နိုဝင်ဘာ ၁၃ ရက် (အင်္ဂါနေ့) မှာ အိန္ဒိ္ဒယမြေပေါ်ခြေချခဲ့တာ ဒေါ်အောင်ဆန်းစုကြည်အတွက် အတိတ်ကောင်း နမိတ်ကောင်းနဲ့ လာခြင်းကောင်းတဲ့ခရီးလို့ ဆိုရမယ်။ နှလုံး၊ လက်ရုံးနဲ့ယှဉ်ပြိုင်ဖက် ရာဝဏကိုအောင်ပွဲခံပြီး သီဟိုရ်ကျွန်းကအပြန် ရာမနဲ့လက္ခဏာညီနောင်တို့ သီတာဒေဝီနဲ့အတူ ပြည်တော်အဝင်မှာ တိုင်းသူပြည်သားတွေက နံ့သာဆီမီးတွေ ထွန်းညှိကြိုဆိုတဲ့ အိန္ဒိယရဲ့ ဒီဝါလီ မီးထွန်းပွဲတော်နေ့နဲ့ တိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။
အဲဒီနေ့ဟာ အိန္ဒိယပြည်သူတွေအဖို့ ရန်အပေါင်းနဲ့ မကောင်းမှုအစုစုကို အောင်မြင်ကျော်လွှားနိုင်တဲ့ အတိတ်နမိတ်လည်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ဟာ ငယ်ငယ်က ပညာနို့ရည်စို့ခဲ့တဲ့ နေရာဟောင်းကို အနှစ် ၄၀ ကျော်ကြာပြီးမှ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်အဖြစ်ရော၊ ကမ္ဘာ့ခေါင်းဆောင်တယောက်အနေနဲ့ရော၊ ဒီမိုကရေစီ သူရဲကောင်းတယောက်အနေနဲ့ရော ထပ်မံခြေဦးလှည့်ခွင့် ကြုံရတာပါ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်လုံးလုံး သူ့အပေါ် အငြိုးကြီးခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးကို ကောဇောနီခင်းကြိုဆိုခဲ့ရတဲ့ ခရီးစဉ်နဲ့ အနှစ်သာရနဲ့တော့ အတော်လေး ကွဲပြားမယ် ထင်ပါတယ်။
ကျနော်တို့နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကျော်လောက်ကတည်းက အိန္ဒိယထံက တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကို ရရှိခဲ့တယ်။ တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်၊ ဂေါတမ္မဗုဒ္ဓထံကအလှူခံခဲ့တဲ့ ဆံတော် ၈ ဆူဟာ မြန်မာပြည်သူတွေအဖို့ အိန္ဒိယဆီကရလိုက်တဲ့ (သမိုင်းအရ၊ ဘာသာရေးအရ၊ ဝါဒအတွေးအခေါ်အရ) မျိုးဆက်အလိုက် တန်ဖိုးမဖြတ်နိုင်တဲ့ ပျောက်လည်းမပျောက်ပျက်နိုင်တဲ့ ဧရာမလက်ဆောင်ကြီး ဖြစ်ပါတယ်။ ဒီကနေ့ ရွှေရောင်ဝင်းဝင်း ရွှေတိဂုံရဲ့သမိုင်းအစဟာ အိန္ဒိယမြန်မာဆက်ဆံရေး နိဒါန်းကို လှလှပပ ဖော်ညွှန်းနေပါတယ်။
မြန်မာ့သမိုင်းအစလို့ပြောရမယ့် ပုဂံခေတ် (၁၁ ရာစု) စာပေအက္ခရာနဲ့ အနုပညာသာမက လောကဓာတ်ပညာ အတော်များများ အိန္ဒိယကရခဲ့တဲ့ လက်ဆောင်တွေပါ။ အနောက်ဘင်္ဂလားပြည်နယ် အပါအဝင် အိန္ဒိယတောင်ပိုင်း၊ သြရိဿပြည်နယ် (Orissa)၊ တမီလ်နာဒူးပြည်နယ်၊ အင်န်ဒရာပရာဒါခ်ျစတဲ့ ဘင်္ဂလားပင်လယ်ကမ်းမြှောင်ဒေသတွေဟာ ရာစုနှစ်ပေါင်းမြားစွာကတည်းက မြန်မာနဲ့ ရေလမ်းကုန်သွယ်ရေးအရ ဆက်ဆံမှုတွေရှိခဲ့ပါတယ်။
ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်နဲ့ မြန်မာ့နောက်ဆုံးမင်းဆက် သီပေါဘုရင်အထိ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို သံတမန်နဲ့ မင်းမှုထမ်းတွေစေလွတ်ပြီး အလှူအတန်းနဲ့ သာသနာအရေးကိစ္စတွေ မပြတ်ခဲ့ပါဘူး။ ဒီနေ့အထိ ဗုဒ္ဓဂါယာမှာ မင်းတုန်းမင်းကျောက်စာတိုင်နဲ့ ပြုပြင်ထိမ်းသိမ်းမှုမရှိတဲ့သိမ်၊ ဇရပ်ပျက်တွေ မြင်နိုင်ပါတယ်။ ဗြိတိလျှကိုလိုနီခေတ် တလျောက်လုံး အိန္ဒိယနဲ့ မြန်မာ နှစ်ပြည့်တပြည် နေခဲ့ရတယ်။
မြေလွတ်မြေရိုင်းတွေတူးဆွပြီး မြေယာသစ်တွေဖော်ထုတ်ဖို့ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ အနောက်ဘင်္ဂလားပြည်နယ်က အင်ဒီယန်းတွေ ထောင်နဲ့ချီပြီး မြန်မာပြည်ကို ရောက်လာခဲ့တယ်။ ဒီကနေ့အထိ ပဲခူးတိုင်းဖြူးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင်နဲ့ တောင်ငူခရိုင်အတွင်း အင်ဒီယန်းလူမျိုးတွေ စုစည်းနေထိုင်တဲ့ ကျေးလက် တော်တော်များများ (အိန္ဒိယ နာမည်တွေနဲ့) ရှိနေပါတယ်။ ရှေးမီနောက်မီလူကြီးတွေပြောလို့ မှတ်မိနေတာတခု ရှိပါတယ်။ အိန္ဒိယက မဟာရာဂျာ (သာဂီနွယ်ဝင်သူဌေး) တယောက် အခု ဖြူးမြို့နယ် ဇေယျဝတီသကြားစက်ထောင်ဖို့၊ စက်ရုံ အလုပ်သမားနဲ့ ကြံတောင်သူလယ်သမားတွေ လိုတာကြောင့် ဘီဟာပြည်နယ်မှာ အိန္ဒိယသားတွေကို စိစစ်ခေါ်ယူပါတယ်။ အလုပ်သမားရွေးပုံက ဆန်းတယ်။
အလုပ်သမားရွေးချယ်သူက တန်းစီနေတဲ့အလုပ်သမားတွေကို၊ လက်ချောင်း ၄ ချောင်းထောင်ပြပြီး “ဒါ ဘယ်နှစ်ချောင်းလဲ” လို့ မေးသတဲ့၊ တန်းစီနေသူတွေက ၄ ချောင်းလို့ အမှန်အတိုင်းဖြေနိုင်ရင် သူ့ကို ဗမာပြည် ခေါ်မသွားတော့ဘူး။ ဒီကောင် စာနည်းနည်းတတ်တယ်ဆိုပြီး ချန်ထားခဲ့သတဲ့။ ခေတ်အခြေအနေက အဲဒီလို။ ဒါပေမဲ့ တချိန်က ဆရာဝန်၊ အင်ဂျင်နီယာ၊ ရုံးအမှုထမ်း၊ ဆက်သွယ်ရေးအရာရှိ တော်တော်များများဟာ အိန္ဒိယတိုင်းသား ပညာတတ်တွေ ဖြစ်ကြတယ်။ မြန်မာပြည်က ပညာတတ်ကြေးရတတ်တွေဟာ အိန္ဒိယနိုင်ငံ၊ ကလက္ကတ္တားတက္ကသိုလ်မှာ သွားရောက်ပညာသင်ရပါတယ်။ ဝံသာနုခေတ်တလျောက်လုံး အိန္ဒိယလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တိလပ်၊ မဟတ္တမဂန္ဓီတို့လို အမျိုးသားရေးဝါဒီတွေဆီက နယ်ချဲ့အစိုးရကို အံတုတိုက်ပွဲဝင်တဲ့ နည်းဗျူဟာတွေ ရခဲ့တယ်။ အင်္ဂလိပ်နာမည်ပါလို့ လိပ်ခွံဘီးတွေချိုးဖျက် ဆန္ဒပြတာ၊ ရိုးရာဖြစ်အားပေးတဲ့ ဖျင်ပင်နီ ယဉ်ကျေးမှုဟာ အိန္ဒိယကွန်ဂရက်ပါတီရဲ့ ဝံသာနုတိုက်ပွဲဂယက်တွေ ဖြစ်ပါတယ်။
အိန္ဒိယကွန်ဂရက်ခေါင်းဆောင် ဂျဝါဟာလာနေရူးကိုယ်တိုင် မြန်မာ့လွတ်လပ်ရေးအတွက် စိတ်ဓာတ်တက်ကြွနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ ကိုသိန်းဖေ၊ ကိုနုတို့လို လူငယ်တွေကို တချိန်မှာ အာရှခေါင်းဆောင်တွေအထိ ရည်မှန်းချက်ထားပြီး စိတ်ပိုင်းရုပ်ပိုင်း အားပေးမြှင့်တင်ခဲ့တယ်။ နယ်ချဲ့လွတ်မြောက်ရေးတိုက်ပွဲအတွက် အားပေး ထောက်ပံ့ခဲ့တယ်။ ချမ်းစိမ့်လွန်းတဲ့ လန်ဒန်ကိုသွားပြီး လွတ်လပ်ရေးအကြို အောင်ဆန်း-အက်တလီ စာချုပ်ချုပ်မယ့် ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂျဝါဟာလာနေရူးရဲ့ ခန့်ငြားထည်ဝါတဲ့ ကုပ်အင်္ကျီရှည်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်အတွက် အကောင်းဆုံး သမိုင်းဝင်လက်ဆောင်တခု ဖြစ်ခဲ့ပါတယ်။ အဲဒီကုတ်အင်္ကျီကြီးနဲ့ ရိုက်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခန့်ငြားထည်ဝါတဲ့ ဓာတ်ပုံနောက်ကွယ်မှာ တရံတခါက ၂ နိုင်ငံ ခေါင်းဆောင်ကြီးတွေရဲ့ နွေးထွေးတဲ့ မိသားစုစိတ်ဓာတ်နဲ့ ချစ်ကြည်ရင်းနှီးမှု အငွေ့အသက်တွေ ရှိနေပါတယ်။
လွတ်လပ်ရေးရပြီးစ ရောင်စုံသူပုန်တွေထပြီး တိုင်းပြည်အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်နေချိန် ဝန်ကြီးချုပ်ဦးနုအတွက် အိန္ဒိယ ခေါင်းဆောင်ကြီး နေရူးရဲ့ လက်နက်ခဲယမ်းမီးကျောက် လက်ဆောင်ဟာ အင်းစိန်အစိုးရအဆင့် ရောက်နေတဲ့ဘဝကနေ ကယ်တင်ပေးခဲ့တယ်။ မိတ်ဆွေစစ်တွေအဖြစ် သမိုင်းအစဉ်လာကောင်းတွေရှိခဲ့တဲ့ အိမ်နီးချင်း ၂ နိုင်ငံ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ရာစုနှစ်တဝက်လောက်မှာတော့ အဖုအထစ်၊ အကောက်အကွေ့တွေနဲ့ အရုပ်ဆိုးခဲ့ပါတယ်။
၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူပိုင်သိမ်းရာမှာ အိန္ဒိယအနွယ်ဝင်တွေကို ကံဆိုးမိုးမှောင် ကျစေခဲ့တယ်။ အိန္ဒိယ ခေါင်းဆောင်ကြီးနေရူးရဲ့သမီး အင်ဒရာဂန္ဒီ ဝန်ကြီးချုပ်ဖြစ်တော့ မြန်မာပြည်က အိန္ဒိယအနွယ်တွေရဲ့ မေတ္တာရပ်ခံမှုနဲ့ အိန္ဒိယကို ဒုက္ခသည်ပြန်လည်ခေါ်ယူရေး အစီအမံနဲ့ သဘောင်္ကြီးတွေ စေလွတ်ပြီး စရိတ်ခံ ပြန်ခေါ်ခဲ့တယ်။ ၁၉၆၄ လောက်က ပဲခူးတိုင်းက အိန္ဒိယအနွယ်တွေ ထောင်နဲ့ချီပြီး အစုလိုက်အပြုံလိုက် သံသေတ္တာတွေ၊ ထင်းရူးသေတ္တာတွေ အထုတ်အပိုးတွေထမ်းပြီး အိန္ဒိယပြန်ကြတာ ကျနော်တို့ငယ်ငယ်က မြင်ခဲ့တယ်။ ရန်ကုန်က အထူးပြေးဆွဲပေးတဲ့ လော်ကယ်မီးရထားပေါ်မှာ ငပိသိတ်၊ ငချဉ်သိတ်၊ ပြူတင်းဝမှာ တိုးလို့တွဲလောင်း၊ ရထားခေါင်မိုးပေါ်ပါမကျန် ကြပ်ညပ်လိုက်ပါသွားတဲ့ အိန္ဒိယတိုင်းသားတွေရဲ့မြင်ကွင်းကို မမေ့သေးပါဘူး။ ရန်ကုန်ဆိပ်ကမ်းကနေ ‘မိုဟန်မဒီ’ ဆိုတဲ့ သင်္ဘောကြီးနဲ့ နယ်မြေသစ်ကိုအခြေချမယ့် အိန္ဒိယလူမျိုးတွေကို သယ်ဆောင်ပြီး နယူးဒေလီ၊ မဒရပ်စ်၊ ဘုံဘေ၊ ကလကတ္တားအရပ်မှာ ဘားမားကိုလိုနီဆိုပြီး ကွက်သစ်တွေ ပေးခဲ့တယ်။
ကျနော်တို့ မြန်မာကျောင်းသားတချို့ ၁၉၉၁ မှာ နယူးဒေလီရောက်တော့ ဂျနတ်ပူရီဆိုတဲ့ ဒေလီအနောက်ပိုင်းရပ်ကွက်မှာ မြန်မာပြည်ဖွား အိန္ဒိယတွေနဲ့ ပြန်ဆုံခဲ့တယ်။ ဟိန္ဒူစကားမတတ်တဲ့ ကျနော်တို့ကို အိမ်ငှားပေး၊ ဈေးဝယ်ပေး၊ ဟင်းချက်ပေး၊ အဝတ်အစားတွေ၊ ပရိဘောဂတွေကအစ လာရောက်ပေးကမ်းကြတယ်။ သူတို့ဟာ မြန်မာပြည်ကို မမေ့ကြဘူး။ ဒီမိုကရေစီရရင် ငါတို့ဗမာပြည်ပြန်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေတောင် ရှိနေသေးတယ်။
ရန်ကုန်က အမကြီးတယောက်ဆို “ကျမတို့ကို ဗမာပြည်မှာကျတော့ ကုလား ကုလားလို့ ခေါ်တယ်၊ ဒီကုလားပြည် ရောက်တော့လည်း ဗမာတွေ၊ ဗမာတွေဆိုပြီး ခေါ်ပြန်တယ်၊ ကျမတို့ ကိုယ့်ကိုယ်ကို ဘာလူမျိုးမှန်းတောင် မသိတော့ပါဘူး” လို့ပြောတာ သတိရတယ်။ အသက် ၇၀ လောက်ရှိတဲ့ အဖွားအိုတယောက်ဟာ ကြိုးကုတင်လေးမှာ မနက်တိုင်း လျောင်းပြီး နေပူစာလှုံတာကို ကျနော်တို့ နေ့တိုင်း တွေ့တယ်၊ တွေ့တိုင်းလည်း၊
“ဟေ့ကောင်လေးတွေ ... မင်းတို့ ဗမာပြည်မပြန်သေးဘူးလား ... ပြန်ရင် ငါ့ကိုပြောနော် ... ငါလည်း လိုက်မယ်” လို့ ပြောလေ့ရှိတယ်။
ကျနော်တို့ကလည်း “ပြန်မှာ သိပ်မကြာဖူး” “ပြန်တော့မှာ သိပ်မကြာတော့ဘူး” လို့ အမြဲဖြေနေကျ။
အခုတော့ အဲဒီအဖွားကြီးကိုလည်း မတွေ့ရတော့ဘူး၊ ကျနော်တို့လည်း အိမ်မပြန်နိုင်သေးဘူး။ မြန်မာပြည်ပြန် အိန္ဒိယ လူမျိုးတွေထံက နွေးထွေးတဲ့မေတ္တာနဲ့ နေဖို့၊ စားဖို့၊ ဝတ်ဖို့လက်ဆောင်တွေရခဲ့ပေမယ့် ကျနော်တို့ကတော့ ခုထိ ဘာမှ ကျေးဇူးမတုံ့ပြန်နိုင်သေးပါဘူး။
၁၉၈၈ ဟာ အိန္ဒိယနဲ့မြန်မာဆက်ဆံရေး သမိုင်းအစဉ်အလာကောင်းတွေကို အစပြုစိန်ခေါ်မှုပဲလို့ ပြောရမှာပါ။ နောက်ပိုင်း အိန္ဒိယအစိုးရ (ဘီဂျေပီပါတီ) ရဲ့ အကြံပေးပညာရှင်တွေထဲက တဦးလည်းဖြစ်တဲ့ ဒေါက်တာအိုင်ပီဆင်းန်ဟာ ၁၉၈၈ အရေးအခင်းကာလက ရန်ကုန်အခြေစိုက် အိန္ဒိယသံအမတ်ကြီးတာဝန် ယူခဲ့သူပါ။ သူကိုယ်တိုင် စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ဆန္ဒပြကျောင်းသားတွေ၊ ရဟန်းသံဃာတွေ ထိမှန်သေဆုံးခဲ့တာ မျက်မြင်တွေ့ခဲ့သူမို့ သံအမတ်အဖြစ်ကနေ အငြိမ်းစားယူပြီးနောက်ပိုင်း နယူးဒေလီမှာပြုလုပ်လေ့ရှိတဲ့ မြန်မာ့အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတွေမှာ “မြန်မာ့ ဒီမိုကရေစီရေးဟာ တနေ့ အောင်ပွဲခံမှာ ဖြစ်တယ်၊ မြန်မာတွေဟာ ဗုဒ္ဓဝါဒီတွေပီပီ တရားဓမ္မနဲ့ညီတဲ့ ခေါင်းဆောင်ကို တန်ဖိုးထားတယ်၊ ပြည်သူအားလုံးဟာ ဒီမိုကရေစီကို လိုလားတယ်၊ အောင်ဆန်းစုကြည်ဆိုတဲ့ ခေါင်းဆောင်ကောင်း တယောက်လည်း ရှိနေတယ်၊ ခေါင်းဆောင်နဲ့ ပြည်သူတွေ ဆုံဆည်းကျတဲ့နေ့ဟာ အောင်ပွဲပဲဖြစ်တယ်” လို့ ကောက်ချက်ချဖူးတယ်။
၁၉၈၈ ဒီမိုကရေစီတော်လှန်ရေးအစမှာ ဂျဝါဟာလာနေရူးရဲ့မြေး ရာဂျစ်ဂန္ဒီ ဝန်ကြီးချုပ် ဖြစ်နေတယ်။ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အိန္ဒိယက ထောက်ခံအားပေးသွားမယ်လို့ ပထမဆုံးနိုင်ငံတကာကို လူသိရှင်ကြား ကြေငြာခဲ့တယ်။ မြန်မာ ဒုက္ခသည်တွေကို ကြိုဆိုလက်ခံခဲ့တယ်။ ထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ အပါအဝင် ဒီမိုကရက်တစ် အဟာမိတ်တပ်ပေါင်းစုအဖွဲ့ (DAB) ကို ငွေကြေးထောက်ပံ့ကူညီတယ်။ နယူးဒေလီအခြေစိုက် အောလ်အင်ဒီးယား ရေဒီယိုကနေ မြန်မာ့ဒီမိုကရေစီရေးရာနဲ့ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် အသံလွှင့်လာတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ရာဂျစ်ဂန္ဒီ လုပ်ကြံခံရပြီးနောက်ပိုင်းကစလို့ ၁၉၉၃ လောက်မှာ အိန္ဒိယက မြန်မာပေါ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒကို ပြန်လည်သုံးသပ်လာပါတယ်။ မြန်မာပြည်သူတွေအတွက် ကံကောင်းခြင်းလက်ဆောင်တွေ ရုတ်သိမ်းသွားပြီလားလို့ မေးခွန်းထုတ်ရမဲ့ကာလတွေ နိဒါန်းစလာပါတယ်။
တကယ်တော့ အဲဒီနှစ်ပိုင်းတွေမှာ ပြည်တွင်းမှာ စစ်အစိုးရက အတိုက်အခံမှန်သမျှ ခေါင်းမထောင်နိုင်အောင် ဦးချိုးနေချိန်ဖြစ်သလို မြန်မာစစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့ဖို့၊ အရေးယူဖို့ ကျယ်ကျယ်လောင်လောင် အော်တာက အမေရိကန်နဲ့ ဥရောပအစိုးရတွေသာဖြစ်ပြီး တရုတ်နဲ့အာစီယံက မြန်မာနဲ့ပေါင်းပြီး စီးပွားရေးအမြတ်ထုတ်နေခဲ့ပါတယ်။ အိန္ဒိယ အနေအထားပြန်ကြည့်တော့ ... ဘီစီ ၂၀၀ ကျော် ဗုဒ္ဓသြဇာအားကောင်းနေစဉ် အိန္ဒိယဟာ အရှေ့တောင်အာရှတခုလုံးမှာ ဂုဏ်သိက္ခာ ထည်ထည်ဝါဝါ ရှိခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်ကာလတလျောက်လုံး ဆိုဗီယက်ရုရှားနဲ့ မျက်နှာမူအားယူပြီး တောင်အာရှအတွင်း သြဇာတည်ဆောက်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီးနောက် သူနဲ့ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေခ်ျ့၊ သီရိလင်္ကာနိုင်ငံတွေမှာ ပြည်တွင်းရေး မတည်ငြိမ်သလို မိမိ (အိန္ဒိယ) နဲ့လည်း ဆက်ဆံရေး ကောင်းလှတာ မဟုတ်။ ဒီကြားထဲ မြန်မာနဲ့ကပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေ (နာဂလင့်၊ မဏိပူရ၊ အာသံ၊ တြီပူရ) မှာလည်း ပြည်နယ်ခွဲထွက်ရေး လှုပ်ရှားသူတွေရန်က ကြီးမားနေတာကြောင့် မြန်မာကို နောက်ထပ်ရန်သူ အသစ်အဖြစ် ထပ်မမွေးလိုဘူးဆိုတဲ့ အတွေးအခေါ်မျိုး ရှိနေပါတယ်။ စီးပွားရေးအရကြည့်မယ်ဆိုရင်လည်း ပြိုင်ဘက် အင်အားကြီး တရုတ်က မြန်မာအပါအဝင် အရှေ့တောင်အာရှတခုလုံးမှာ သြဇာလွှမ်းနေပြီး ဖြစ်နေတယ်။
၁၉၉၄ ခုနှစ်အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒ (Look East Policy) ချမှတ်ချိန် အိန္ဒိယဟာ တရုတ်ထက် ခြေလှမ်းတော်တော် နောက်ကျနေပါပြီ။ အရှေ့တောင်အာရှကိုဆက်သွယ်ဖို့ မြန်မာဟာ တခါးပေါက်ဖြစ်နေပါတယ်။ ဒီအတွက် အိန္ဒိယက မိုးရေး၊ တမူး၊ ကလေးဝ ချစ်ကြည်ရေးလမ်းမကြီး ဖောက်လုပ်ပေးရသလို အရှေ့တောင်အာရှကုန်းလမ်းကြောင်းအတွက် အိန္ဒိယ၊ မြန်မာ၊ ထိုင်း ၃ နိုင်ငံ ချစ်ကြည်ရေးလမ်းကို ၂၀၁၆ မှာ အပြီးသပ်ဖောက်ဖို့ ရာထားပါတယ်။ တဖက်မှာလည်း အာဏာရ စစ်အစိုးရနဲ့ အဆင်ပြေသလိုဆက်ဆံနေရတော့ မြန်မာ့ဒီမိုကရေစီရေးအပေါ် ပျက်ကွက်လာပါတယ်။ အိန္ဒိယမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို သာမန်ဒုက္ခသည်အဆင့်လို ဆက်ဆံပြီး အစိုးရတရပ်အနေနဲ့ အားပေးကူညီမှု မရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၁၉၈၈ ကတည်းက အိန္ဒိယအစိုးရရဲ့ နိုင်ငံရေးအထောက်အပံ့ကို မျှော်လင့်ပြီး နယူးဒေလီမှာ နေထိုင်လှုပ်ရှား နေတဲ့ ABSDF ကျောင်းသားတပ်မတော် (အနောက်ဖက်ဒေသ) နိုင်ငံခြားရေးတာဝန်ခံ ကိုဇင်နိုင်က“မြန်မာတွေက အိန္ဒိယကို မကောင်းမြင်တဲ့ပုံရိပ်မျိုးမရှိပေမဲ့ ထပ်ပြီး ကောင်းမလာတာကိုတော့ သိသွားခဲ့တယ်။ ပြည်သူတွေဘက်က မကူတာနဲ့ ဖိနှိပ်တဲ့အစိုးရဘက် ယိမ်းသွားပြီလို့ မြင်သွားခဲ့တယ်။ မြန်မာပြည်သူတွေကိုယ်တိုင်လည်း အထင်မကြီးတော့ဘူး။ ဒါဟာ အိန္ဒိယအတွက် သိပ်ကောင်းမယ့်နမိတ်တော့ မဟုတ်ဘူး ဒီအတွက် အိန္ဒိယက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ တခုခုပြန်ပေးဆပ်ဖို့ စဉ်းစားရတော့မယ်” လို့ ဆိုတယ်။
တကယ်တော့ အိန္ဒိယဟာ မြန်မာပြည်သူတွေ တကယ်တမ်းလိုအပ်ခဲ့တဲ့ အကူအညီတွေကို လိုက်လျောညီထွေအောင် မပေးနိုင်ခဲ့ပါဘူး။ ၈၈ နောက်ပိုင်း ထင်သာမြင်သာတဲ့ အပြောင်းအလဲမျိုးရှိတဲ့ လက်ဆောင်ကောင်းလေး မြန်မာပြည်သူတွေအတွက် မပေးနိုင်ခဲ့ပါဘူး။ တခါတုန်းက ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရာဇဝင်ထဲ ချန်ရစ်ခဲ့လေပြီလို့ပဲ ပြောရတော့မှာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မတိုင်မီ အိန္ဒိယအခြေစိုက် The Hindu သတင်းစာရဲ့ အင်တာဗျူးတခုမှာ “၂ နိုင်ငံအကြား ရှင်းလင်းပြတ်သားတဲ့ တရားဝင်ဆက်ဆံရေးတွေက ဒီမိုကရေစီဖွံ့ဖြိုးရေးကို ချောမွေ့စေလိမ့်မယ်၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အိန္ဒိယဟာ အစိုးရနဲ့ အတိုက်အခံတွေကြား ပြဿနာတွေ တခါတရံရှိနေလိမ့်မယ်ဆိုတာ ကျမ နားလည်ပါတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအစပြုတည်ထောင်နေပြီမို့ တင်းမာတဲ့ပြဿနာတွေကို လျော့ပါးစေဖို့ နှစ်ဖက်စလုံးက တစိတ်တဝမ်းထဲထား ဆုံးဖြတ်ဆောင်ရွက်မယ့်ဆန္ဒရှိရမှာ ဖြစ်တယ်” လို့ ပြောသွားတယ်။ ပြီးတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် မှန်ကန်၊ ဖြောင့်မတ်မှုရှိဖို့ လိုအပ်သလို လမ်းကြောင်းမှန်နဲ့ လုပ်ကိုင်ရင်းနှီးမြှုပ်နှံဖို့ လိုတယ်လို့လည်း သတိပေးသွားတယ်။
ပြီးတော့ “သိပ်ပြီး အကောင်းမြင်လွန်ကဲတာ မဖြစ်ဖို့လိုတယ်၊ တချိန်ထဲမှာ လိုအပ်တာတွေကို တိုက်တွန်း အားပေးနေဖို့လည်း လိုတယ်၊ အကောင်းမြင်လွန်းရင် အမှားတွေကို လျစ်လျူရှုသလို ဖြစ်တတ်တယ်၊ မမှန်မကန်တာတွေကို လျစ်လျူရှုလိုက်မယ်ဆိုလည်း အမှားတွေကနေ အဆိုးတွေ ဖြစ်လာနိုင်တယ်၊ မှားပြီးရင်း မှားသွားမယ်။ ကျမကတော့ မိတ်ဆွေကောင်းဆိုတာ တခါတလေတော့လည်း ခေါင်းမာရမယ်။ မလုပ်ထိုက် မလုပ်အပ်တာနဲ့ပတ်သက်ပြီးတော့ ပြောသင့်ပြောရမယ်” လို့အိန္ဒိယက မြန်မာအပေါ်ရပ်တည်လိုတဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။
“အစိုးရဆိုတာ တဆက်ပြီးတဆက် ပြောင်းသွားမှာပဲ၊ ပြည်သူတွေက ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အိမ်နီးချင်းဆိုတာ ထာဝရရှိနေမှာပဲ” လို့ အစိုးရချင်းဆက်ဆံရေးထက် ပြည်သူပြည်သူချင်း ဆက်ဆံရေးကသာ အခြေခိုင်တာကို ထောက်ပြခဲ့တယ်။
အိန္ဒိယ-မြန်မာ ဆက်ဆံရေးသမိုင်းတလျှောက်လုံးဟာ မိသားစုလို စိတ်စေတနာကို အခြေခံပြီး လွတ်လပ်မှု၊ ချစ်ကြည်ရင်းနှီးမှုကို ပြည်သူတွေပေါ်မှာ အခြေခံတည်ဆောက်သွားတာပဲ တွေ့ရလိမ့်မယ်။ နှစ်ပေါင်း ၅၀ လောက် ဆက်ဆံရေးကြဲခဲ့တဲ့ အိန္ဒိယထံကနေ ဒေါ်အောင်ဆန်းစုကြည်တယောက် သူတို့အတွက်လက်တွေ့ကျတဲ့ လက်ဆောင်ကောင်းကောင်းလေး ပါလာလိမ့်မယ်လို့ ပြည်သူတွေက မျှော်လင့်နေပါတယ်။
ကိုညို (အော်စလို)
နိုဝင်ဘာ ၁၄၊ ၂၀၁၂
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment