှမ်းပြည်ကိုတက်ပြီး အင်အားစု၊ လှုပရှားပါတယ်။ ဒါပေမဲ့ အင်အားမမျှလို့ ဆုတ်ခွာလာရတာ တရုတ်ပြည်ထဲအထိ ရောက်လာပါတယ်။ တရုတ်ဘက်က သူ့ကိုအဲဒီတုန်းက အုပ်ချုပ်မှုတည်ငြိမ်ပြီး လုံခြုံစိတ်ချရတဲ့ ထိန်ခြုံးမှာ သူ့ကို အိမ်ပေးထားပါတယ်။ နောက်ပြီး သင့်တော်စွာလည်း ထောက်ပံ့ပေးထားပါတယ်။ သူ့ကို ‘ကျီအန်းကော့’ လို့ တရုတ်နာမည်ပေးထားတယ်လို့ ဆရာမြသန်းတင့်ရေးတဲ့ ‘တောင်သမန်လေညှင်းဆော်တော့’ အထဲမှာ ဖတ်ရဖူးပါတယ်။ သူက ဒီမှာ ဗိန္ဓောဆေးရောင်းသလိုလိုလည်း အရပ်စကားပြောသံ ကြားရပါတယ်။

ကျန်ပါသေးတယ်။ ၁၉၅၁ ခုနှစ်ကထုတ်ခဲ့တဲ့ ဆရာဗန်းမော်တင်အောင်ရဲ့ ‘ငွေနှင်းမှုံမှုံ’ ဝတ္ထုပါ။ အဲဒီအထဲမှာ ဆရာက သူ့ဇာတ်လိုက်ဟာ အင်္ဂလိပ်စစ်တပ်တွေနဲ့ ထိန်ခြုံးကိုရောက်လာခဲ့ပြီး ဒီက တရုတ်မလေးဝမ်မေနဲ့ ရည်းစားဖြစ်ကြတယ် ဆိုပြီး ဇာတ်လမ်းဖွဲ့ထားပါတယ်။ နောက်ဆုံးမှာ အချစ်ရေးနဲ့ စစ်ရေးရွေးရတော့မှ ငွေနှင်းမှုံမှုံထဲမှာ ခွဲခဲ့တယ်လို့ရေးခဲ့တာ မှတ်မိနေပါတယ်။

ထိန်ခြုံးနဲ့ ၃-၄ ကီလိုမီတာလောက်ဝေးတဲ့နေရာမှာ ဟော်ရွှင့်ဆိုတဲ့ ရွာကြီးတရွာရှိပါတယ်။ ရွာဆိုပေမဲ့ မြို့ကလေးတမြို့လောက်ရှိပြီး ခရီးသွားလုပ်ငန်းနဲ့ အင်မတန်စည်ကား၊ ဝင်ငွေကောင်းနေတဲ့နေရာဖြစ်ပါတယ်။ ဒီဟော်ရွှင့်ကို တရုတ်ပြည်သားတွေဟာ အိုဗာစီးရွာကြီးလို့ ခေါ်ကြပါတယ်။ အကြောင်းကတော့ ခေတ်အဆက်ဆက်မှာ ဒီရွာကြီးကလူတွေဟာ တခြားနိုင်ငံတွေ ထွက်သွားကြတာ သိပ်များလို့ပါ။ အထူးသဖြင့် အရှေ့တောင်အာရှတိုက်ပါ။ ဒီလိုနဲ့နည်းနည်း စနည်းနာလိုက်တော့ မန္တလေးက ကျွန်တော်သိတဲ့ အိုဗာစီးတရုတ် တစ်ဝက်လောက်ဟာ ဒီရွာကြီးက အဆက်တွေ ဖြစ်နေပါတယ်။ အထက်မှာပြောခဲ့တဲ့ ဗမာစကားလုံးတွေကိုသုံးတာ ဒီနေရာမှာ အများဆုံးပါပဲ။ သူတို့က ဒုက္ခဆိုတဲ့စာလုံးကိုတောင်(ဗမာအသံထွက်အတိုင်း) သုံးတတ်ပါတယ်။

တိုက်ဆိုင်လို့ တစ်ခုပြောချင်ပါတယ်။ အဲဒါက ယခင်ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်အကြောင်းပါ။ သူတို့မိသားစုနဲ့ ကျွန်တော်တို့မိသားစုဟာ အင်မတန်မ ရင်းနှီးပါတယ်။ သူ့မိဘများကလည်း မန္ထလေးမှာ စက္ကူရောင်း၊ ကျွန်တော့်အဖိုးနဲ့ အမေကလည်း မန္တလေးမှာ စက္ကူရောင်းဆိုတော့ ရှေးကတည်းက သိကျွမ်းနေကြတာလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် သူ (ပထမအကြိမ်) အိမ်ထောင်ပြုတော့ ကျွန်တော်က လူပျိုရံ လုပ်ရပါတယ်။ သူတို့ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်တော်တို့လိုပဲ စိန်ပီတာ-ကွန်ဗင့် ကျောင်းသူကျောင်းသားတွေဆိုတော့ အားလုံးမှာ အင်္ဂလိပ်နာမည်တွေ ရှိကြပါတယ်။

သူ့အင်္ဂလိပ်နာမည်က ဟယ်ရီရင်း (Harry Yin) ပါ။ ဒါကြောင့် ကျနော်တို့အားလုံးက သူ့ကို ကိုဟယ်ရီလို့ ခေါ်ပါတယ်။ ကျွန်တော့်မိဘများကလည်း မောင်ဟယ်ရီလို့ပဲ ခေါ်ပါတယ်။ ဘယ်သူမှ တခြားနာမည်နဲ့ခေါ်တာ မကြားဖူးပါဘူး။ သူက လူရည်လည်းသန့်၊ အနေအထိုင် အပြောအဆိုလည်းမွန်ရည်၊ ကျောင်းစာလည်းတော်ဆိုတော့ တစ်ချိန်က ကျွန်တော်တို့အငယ်တွေ သိပ်အားကျရတဲ့လူတစ်ယောက်ပါ။ သူ့အသက်က ကျွန်တော့အစ်ကိုထက် တစ်နှစ်ကြီးတယ် ထင်ပါတယ်။ ကျောင်းမှာ တစ်တန်းကြီးလို့ ဒီလိုပြောတာပါ။

ငယ်ငယ်လေးကတည်းက ကျွန်တော့်ခေါင်းထဲမှာ သူနဲ့ ပတ်သက်ပြီး စဉ်းစားလို့မပေါက်တဲ့ ပြဿနာတခုရှိခဲ့ပါတယ်။ အဲဒါကတော့ သူ့အဖေနာမည်ရော၊ အမေနာမည်ရောမှာ ‘ရင်း’ဆိုတဲ့စာလုံးမပါဘဲနဲ့ သူ့နာမည်က ဘယ်လိုလုပ်ပြီး ဟယ်ရီရင်း ဖြစ်နေရတာလဲဆိုတာပါ။ ဒီလိုနဲ့ တလောကတော့ မန္တလေးမှာ မွေး၊ မန္တလေးမှာကြီးပြင်းတဲ့ အိုဗာစီး တရုတ်မိတ်ဆွေတစ်ယောက်နဲ့ ဒီမှာတွေ့ပါတယ်။ သူကအခု မန္တလေးမှာ မနေတော့ပါဘူး။ အထက်ဘက် ပြောင်းသွားပါပြီ။ သူကလည်း ဒီဟော်ရွှင့်ရွာအဆက်ပါ။

ဒါနဲ့ သူနဲ့ မန္တလေးရောက် တရုတ်ပြည်ပေါက်တွေအကြောင်းပြောကြရင်း ကိုဟယ်ရီ့အကြောင်းဆီ ရောက်သွားပါရော။ သူတို့ချင်း တရုတ်ချင်းပိုသိမှာပဲဆိုပြီး ကျွန်တော်က ငယ်ငယ်ကည်းက ကျွန်တော့်ခေါင်းထဲမှာတည်ရှိနေတဲ့ ပဟေဠိအကြောင်း မေးကြည့်ပါတယ်။ ဒီအခါမှာ သူက တဟားဟားရီပြီး “ခင်ဗျားကလဲဗျာ၊ သူတို့မျိုးရိုးနာမည်က တရုတ်လို ‘ရင်း’ ဗျ။ ဟောဒီ ဟော်ရွှင့်က။ သူ့အဖေရဲ့ အစ်ကိုအရင်းတွေ ဒီမှာရှိသေးတယ်။ အမွေဆိုင်အိမ်မြေတွေလည်း ရှိသေးတယ်”လို့ ပြောပြပါတယ်။ ဒီတော့မှ လိပ်ပတ်လည်သွားတော့တာပေါ့။။ တစ်ဆက်ထဲစဉ်းစားမိတာက အခုအချိန်မှာ ငါနဲ့ ကိုဟယ်ရီတို့ပြန်တွေ့လို့ ဒါတွေပြောပြရင် သူတော့အံ့သြမှာပဲ။ ဒါ့အပြင် ကျွန်တော်က တရုတ်လို သူ့ကိုမှုတ်လိုက်ရင် ပိုအံ့သြမှာ (သူက တရုတ်စကား မတတ်သလောက်ပါ)လို့လည်း တွေးမိပါသေးတယ်။

ဘယ်လိုပဲပြောပြော ကိုယ့်တိုင်းပြည်ကို အင်မတန်ချစ်၊ ကိုယ့်အိမ်နဲ့မိသားစုကို အင်မတန်ခင်တွယ်တဲ့လူက တရုတ်ပြည် ယူနန်ပြည်နယ်ထဲက ထိန်ခြုံးကိုရောက်နေပြီး ဒီထိန်ခြုံးက အဆက်ကတော့ ဗမာပြည်မှာ ဝန်ကြီးဖြစ်နေပါတယ်။

ဒါဟာ လက်တွေ့ပါ။

ဖိုးသံ (လူထု)


 

No comments: