Friday, November 23, 2012

ဘယ်သူတွေကို ကာကွယ်ဖို့ ဘယ်သူတွေကို ခြိမ်းခြောက်ဖို့ ဥပဒေလဲ (မောင်ဝံသ)


ရုရှားက နိုင်ငံတော်သစ္စာဖောက်မှုဖွင့်ဆိုချက် 

ဒီရက်ပိုင်းအတွင်း အင်တာနက်သတင်းတွေထဲမှာ ကျွန်တော့်အာရုံကို ကပ်ငြိတဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့ ရုရှားနိုင်ငံက ဘီဘီစီသတင်းထောက် တင်လိုက်တဲ့သတင်းပါ။

သတင်းက နိုင်ငံတော်သစ္စာဖောက်မှုဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ပြန်လည် ဖွင့်ဆိုထားတဲ့ ဥပဒေသစ်တစ်ခုကို သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့သတင်းဖြစ်ပါတယ်။

ဝေဖန်သူတွေကတော့ အခုထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ရဲ့ တကယ့်ရည်ရွယ်ချက် အစစ်အမှန်က အစိုးရနဲ့ သဘောထားကွဲပြားသူတွေကို နှိပ်ကွပ်ခြိမ်းခြောက်ဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဥပဒေသစ်အရ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို နိုင်ငံခြားအဖွဲ့အစည်းများသို့ မျှဝေပေးတဲ့သူများသာမက အဲဒီသတင်းအချက်အလက်တွေကို ဘယ်နိုင်ငံခြားအဖွဲ့အစည်းတွေကိုမှ မျှဝေမပေးဘူးဆိုရင်တောင် လက်ဝယ်ကိုင်ဆောင်ထားတာကို တွေ့ရှိရုံနဲ့ လူတစ်ယောက်ဟာ ပြစ်ဒဏ် စီရင်ချက်ချမှတ်ခံရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။


ဒါကြောင့် ဒီဥပဒေသစ်ရဲ့ ရည်ရွယ်ချက်တစ်ခုက ရုရှားနိုင်ငံသားတွေ နိုင်ငံခြားက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ မဆက်ဆံရဲကြဖို့ဖြစ်တယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ပြောကြပါတယ်။

ဥပဒေကို ကိုင်တွယ်ကျင့်သုံးသူတွေ 

အားလုံးသိကြတဲ့အတိုင်း လက်ရှိရုရှားသမ္မတ ပူတင်ဟာ ဆိုဗီယက်ခေတ်မှာ ပြည်သူတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့ (ကေဂျီဘီ)ရဲ့ အရာရှိဟောင်းတစ်ဦးဖြစ်ပြီး သမ္မတရာထူးနဲ့ ဝန်ကြီးချုပ်ရာထူးတွေကို လိုသလို တစ်လှည့်စီယူခဲ့သူ၊ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာလည်း မဲမသမာမှုတွေလုပ်ပြီး အနိုင်ရလာခဲ့သူအဖြစ် အတိုက်အခံတွေရဲ့ ကန့်ကွက်ဆန္ဒပြခြင်းခံခဲ့ရသူဖြစ်လေတော့ သူ အခု လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုဆိုင်ရာ ဥပဒေဆိုတာကလည်း ကိုင်တွယ်ကျင့်သုံးသူက ရိုးသားဖြောင့်မတ် တည်ကြည်မှု မရှိဘူး၊ စိတ်ရင်းစေတနာ မမှန်ဘူးဆိုရင် လိုသလို အလျှော့အတင်း ပြုလုပ်နိုင်တာမျိုးဖြစ်လေတော့ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသူတွေအပေါ် ယုံကြည်ကိုးစားမှုမရှိသူတွေ စိုးရိမ်ပူပန်တာလည်း သဘာဝကျပါတယ်။

ကျွန်တော် အစာမကြေတဲ့ ဆက်သွယ်ရေး ဥပဒေကြမ်း 

ရုရှားနိုင်ငံကကိစ္စကိုတော့ ထားလိုက်ပါတော့။ ကျွန်တော်တို့နိုင်ငံမှာလည်း မကြာသေးခင်ရက်ပိုင်းအတွင်းက အများပြည်သူသိအောင် သတင်းစာများကတဆင့် ထုတ်ပြန်ပေးလိုက်တဲ့ ဆက်သွယ်ရေးဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ထဲ အစာမကြေဖြစ်နေတဲ့အချက်တွေ ရှိနေခဲ့ပါတယ်။ အဲဒီအချက်တွေကို ကျွန်တော့်စာဖတ်ပရိသတ်တွေကို ချပြီး ကျွန်တော်နဲ့ သဘောထားချင်း တူမတူ စူးစမ်းကြည့်ချင်ပါတယ်။

ပထမဆုံးအချက်က ဥပဒေကြမ်းရဲ့ အခန်း(၁၉) ပြစ်မှုနှင့် ပြစ်ဒဏ်များဆိုတဲ့ အခန်းမှာပါတဲ့ ဖော်ပြချက်မှာပါ။ အဲဒီအခန်းရဲ့ ပုဒ်မ(၆၀)မှာ ထောင်ဒဏ် အနည်းဆုံး (၇)နှစ်မှ အများဆုံး (၁၅)နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်မှုများကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

(က) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေမည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊

(ခ) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့်စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့်သက်ဆိုင်သော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။

ဖုန်းပြောတာ အီးမေးလ်ပို့တာ လက်ခံထားတာ 

အဲဒီဥပဒေပုဒ်မပါတဲ့ အပုဒ်တွေကိုကြည့်ရင် အင်မတန်မှ ယေဘုယျကျပြီး လူတစ်ယောက်ကို အာဏာပိုင်တွေက သူတို့ဆန္ဒရှိသလို ဖမ်းဆီး စွဲချက်တင် အရေးယူအပြစ်ပေးနိုင်ခွင့်ပြုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံတော်ရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ့်အမြင်သဘောထားကို ကိုယ့်မိတ်ဆွေထံ ဖုန်းကတဆင့်ပြောတာ၊ အီးမေးလ်ပို့တာ၊ တစ်ဖက်က ပေးပို့တဲ့သတင်းအချက်အလက်တွေ ရယူတာဟာ ထောင်ဒဏ် (၁၅)နှစ် ကျခံရနိုင်တဲ့ ပြစ်မှုတွေ ဖြစ်နေပါတယ်။

နောက်ပြီး အဲဒီအခန်းမှာလည်း ပုဒ်မ(၆၆)မှာ (၃)နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တဲ့ ပြစ်မှုများဆိုပြီး အောက်ပါအတိုင်း ဖော်ပြထားပါသေးတယ်။

(က) မမှန်ကန်သော သတင်းအချက်အလက်တွေကို မရိုးမဖြောင့်သောသဘောဖြင့် လက်ခံခြင်း၊ ပို့လွှင့်ခြင်း၊ ဖမ်းယူခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း၊ သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း။

(ခ) မိမိနှင့်မသက်ဆိုင်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ခွင့်ပြုချက်မရှိဘဲ လက်ခံခြင်း၊ ကြားဖြတ်ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း။

အဲဒီစကားရပ်တွေဟာလည်း အုပ်ချုပ်ရေး၊ တရားရေး အာဏာပိုင်တွေက ပြည်သူတွေကို မလိုရင် မလိုသလို ဖမ်းဆီး အပြစ်ပေးနိုင်အောင် ခွင့်ပြုထားသလို ဖြစ်နေပါတယ်။ မမှန်မကန်သော အချက်အလက်ဆိုတာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုမှာလဲ။ ဥပမာ - ရခိုင်ပြည်နယ်က မိတ်ဆွေတစ်ယောက်က သူနေတဲ့ရွာကို ဘင်္ဂါလီတွေက မီးလာရှို့သွားပါတယ်ဆိုတဲ့ အီးမေးလ်တစ်ခု ကျွန်တော့်ဆီ ပို့လိုက်တယ် ဆိုပါစို့။

ကျွန်တော်က ရခိုင်ကိုသွား၊ ကိုယ်တိုင် အဲဒီရွာကို သွားကြည့်၊ ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်း အတည်ပြုချက်ရယူ၊ ပြီးတော့မှ ရန်ကုန်ပြန်လာ၊ အဲဒီအီးမေးလ်ကို ပရင့်ထုတ်ယူ ဒီလို လုပ်ရမှာလား။ အဲဒီ အီးမေးလ်ကြောင့် အာဏာပိုင်တွေက ကျွန်တော့်ကိုဖမ်းပြီး တရားရုံးတင်တယ် ဆိုပါတော့။ ကျွန်တော် အဲသလိုတွေလုပ်ခဲ့ပြီးမှ အီးမေးလ်ကို ပရင့်ထုတ်ခဲ့တာ ဖြစ်ပါတယ်လို့ပြောရင်ရော တရားသူကြီးက လက်ခံမှာလား။ ‘မရိုးမဖြောင့်သော သဘောဖြင့်’ ဆိုတဲ့ စကားအသုံးအနှုန်းကိုရော ဘယ်လို အဓိပ္ပာယ်ဖွင့်မှာလဲ။ မုသားဖော်စက်နဲ့ စစ်မှာလား။ ကျွန်တော်တို့နိုင်ငံမှာ မုသားဖော်စက်သုံးပြီး စစ်ဆေးတဲ့နည်း အသုံးပြုနေပြီလား။ မရိုးမဖြောင့်တဲ့သဘောလို့ ကောက်ချက်ဆွဲနိုင်အောင် ဘယ်လို အထောက်အထားတွေကို အသုံးပြုမည်လဲ။ ကျယ်လွန်းလှပါတယ်။

ကိုကိုကြီးကို ထောင် နှစ် ၆၀ ချခဲ့တာ စီရင်ထုံးဖြစ်သွားမလား 

ကုန်လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကာလ တစ်ပါတီ အာဏာရှင် စစ်အာဏာရှင်စနစ်တွေအောက်မှာ ကျွန်တော်တို့ပြည်သူတွေဟာ ဥပဒေဆိုတဲ့စကားလုံးကို ရေလဲနဲ့ အမျိုးမျိုးသုံးစွဲပြီး အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပန်းတဲ့ဒဏ်ကို ကျောကော့အောင် ခံစားခဲ့ကြရပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် ဖွံ့ဖြိုးလာပြီး သတင်းဆက်သွယ်ရေး နည်းပညာခေတ် ရောက်လာတော့လည်း အာဏာရှင်အစိုးရက အီလက်ထရောနစ် ဥပဒေဆိုတာကို ထုတ်ပြန်ပြီး ပြည်သူတွေကို ဖိနှိပ် နှိပ်ကွပ်ခဲ့ပါတယ်။

ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးဆိုရင် လက်ခံမိတဲ့ အီးမေးလ်တစ်စောင် ထောင် ၁၅ နှစ်နှုန်းနဲ့ အီးမေးလ် ၄ စောင် ထောင်အနှစ် ၆၀ ကျခံခဲ့ရသူဖြစ်သလို ဒီမိုကရေစီ ဘလော့ဂါတစ်ဦးဖြစ်တဲ့ နေဘုန်းလတ်ဆိုရင်လည်း အဲဒီဥပဒေနဲ့ပဲ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခြင်းခံခဲ့ရပါတယ်။ ဥပဒေတွေရဲ့သဘောမှာ အဲဒီဥပဒေကိုအတည်ပြုပြီး ပထမဆုံး အရေးယူကိုင်တွယ်ဆောင်ရွက်ပုံဟာ စီရင်ထုံးဖြစ်သွားပြီး နောက်နောင် ပေါ်ပေါက်လာမယ့် အလားတူ ကိစ္စမျိုးတွေအတွက် စံနမူနာဖြစ်သွားတာမို့ သူ့ကို ထောင် အနှစ် ၆၀ ချမှတ်ခဲ့တဲ့ အရေးယူမှုဟာ စီရင်ထုံးဖြစ်သွားတော့မယ့် အရေးနဲ့ပတ်သက်ပြီး ကိုကိုကြီး စိုးရိမ်တကြီး ပြောဆိုခဲ့ပုံတွေကိုလည်း ကျွန်တော် ကြားယောင်နေဆဲပါ။

ဥပဒေဆိုတာ လူတွေကို ကာကွယ်စောင့်ရှောက်ဖို့ 

အခုလည်း လာပြန်ပါပြီ။ ဆက်သွယ်ရေး ဥပဒေကြမ်း တဲ့။ တကယ်တော့ ဥပဒေဆိုတာ မတရားပြုကျင့်ခံရနိုင်မှုတွေကနေ လူသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လူသားတွေက တီထွင် ချမှတ် ပြဌာန်း ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဥပဒေဆိုတာဟာ ဖိနှိပ်အုပ်စိုးသူတွေရဲ့ ဖိနှိပ်ရာမှာအသုံးပြုတဲ့ လက်နက်ကိရိယာတန်ဆာပလာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အခု ကျွန်တော်တို့နိုင်ငံဟာ ဖိနှိပ်အုပ်စိုးတဲ့ နိုင်ငံရေးစနစ်နေရာမှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ ဆိုတဲ့ လူတန်းစားနှစ်ရပ် မရှိနိုင်တဲ့စနစ်နဲ့အစားထိုးဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေမှာ ကျွန်တော်တို့ နောက်ကကျကျန်ခဲ့တာကို နိုင်ငံတကာနဲ့အမီလိုက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ အတုခိုးဖို့ကြိုးစားရင် တရုတ်ပြည်တို့၊ ရုရှားပြည်တို့၊ မြောက်ကိုရီးယားတို့၊ ကျူးဘားတို့၊ ဗီယက်နမ်တို့၊ ကမ္ဘောဒီးယားတို့၊ လာအိုတို့၊ စင်ကာပူတို့၊ မလေးရှားတို့လိုနေရာတွေမှာ ကျင့်သုံးနေတာတွေကို နည်းနည်းကလေးမှ နားမယောင်စေလိုပါ။

အဲဒီနိုင်ငံတွေကို အားကျနေသူတွေ မီးကြွင်းမီးကျန်များသဖွယ် ကျန်ရှိနေသေးတာ သေချာနေတယ်ဗျာ။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒ်ီမိုကရေစီစနစ်ကို တည်ဆောက်နေရိုးအမှန်ဆိုရင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးပိုင်းက ပုဂ္ဂိုလ်တွေက ပြည်သူတွေကို ဖိနှိပ်ခွင့်ရှိစေတဲ့ ဥပဒေအဟောင်းမှန်သမျှ ဖျက်သိမ်းပစ်ဖို့ သူတို့ကိုယ်တိုင်က စတင် ဆောင်ရွက်ကြရမှာဖြစ်သလို အဲသလိုမျိုး ဥပဒေဆိုးအသစ်တွေ ပုံစံတစ်မျိုးမျိုးနဲ့ နောက်ထပ် ပေါ်မလာအောင်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးအားလုံးနဲ့ ပြည်သူတစ်ရပ်လုံး အတူတကွ ဝိုင်းဝန်းကာကွယ် ဟန့်တားကြရမှာ ဖြစ်ကြောင်းပါဗျ။

၁၈၊ ၁၁၊ ၂၀၁၂
maungwuntha@gmail.com

မောင်ဝံသ ပြောချင်လွန်းလို့ (ပြည်သူ့ခေတ် ဂျာနယ်၊ ၂၂-၁၁-၂၀၁၂) 


 

No comments: