Saturday, August 4, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၇

“ဟိုတလောက ကျောင်းမှာ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တယ် မဟုတ်လား၊ အဲဒါ သူက ဖိုးတက်ကြွ လုပ်နေတာ၊ ငါတို့အဆောင်ဘက်တောင် လာခေါ်သေးတယ်။ ငါ ကြောက်လို့တော့ မလိုက်ရဲဘူး၊ လက်ကိုင်ပုဝါတွေတော့ စုပြီး ပေးလိုက်ပါတယ်”

ထိုသို့ပြောပြီး မခင်အေး တစုံတခုသတိရ၍ “ဟဲ့ … ငါ အားပေးတာ ဘယ်သူမှ မသိစေနဲ့ဦး တော်ကြာ ငါပါ အဆွဲခံနေရဦးမယ်” ဟု ထိတ်လန့်စွာ နှုတ်ပိတ်၏။ ညိုရယ်၍ “စိတ်ချပါ မမအေးရဲ့”ဟု ကတိပေးလိုက်ရသည်။

ကိုဖေသောင်းဆိုသူတို့ ကျောင်းဝင်းထဲလှည့်ပုံ၊ အုတ်ခုံပေါ်တက် တရားဟောပုံတို့ကို ညို မျက်စိထဲ မမအေး ပြောသမျှ မြင်ယောင်လာ၏။ ကန်စပ်မှာ အတီးခံရပြီး နောက်တနေ့ ကျောင်းဝင်းထဲ သူတို့ပြန်ရောက်လာသေးတယ်။ ပိတ်ပြီး ဆွဲသွားတော့ သူ ပါသွားပြီအောက်မေ့နေတာ၊ ကြည့်စမ်း သူ ကျောင်းဝင်းအပြင်မှာလည်း အဲဒါတွေ လိုက်လုပ်နေသေးတယ်။ လက်စသပ်တော့ ကိုယ်တော်ချောက ဒီကို လာရှောင်နေတာပဲ ဖြစ်ရမယ်ဟု တထစ်ချပြောနေ၏။


ထိတ်လန့်ခြင်းကြားမှပင် ညို ဘဝင်ကျသွားပြီဖြစ်သည်။

အိမ်ရှေ့တံခါးဝမှ ခေါင်းပြူ၍လိုက်ကြည့်နေသေးသော မခင်အေးပခုံးအား ပုတ်၍

“မမအေး ... ဘယ်သူမှ မပြောနဲ့နော်၊ သူ ဒုက္ခရောက်ပါမယ်”

“အို ... ဘာလို့ပြောရမလဲ၊ ငါတို့အတူတူပဲဥစ္စာ ...”

ထိုသို့ မခင်အေးပြောပြီး သူ ဘယ်ရွာလာနေသလဲ မသိဘူးနော် အသိဆွေမျိုးတွေဆီ လာနေတယ် ထင်တယ်။ စသဖြင့် တွေးဆပြော ပြောနေ၏။ မမအေး မသိချင်ယောင်ဆောင်နေ၊ ဒီနားမှာ မမအေးတို့ကျောင်းက တခြားလူလဲရှိတာ မဟုတ်ဘူး၊ တော်ကြာ မမအေးကို တွေ့လို့ သူ လန့်ပြီးထွက်ပြေးသွားဦးမယ်ဟု ညို သတိပေး၏။

“ငါ စဉ်းစားနေတာ” ဟု မခင်အေး ပြန်ပြောသည်။

“ငါ သူ့ကို အားပေးလိုက်ရင် ကောင်းမလားလို့၊ ကိုယ့်တကျောင်းထဲသားချင်းလည်း ဖြစ်တယ်။ ကိုယ့်ရပ်ရွာမှာ ရောက်နေတာလည်း ဖြစ်တယ်။ ဒါပေမယ့် ညိုပြောသလို သူလန့်ပြီး ထပ်ပြေးနေရဦးမယ်၊ တကယ်တော့ ဒီမှာနေတာ ကောင်းတယ်”

“ညို ကြည့်လုပ်လိုက်မယ်၊ မမအေး အသာနေလိုက် ညိုနဲ့သူ စကားနည်းနည်း ပြောဖူးပါတယ်၊ သူ သနားစရာတော့ ကောင်းတယ်။ သိပ်ပျင်းနေတာ၊ အဖော်လည်း မရှိဘူး၊ စာဖတ်ချင်တော့လည်း အခက်ကြုံနေတယ်”

တဆက်တည်း ညို့မိဘများသဘောထားကိုပါ ညို ပြောပြလိုက်သည်။

မခင်အေး ခေါင်းညိမ့်၍ အေးကောင်းတယ်၊ ငါနောက်နေ့လာခဲ့ဦးမယ် ညိုကြည့်ပြီး သူ့ကိုပြောထားလိုက်ဟု သဘောတူသည်။

နောက်တနေ့ နေညိုချိန် တောဘူတာလေးသို့ သူ ရောက်လာပြန်သည်။ စာပုံးထဲ စာတစောင်ထည့်ပြီး ဇလီဖားတုံးပုံပေါ် ငုတ်တုတ်ထိုင်၍ ဘူတာလေး မြင်ကွင်းအား ငေးကြည့်နေပြန်၏။

ရထားသံလမ်းပေါ်တွင် တံလှပ်ခိုးများ တရှိန်းရှိန်းထနေသည်။ ကလေးတဖွဲ့မှာ သင်္ကြန်မကျသေးသော်လည်း ရေပြွတ်များဖြင့် အချင်းချင်း ကျီစယ်ပက်ကစားရင်း ပြေးလွှားနေကြ၏။ သံလမ်းပေါ်ရေကျသွားတိုင်း အခိုးအငွေ့များ ထွက်လာသည်ကို သူ ဝေရီရီ မျက်လုံးများဖြင့်သာ ငေးကြည့်နေ၏။

ညို သူ့ကိုကြည့်၍ သနားကြင်နာစိတ်များ ရင်ထဲ တိုးဝှေ့ရောက်လာ၏။ သြော် မိသားစု အပေါင်းအဖော်တွေနှင့်ဝေးပြီး သူ အထီးကျန်နေရရှာတာပဲ တဖက်ကလည်း ဘယ်ကပေါ်လာမှန်းမသိတဲ့ အန္တရာယ်ကို တွေးနေရသေး၊ ဘာမှ မပြည့်စုံတဲ့ တောရကျောင်းမှာ သူ ဖြစ်သလိုနေနေတာပဲဟု သူမ နားလည်လိုက်၏။

ရှေ့တည့်တည့်ငေးနေရာမှ သူ့မျက်လုံးရှေ့ ဆံစများ တထွေးကြီးဝဲကျလာ၍ သူ လှည့်ကြည့်လိုက်သည်။ ထူးခြားသော အပြုံးတခုဖြင့် သူ့အား ငုံ့ကြည့်နေသည့် ညို့မျက်ဝန်းညိုများနှင့် ရင်ဆိုင်လိုက်ရ၏။

“ပျင်းနေပြီလား” ဟု ညိုက တရင်းတနှီး ကြင်နာစွာ မေးသည်။ သူ့အကြည့်ကိုလွဲပြီး “ဘယ်လိုမေးလိုက်တာလဲဗျာ၊ နေစောင်းရင် ဖေသောင်း မနေတတ်ဘူး” ဟု ပကတိ ငြီးငွေ့မွန်းကျပ်သံဖြင့် ဖြေ၏။

“မနေ့က လူတချို့ လာမေးသွားတယ်၊ ဒီနားမှာ ကောလိပ်ကျောင်းသားတယောက် လာပုန်းနေတယ် မတွေ့ဘူးလားတဲ့”

ညို့စကားကြောင့် သူ အလန့်တကြား မော့ကြည့်ပြီး ဦးထုပ်ကို ဖိဆွဲချကာ ဆတ်ခနဲ ထရပ်သည်။

“ဟုတ်လား၊ ဘယ်သူတွေလဲ ဘယ်မှာလဲ”

ညို ပိုင်ပိုင်နိုင်နိုင်ပြုံးသည်။ လေအဝေ့မှာ ဆံနွယ်ရှည်တို့ ယိမ်းခနဲ လှုပ်ခါပါသွားသော ထိုမိန်းကလေးသည် သူ့အား ထိတ်လန့်တကြားဖြစ်စေမည့် သတင်းဆိုးကို ဘာကြောင့်ယူခဲ့ရပါလိမ့်။

“ညို ပြောလိုက်တယ်လေ၊ ကိုဖေသောင်းဆိုတဲ့ နှုတ်ခမ်းမွှေးအတုကြီးနဲ့ တောသားကြီးတယောက်တော့ ရှိတယ်လို့”

“ဘာဗျ ... ကျုပ် နှုတ်ခမ်းမွှေးအတု မဟုတ်ဘူး၊ အစစ်ဗျာ ဒီမှာကြည့်”

သူ ရှုးရှုးရှားရှားဖြစ်သွားပြီး နှုတ်ခမ်းမွှေးကို လက်ဖြင့် တအားဆွဲပြသည်။ သဘောကျစွာ ရယ်လိုက်သော ညို့မျက်နှာအား သူ မကျေမချမ်းကြည့်၍ ... ဘာလို့ ကျုပ်ကို ပြောလိုက်ရတာလဲ ... ကျုပ်သွားတော့မယ်၊ နောက် ဘယ်တော့မှ မလာတော့ဘူး၊ သူတို့ကိုလည်း အလကားနောက်တာပါလို့ပြောလိုက် ကျုပ် မတွေ့ချင်ဘူးဟု ဘုဆတ်ဆတ်ပြောကာ သူ ထွက်သွားသည်။

ကုက္ကိုပင်ကြီးနောက်ဘက် သူရောက်သွားပြီး တောရကျောင်းဘက်ပြန်မည့်လမ်းဘက် သူ လျှောက်သည်အထိ ညို တခစ်ခစ်ရယ်လျက် နောက်က လိုက်သွားသည်။ သူ မလုံမလဲ လှည့်ကြည့်ရင်း ညို့အားတွေ့၍ ကျုပ်နောက် မလိုက်နဲ့၊ ဘာမှ မပတ်သက်ပါရစေနဲ့ ဟု အော်လွှတ်သည်။

“မလိုက်ပါဘူးလေ။ တောရကျောင်းမှာရှိတယ်လို့ သတင်းပေးလိုက်ရင် ပြီးတာပဲ” အံ့သြခြင်းမက အံ့သြ၍ သူ ဘာပြန်ပြောရမှန်း မသိ။

လှည့်ပြန်ခြေလှမ်းများ တန့်သွားပြီး ညိုအား တစ္ဆေသရဲလို သူကြည့်နေသည်။ စချင်နောက်ချင်စိတ်အား သနားစိတ်က ဖုံးလွှမ်း အနိုင်ယူသွား၍ ညို သူ့အား အားပေးသည့်အပြုံးဖြင့် ...

“လာ ... ဒီနားမှာ လူရိပ်နည်းနည်းကွယ်တယ်။ ညိုပြောတာ နားထောင် ဘာမှ မကြောက်နဲ့”

သူ မလာဝံ့သေး၊ ညိုအား နေ့ခင်းကြောင်တောင်ခြောက်သော သရဲမနှယ်ပင် သူ ထင်နေပုံရသည်။ မျက်လုံးများ ဝိုင်းစက်၍ မျက်တောင်မခတ် ကြည့်နေသေး၏။

“လာလေ ... ဒီမှာ စိတ်အေးအေးထားပြီး ထိုင် ညို ပြောတာနားထောင်”

ညို ပြောတာနားထောင်ဟူသော စကားသည်ပင် သူနားထဲ သူ့ရင်ထဲ ပဲ့တင်ထပ်ပြီး လွန်ဆန်မရသော အမိန့်နှယ် ဖြစ်သွား၏။ ရေအိုးစင်နှင့်ကျောဘက် ကုက္ကိုပင်အကွယ်တွင် သူ မောပန်းစွာ ထိုင်လိုက်သည့်တိုင် စိတ်လှုပ်ရှားမှု မပြယ်သေးကြောင်း ညို သေချာမြင်သိနေရ၏။ သူ့နံဘေးပင် ညိုဝင်ထိုင်၍။

“စိတ်အေးအေးထားပါ၊ ညို ဘယ်သူ့မှ မပြောပါဘူး”

သူ သက်ပြင်းမချဝံ့သေး၊ ညို့ကိုလာမေးတာ အရပ်လူကြီးတွေလား … ရဲတွေလား၊ ဟိုအကောင်တွေလားဟု အမောတကော မေးနေသေး၏။ ညို ငြင်သာခေါင်းယမ်းပြသည်ကိုတွေ့မှ သူ အတန်ငယ် သက်သာရာရသလို ဖြစ်သွားရသည်။ ရင်ထဲမှာ ဟုန်းခနဲတောက်နေသော မီးတောက်ကြီးကား အရှိန်မသေနိုင်သေး။

“ကိုဖေသောင်းတို့နဲ့ ကျောင်းမှာ ဘာသာရပ်အတူယူတဲ့ မခင်အေးကို သိလား”

သူ ခေါင်းယမ်း၏။ “မသိဘူးဗျာ ဘာတွေလဲ ကျုပ် ရင်ပူနေတယ်” ဟု ပွင့်လင်းစွာ ဝန်ခံလိုက်၏။ ညို အချိန်မဆိုင်းတော့ဘဲ ဖြစ်စဉ်ကို သေချာပြန်ပြောလိုက်သည်။

“ဒါဆိုရင် အဲဒီ မခင်အေးဆိုတာ တွေ့သွားပြီပေါ့၊ သူ သိသွားပြီပေါ့”

သူ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာသော်လည်း ခုနကလောက် ဆောက်တည်ရာမရ မဖြစ်တော့ ...

“အဲဒါကို မပူပါနဲ့၊ မမအေးက အားပေးတဲ့လူပဲ ဘယ်သွားတိုင်ရမလဲ ... ကိုဖေသောင်း ဘာတွေဆက်လုပ်လို့ ဒီအထိ ပြေးလာခဲ့ရလဲဆိုတာသာ ညို့ကိုပြောပြပါလား ... ဘာလို့အိမ်မှာမနေရဲတော့တာလဲ ညို သိပ်မရှင်းဘူး”

သူ ယခုမှ သက်ပြင်းချသည်။ မျက်နှာမှ ချွေးစေးများကို လွယ်အိတ်ကြိုးဖြင့် ပွတ်သပ်ရင်း ...

အိမ်မှာနေလို့ မဖြစ်တော့ဘူး ဟု အစချီသည်။

xxxxx xxxxx xxxxxx 

ဆက်လက်ဖော်ပြပါမည်။ 


No comments: