“မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တိုက်ရိုက်ပတ်သက်သူတွေရော၊
သွယ်ဝိုက်ပတ်သက်နေသူတွေရော လွှတ်တော်ထဲမှာ ထိုင်ခွင့်ရနေကြသည်။
ခရိုနီကြီးတွေရော၊ သူတို့ဆွေမျိုးတွေပါမကျန် လွှတ်တော်တက်ခွင့်ရနေကြသည်။
အုပ်ချုပ်ရေးယန္တရား၊ စီမံခန့်ခွဲရေးယန္တရားဘက်ကို လှည့်ကြည့်လိုက်ပါဦး။
ဗျူရိုကရက် အကြီးကြီးတွေနှင့် တက်ခနိုကရက် ဆိုသူတွေမှာလည်း
ခရိုနီကြီးတွေနဲ့ မကင်းရာမကင်းကြောင်းတွေ ဖြစ်သည် …”
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာပြီဟု ဒီနေ့ပဲ သိရသည်။ တပြိုင်နက်တည်းမှာပင် ကမ္ဘာ့ဘဏ်ကလည်း ငွေသန်းပေါင်းများစွာကို မြန်မာပြည် အသွင်ကူးပြောင်းရေးကာလတွင် အသုံးချနိုင်ရန် အလို့ငှာ ထုတ်ချေးယူခွင့် ပြုလိုက်သည်။ အေဒီဘီ(အာရှဖွံ့ဖြိုးရေးဘဏ်) ဆီမှလည်း သတင်းကောင်းတွေကို ဆက်တိုက်ဆိုသလို ကြားနေရသည်။ မကြာခင် အီးယူက လာဦးမည်။
ဒါတွေဟာ တကယ်ပဲ သတင်းကောင်းတွေဖြစ်သလား။ တကယ်ပဲ ဒါတွေကို သတင်းကောင်းတွေအဖြစ်ပဲ ရှုမြင်ချင်သည်။
နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်အတွက် အကျိုးရှိသော၊ အထောက်အပံ့များပဲ ဖြစ်စေချင်သည်။ အရပ်စကားနှင့်ဆိုရလျှင် မြန်မာပြည်က ဗိုက်နာနေသည်။ နိုင်ငံရေးအရ အချို့သောအချက်တွေ အပြုသဘောဆောင်လာသည့်အပေါ် အကောင်းမြင်မိသည်များ ရှိပါသည်။ သို့သော် အာဏာရှင်စံနစ်အဟောင်းက ဒီမိုကရေစီ အမည်ခံအစိုးရသစ်ဆီကို ခွက်တလုံးနှင့် အထုပ်တထုပ်ကို အမွေအဖြစ်ပေးခဲ့သည်။ တောင်းချင်သည့်ဆီမှာသာ တောင်းကြပေရော့။
အထုပ်တထုပ်ကတော့ အကြွေးထုပ်ကြီးဖြစ်သည်။ ဂျပန်က အကြွေးဝန်ထုပ် အတော်များများကို ကူပြီးဆပ်ပေးမည်ဟု ဆိုလာသည်။ ကျေးဇူးတင်ရပေမည်။ တချိန်တည်းမှာပင် ကျနော်တို့ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံတွေကလည်း ဆူညံနေသည်။ ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်(ဖ်) အစရှိသဖြင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနှင့် ဆက်ဆံသည့်အခါ ငွေနှင့်အတူ ကိုယ့်ကို ချည်နှောင်ဘောင်ခတ်ထားမည့် ကြိုးတွေကလည်း ကျွဲကူးရေပါဆိုသလို ပါလာကြမည်မှာမလွဲ။ သူတို့မှာ ငွေနှင့်အတူ တောင်းဆိုမှုတွေ ပါလာမည်။ ဖိအားပေးမှုတွေ ပါလာမည်။ အကြံကောင်းဉာဏ်ကောင်း အကူအညီဆိုသော ခေါင်းစဉ်အောက်မှာ အကျိုးစီးပွားကိစ္စတွေကလည်း မလွဲမသွေပါလာမည်။ ဒါတွေက ငြင်းပစ်လို့မရ။
နိုင်ငံတိုင်းက ကိုယ့်အခြေအနေနှင့်တတ်နိုင်သမျှ လိုက်လျောညီထွေဖြစ်အောင် စဉ်းစားကြသည်၊ ကာကွယ်ကြသည်။ အမျိုးသားအကျိုးစီးပွားကိုလည်း ကြည့်ရသည်။ ငွေရရင်ပြီးရောဆိုပြီး အမြင်တိမ်၍ မရကြပါ။ လက်တွေ့တွင်လည်း တိုင်းပြည်တစ်ခု၊ ခေတ်သစ်တစ်ခုဆီကို နလန်ထဘဝက ရုန်းထတော့မည်ဆိုလျှင် ငွေ လိုသည်၊ အတတ်ပညာ လိုသည်။ စိတ်ဓာတ်နှင့်စည်းကမ်း လိုသည်။ အမျိုးသားစီမံကိန်းရှိဖို့ လိုသည်။ အကောင့်တေဘယ်လတီရှိဖို့ လိုသည်။ ထရန်စဖာရန်စီရှိဖို့ လိုသည်။
အစိုးရ၊ လွှတ်တော် စသည့် အာဏာပိုင်အဖွဲ့အစည်းများက အဘယ်မျှလောက် ကြိုတင်ပြင်ဆင်မှုရှိနေပြီးမှန်း မခန့်မှန်းတတ်ပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်စီမံခန့်ခွဲရေးကဏ္ဍများတွင် လုံလောက်သော man power ရှိနေပါပြီလား၊ မသေချာပါ။ အကူးအပြောင်းကာလ၊ နိဒါန်းပျိုးကာလများတွင် အားနည်းချက်များ မပြည့်စုံမှုများရှိနေနိုင်သည်ကို နားလည်နိုင်ပါသည်။ အဓိကက စေတနာမမှားကြဖို့ပင်ဖြစ်သည်။ ငွေတွေက တကယ်လိုအပ်နေတဲ့အရာတွေ လိုအပ်နေတဲ့သူတွေဆီကို တကယ်ရောက်ဖို့ လိုသည်။
မြန်မာပြည်တွင် လူလတ်တန်းစား ကျေပြုန်းသလောက် ဖြစ်နေပြီ။ ပြန်ပြီး ဖွံ့ဖြိုးလာအောင် လုပ်ကြရမည်ဟု အတော်များများက ဆိုကြသည်။ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရလာလိမ့်မည်ဟု အကောင်းဘက်မှ ရှုမြင်နိုင်ပါသည်။ အလုပ်ရှိလျှင် ဝင်ငွေလည်း တိုးလာကြလိမ့်မည်။
အခုတလော ခရိုနီဆိုသောအသံတွေ အရင်ကထက်စာလျှင် အတော်ကြီး ပိုကြားလာရသည်။ စစ်တပ်ကတော့ နိုင်ငံရေးအရ ခြေလှမ်းတွေကို ဆုတ်ဟန်ပြထားသည်။ ဒါဆိုရင် စစ်တပ်က ဖွားဖက်တော် ခရိုနီကြီးများကရော သူတို့ကရော သူတို့ခြေလှမ်းတွေကို ဆုတ်ဟန်ပြထားသလား၊ တက်ရိပ်ပြနေသလား၊ ပိုနေမြဲ ကျားနေမြဲပဲလား။
မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တိုက်ရိုက်ပတ်သက်သူတွေရော၊ သွယ်ဝိုက်ပတ်သက်နေသူတွေရော လွှတ်တော်ထဲမှာ ထိုင်ခွင့်ရနေကြသည်။ ခရိုနီကြီးတွေရော၊ သူတို့ဆွေမျိုးတွေပါမကျန် လွှတ်တော်တက်ခွင့်ရနေကြသည်။ အုပ်ချုပ်ရေးယန္တရား၊ စီမံခန့်ခွဲရေးယန္တရားဘက်ကို လှည့်ကြည့်လိုက်ပါဦး။ ဗျူရိုကရက် အကြီးကြီးတွေနှင့် တက်ခနိုကရက် ဆိုသူတွေမှာလည်း ခရိုနီကြီးတွေနဲ့ မကင်းရာမကင်းကြောင်းတွေ ဖြစ်သည်။
မပြေးသော်ကန်ရာရှိနေ၍သာ ဆိုရခြင်းဖြစ်သည်။ စေတနာမမှားကြဖို့ဟု အထက်မှာဆိုခဲ့ပြီးဖြစ်သည်။ တချိန်တခါက စစ်အုပ်စုဝင်များနှင့် အကြောင်းအပေါင်းသင့်၍ မြန်မာ့မီလျံနာကြီးများ၊ ဘီလျံနာကြီးများ ဖြစ်ခဲ့ကြပြီးပါပြီ။ လူထုကို နင်းချေပြီးတက်လာခဲ့သည်များမှာလည်း ယနေ့တော့ ပေါ်သင့်သလောက် ပေါ်လာနေပြီ။ တော်သင့်ရပ်ပါပြီ။ စစ်တပ်က နိုင်ငံရေးအရ နောက်တစ်လှမ်းဆုတ်ခြင်းမှာ စီးပွားရေးအရ ခြေလှမ်းပေါင်းများစွာ တိုးပြီး လှမ်းဖို့ဆိုသည်ကို ကျနော်တော့ မဆွကပင် နားလည်ပြီးဖြစ်ပါသည်။
အကူးအပြောင်းကာလများတွင် အစိုးရတိုင်းက တိုင်းရင်းသားဓနရှင်များကို အကာအကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံခြားသား အရင်းရှင်များကို ယှဉ်ပြိုင်နိုင်ရေးအတွက် ဥပဒေများပြုကာ အကာအကွယ်ပေးကြရသည်။ သူတို့ဘက်မှ ရပ်တည်ပေးကြရသည်။
ဖိလစ်ပိုင်ကို ကြည့်ပါ၊ အင်ဒိုနီးရှားကို ကြည့်ပါ၊ တချိန်က အာဏာရှင်တွေနှင့် လုံးလားထွေးလားလုပ်ပြီး ကြီးပွားလာခဲ့သူတွေကိုပင် ဒီမိုကရေစီ ခေတ်ပြောင်းအစိုးရတွေက တိုင်းရင်းသား ဓနရှင်များအဖြစ်ဆက်ပြီး သိဒ္ဓိတင်ပေးခဲ့ကြရသည်ကို တွေ့ခဲ့ကြရပါပြီ။ ဒေါက်တာဇီဗားဂိုး ရုပ်ရှင်ကိုပင် ပြန်ပြီးအမှတ်ရမိသည်။
ပိတ်ဆို့မှုများမှာလည်း အတော်များများ ရုပ်သိမ်းကုန်ပြီဖြစ်၍ ကူးသန်းရောင်းဝယ်စရာ၊ ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းများလည်း ပိုပြီးပွင့်လာနေသည်။ ဒီအခြေအနေနှင့် အခွင့်ကောင်းကို ခရိုနီများ အဘယ်သို့များ ခံစား နားလည်နေကြသနည်းဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ငွေထုပ်အကြီးကြီးတွေ ပိုက်ထားသူများက ယခုအခြေအနေအောက်မှာ မျက်လုံးအရောင်တွေ တဖြတ်ဖြတ်တောက်နေကြသည်။ အတ္တအကျိုးနှင့် ပရအကျိုး ဘယ်အရာက ရှေ့တန်းကို ပိုရောက်နေသလဲဟု ကိုယ့်ကိုယ်ကို ပြန်မေးသင့်၊ စစ်ဆေးသင့်၊ သတိတရားပြန်ပေးသင့်သော အခြေအနေမျိုးဖြစ်သည်။
တိုင်းပြည်အတွက် မည်၍မည်မျှ အကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုးလဲ၊ ဆင်းရဲသားအများစုကြီး အကျိုးမည်မျှဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများလဲ၊ ဒါက ကိုယ်ပိုင်ရွေးချယ်မှုမျိုးဖြစ်သည်။ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝသည့် လမ်းကိုရွေးမည်လော၊ ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာလမ်းကို ရွေးကြမည်လော။ ခေတ်ပျက်သူဌေးတွေဟုဆိုသော အရိပ်မဲကြီးအောက်က မှန်မှန်ကန်ကန် ပြန်လည်ရုန်းထွက်ပြနိုင်အောင် အခွင့်ကောင်းယူပါလျှင် နတ်လူသာဓုခေါ်ပါလိမ့်မည်။ ။
အုပ်စိုးနိုင်
No comments:
Post a Comment