Monday, August 6, 2012

အဖြူရောင် ပေးဆပ်မှုများ (ခင်ငြိမ်းသစ်)

ကျမတို့မိသားစုမှာ သိတတ်တဲ့ ၆ တန်း၊ ၇ တန်း အရွယ်ကတည်းက အဖေ ကျောင်းသားသမိုင်းကို အမြဲပြောပြခဲ့ပါတယ်။ ကိုယ်လိုနီနယ်ချဲ့ကို တော်လှန်ခဲ့တဲ့ ကျောင်းသားတွေအကြောင်း၊ ၁၉၆၂ ခုနှစ်က သူကိုယ်တိုင်ကြုံခဲ့ရတဲ့ ကျောင်းသား တော်လှန်ရေးသမိုင်း၊ ၁၉၇၄ ခုနှစ်မှာ သူ မြင်တွေ့လိုက်ရတဲ့ ကျောင်းသားအုံကြွမှုတွေဟာ အားကျစရာကောင်းလှပါတယ်။ မှိုင်းရာပြည့်ပွဲ အကြောင်း။ ဗိုလ်ကြီးအုန်းကျော်မြင့်။ ကိုဆလိုင်းတင်မောင်ဦး စတဲ့ လူတွေအကြောင်းဟာ အိမ်မက်တတ်ခါစ ၁၀ ကျော်သက်လေး ကျမရင်ထဲမှာ စွဲမက်အားကျမိတဲ့ အကြောင်းအရာတွေဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့်လဲ ၁၉၈၈ ခုနှစ်ရောက်တော့ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ကျမဟာ ဘယ်အရာကိုမှ ပဓန မထားဘဲ ဆန့်ကျင်လိုစိတ်တစ်ခုတည်း အားကိုးပြီး တော်လှန်အုံကြွမှုထဲကို ပါဝင်လာပါတယ်။ အဲဒီအချိန်က ဒုတိယနှစ်ကျောင်းသူဖြစ်တဲ့ ကျမဟာ မတ်လ အရေးတော်ပုံတုန်းက ထဲထဲဝင်ဝင် မပါဖြစ်ခဲ့ပါဘူး။ ဘေးကနေ ရပ်ကြည့်အားပေးအဆင့်ကနေ ဇွန်လအရေးတော်ပုံမှာတော့ ထဲထဲဝင်ဝင် ပါဝင်နိုင်ခဲ့ပါတယ်။ ဇွန်လ ၂၁ ရက်နေ့ကတော့ တိုက်ပွဲထဲမှာ ပြည်သူနဲ့ ကျောင်းသား ပူးပေါင်းမိသွားကြပါတယ်။ အဲဒီအချိန်ကစလို့ ပြည်သူတွေမှာ အကြောက်တရားဖယ်ရှားလိုက်နိုင်ကြပါတယ်။ ကျောင်းသားရော၊ ပြည်သူရောရဲ့ ရင်ထဲမှာ စည်းလုံးညီညွတ်ရင် ဦးနေဝင်းခေါင်းဆောင်တဲ့ အာဏာရှင်တွေကို ဖယ်ရှားနိုင်မယ်ဆိုတာကို ယုံကြည်သွားပါတော့တယ်။ အဲဒီစိတ်ဓာတ်က ၈ လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ဖို့ အစပျိုးခဲ့တာပဲ ဖြစ်ပါတယ်။


ဇွန် ကျောင်းတွေပိတ်ပြီးနောက်ပိုင်း ကျမတို့ကျောင်းသားတွေဟာ ကိုယ့်ရဲ့အစုအဖွဲ့နဲ့ကိုယ် ဆက်လက် လှုပ်ရှားနေကြပါတယ်။ ကျမကတော့ မောင်မောင်ကျော်နဲ့ ကိုအောင်ဒင် ဦးဆောင်တဲ့ (BYLF) လို့ခေါ်တဲ့ ဗမာပြည်လွတ်မြောက်ရေး လူငယ်တပ်ဦးမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒီလိုနဲ့ ဇူလှိုင်လအတွင်း ကျမတို့တွေရဲ့ နယ်အနှံ့ စည်းလုံးရေးခရီးစဉ် စတင်ပါတယ်။ အဲဒီ့အရီးစဉ်ဟာ ကျမတို့အတွက် စိတ်လှုပ်ရှားစရာလည်းကောင်းသလို ကြောက်စရာလည်း ကောင်းခဲ့ပါတယ်။ ညဘက် လာဖမ်းရင် ထွက်ပြေးလို့ရအောင်ဆိုတဲ့ စိတ်ကူးနဲ့ ညမအိပ်ဘဲလည်း နေခဲ့ဖူးပါတယ်။

ဒီလိုနဲ့ အားလုံး တညီတညွတ်တည်း တိုက်ပွဲခေါ်ထားတဲ့ သြဂုတ်လကို ရောက်လာပါတယ်။ အဲဒီအချိန်ဟာ ကျမတို့အတွက် တကယ့်ကို ရင်ခုန်လှုပ်ရှားလာပါတယ်။ တိုက်ပွဲတွေက တကယ်ဖြစ်လာမှာလား။ မဖြစ်လာဘူးလား။ သိချင်စိတ်တွေနဲ့ ကျမတို့ ရင်ခုန်နေကြပါတယ်။ ကျမရယ်၊ ကျမရဲ့ မောင်လေးရယ်၊ မောင်လေးသူငယ်ချင်း မောင်မောင်ကြွယ်ရယ် ကျမတို့ ၃ ယောက် ညမအိပ်ဘဲ ဖန်ချောင်းတွေသုံးပြီး ဆန့်ကျင်စာတွေကို ရိုက်နှိပ်ခဲ့ကြပါတယ်။ ဖန်ချောင်းသုံးပြီး စာရိုက်တယ်ဆိုတာက အရင်ဦးဆုံး ဖယောင်းဖောက် (ဖယောင်းစာရွက်ပေါ် စာရေးခြင်း) ပြီးရင် မှန်ပြားပေါ်မှာ စာကူးစက်မှင်ကို ညီညီညာညာဖြစ်အောင် သုတ်၊ ဖောက်ထားတဲ့ ဖယောင်းစက္ကူကို မတွန့်၊ မခေါက်၊ ပြန့်နေအောင်ခုနကမှန်ပြားပေါ်မှာ ဖြန့်ခင်း၊ ပြီးတော့မှ အဲဒီပေါ်ကနေ ဖန်ချောင်းနဲ့ ဖြေးဖြေးချင်း လှိမ့်ပေးရတယ်။

တစ်ခါလှိမ့်ဖို့ လူ ၂ ယောက်တော့ လိုပါတယ်။ တစ်ယောက်က စာရွက် ရွေ့မသွားအောင် ထိမ်းပေးရပြီး၊ တစ်ယောက်က ဖန်ချောင်းလှိမ့်ရပါတယ်။ ဒါကြောင့် ၃ ယောက်သား အလှည့်နဲ့ လုပ်ကြရတယ်။ အပေါ်ကတွန်းရတာဖြစ်လို့ ဖယောင်းစက္ကူက အကြာကြီးမခံဘူး။ စုတ်ပြဲသွားတတ်တယ်။ ဖယောင်းတစ်ရွက်ကို အရွက် ၂၀၀ နဲ့ ၃၀၀ ကြားမှာပဲ ရတတ်တယ်။ နောက်ပြီး ဖန်ချောင်းကိုလဲ ဂရုစိုက်ရတယ်။ အားသိပ်ပြင်းသွားရင် ကျိုးသွားမယ်။ အားပျော့လွန်းသွားရင် စာ မထင်တတ်တော့ဘူး။ မနက်ကျရင်တော့ ညက ရိုက်ထားတဲ့စာရွက်တွေကို လိုင်းကားကိုစီးပြီး လူစည်တဲ့နေရာရောက်ရင် ကားပေါ်ကနေ ကြဲချတာမျိုး၊ လက်ဘက်ရည်ဆိုင်တွေက စားပွဲတွေပေါ်မှာ အထပ်လိုက်ချခဲ့တာမျိုး အပါအဝင် ကျမတို့ ဉာဏ်မှီသမျှတော့ ကြိုးစားနေခဲ့ပါတယ်။ ဒါကြောင့်လဲ ကျမရဲ့မေမေက ကျမတို့မောင်နှမကို လူခွဲတဲ့အနေနဲ့ရော၊ ကျမကို ထောက်လှမ်းရေးလိုက်နေတယ်လို့ ယူဆတာရောကြောင့် ကျမ အဒေါ်ရှိနေတဲ့ သုံးခွမြို့ကို ပို့လိုက်ပါတယ်။

သုံးခွမြို့ကိုသွားရလို့ ကျမ စိတ်မညစ်ပါဘူး။ သုံးခွမြို့ရဲ့ လူအစည်ကားဆုံးနေရာဖြစ်တဲ့ သုံးခွဈေးထဲမှာ ကျမ တကိုယ်တော် စာတွေလိုက်ကပ်ပါတယ်။ ဖြစ်ချင်တော့ သုံးခွမြို့မှာရှိနေတဲ့ ကျောင်းသားတွေက ကျမနဲ့ အတူပူးပေါင်းပါဝင်လာကြပါတယ်။ ဒါကြောင့် သုံးခွမြို့လေးမှာ ဆန့်ကျင်စာရွက်တွေ ပလူပျံသွားပါတယ်။ ဒါကြောင့်လဲပဲ ကျမသုံးခွမြို့ကနေ သြဂုတ် ၇ ရက်နေ့ညနေမှာ ရန်ကုန်ပြန်ရောက်လာပါတယ်။ သုံးခွကိုရောက်မှ ကျမသိလိုက်ရတာက ၆၂ ခုနှစ်သမဂ္ဂကောင်းသားဟောင်း ကိုကိုးကျွန်းပြန် ဦးစိန်ဝင်းကို ဇူလိုင်လကုန်ပိုင်းထဲက ထိမ်းသိမ်းထားတယ်ဆိုတာပါပဲ။

အဲဒီညမှာတော့ ကျမတို့ အိမ်မှာ မောင်မောင်ကြွယ်လာအိပ်ပြီးတော့ မနက်ဖြန်ခေါ်ထားတဲ့ တိုက်ပွဲတွေအကြောင်း အားပါးတရပြောဖြစ်ကြပါတယ်။ ရန်ကုန်နဲ့ ၆ ရက်လောက် အဆက်အသွယ်ပြတ်နေတဲ့ ကျမကို ရန်ကုန်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြောပြကြပါတယ်။ အဲဒီညကတော့ ၁၀ တန်းအောင်စာရင်းစောင့်နေတဲ့ ကျောင်းသားတွေလိုပါပဲ ရင်ခုန်သံတွေက မြန်လွန်းနေပါတယ်။ ၁၀ တန်းကမှ ကျသွားရင် ပြန်ဖြေလို့ ရသေးတယ်။ ဒီပွဲဆိုတာက မဖြစ်တော့ဘူးဆိုရင် ဘယ်အချိန်အထိ ပြန်စောင့်ရမှာလဲဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူးမဟုတ်လား။ ကျမ အဖေလို ၆၂ ခုမျိုးဆက်တွေလည်း လှုပ်ရှားတက်ကြွနေပါတယ်။ အစဉ်အလာရှိတဲ့ နိုင်ငံရေးသမားတွေ၊ သတင်းစာသမားတွေ၊ ၆၂ မျိုးဆက်ကျောင်းသားဟောင်းတချို့ကိုလည်း ထိမ်းသိမ်းထားချိန်ဖြစ်ပါတယ်။

၈ ရက်နေ့မနက်ရောက်တော့ ကျမတို့ မနက်ခင်းစာ စားပြီးတာနဲ့ အိမ်ကထွက်ကြပါတယ်။ အမေတားမြစ်နေတဲ့ ကြားကနေ ထွက်လာကြတာပါ။ ကျမတို့ လမ်းထိပ်ရောက်တော့ ကားတွေရော လူတွေပါ ပုံမုန်အတိုင်း သွားလာနေကြတာကို တွေ့ရပါတယ်။ ကျမရဲ့မောင်လေးက “အားလုံးကတော့ ပုံမှန်လိုပဲ၊ ဒါပေမဲ့ မောင်လေးတို့ ဖြစ်အောင်လုပ်ရမယ်” လို့ သူ့ကိုယ်သူ ယုံယုံကြည်ကြည် ပြောပါတယ်။ မောင်မောင်ကြွယ်ကတော့ ဝါးလုံး မတိုမရှည်တစ်ချောင်းလိုတဲ့အကြောင်း ပြောနေပါတယ်။ မျက်လုံးကလည်း မရပ်မနား ဝါးလုံးကို ရှာနေပါတယ်။ နောက်တော့မှာ ကားမှတ်တိုင်မှာ ဘယ်သူ လာထိုးထားမှန်းမသိတဲ့ ၄ ပေနီးပါးရှည်တဲ့ ဝါးလုံးကို သူတွေသွားတော့မှာ သူက “ကိရိယာ တန်ဆာပလာတွေ အားလုံး ပြည့်စုံသွားပြီ။ ဒီတခါကားလာရင် စီးမယ်” လို့ ပြောလိုက်ပါတယ်။

ဒီလိုနဲ့ ကျမတို့ တွေ့တဲ့ကား တက်စီးလာလိုက်တာ ပုဇွန်တောင်ဈေးမှတ်တိုင်ရောက်တော့ အငယ်လေးတို့ အခြေခံပညာ ကျောင်းသားများသမဂ္ဂ(အခသ) အဖွဲ့ဝင်တချို့ကို တွေ့ပါတယ်။ အဲဒီ့လူအုပ်တွေထဲမှာ ကျမ မောင်ရဲ့ သူငယ်ချင်း ကြည်တူး၊ သက်ခိုင် တို့ကိုလည်း တွေ့လိုက်တယ်။ ဒါကြောင့် ကျမတို့လဲ ကားပေါ်ကနေ ကမန်းကတမ်း ဆင်းကြပါတယ်။ အရေးထဲ မောင်မောင်ကြွယ်ရဲ့ မဟာ တုတ်တော်ကြီး မေ့ကျန်တော့မလို့ ဖြစ်လိုက်ပါသေးတယ်။ ကားအောက်ရောက်တော့ ကျမတို့တွေ ပေါင်းစည်းမိသွားကြပါတယ်။ အငယ်လေးက “အခြေအနေ စောင့်ကြည့်အုံးမလား” လို့ အားလုံးကို လှမ်းမေးလိုက်ပါတယ်။ ကျန်သူတွေက တပြိုင်နက်တည်းလိုလိုပါပဲ “စကြမယ်လေ” လို့ အော်လိုက် ကြပါတော့တယ်။

အရင်ဆုံး မောင်မောင်ကြွယ်က သူယူလာတဲ့ ဝါးလုံးမှာ မြန်မာနိုင်ငံတော်အလံကို လွှင့်ထူလိုက်ပါတယ်။ ပြီးတော့မှ လေထဲမှာ အားပါးတရ ဝှေ့ရမ်းလိုက်ပြီး ကားလမ်းမပေါ်ဆင်းပြီး မတ်တပ်ရပ်လိုက်ပါတယ်။ ကျန်တဲ့ လူတွေလည်း ဆင်းသွားကြပြီး လက်ခုပ်တွေ သံပြိုင်တီးကြပါတယ်။ ကျမက လမ်းဘေးလက်ဘက်ရည်ဆိုင်က ဖင်ထိုင်ခုံပုလေးပေါ်မှာ မတ်တပ်ရပ် “ဒီနေ့ဟာ အင်မတန် ထူးမြတ်တဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒါကြောင့် တစ်တိုင်းပြည်လုံး မဆလ ကျွန်အဖြစ်က လွတ်မြောက်အောင် တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းကြပါ”လို့ ပြောပြီး မောင်မောင်ကြွယ်တို့ လမ်းပေါ်က အုပ်စုထံ ဆင်းသွားခဲ့လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျမရဲ့ ရင်ခုန်သံအတော်ပြင်းတယ်ဆိုတာကို မှတ်မိနေပါသေးတယ်။ ခုံပေါ်မှာ မတ်တပ်ရပ်တဲ့ အချိန်မှာ ကျမ ခြေထောက်တွေ တဆတ်ဆတ် တုန်နေပါတယ်။ တကယ်တော့ အဲဒီအချိန်တုန်းက ကျမ ပြောချင်တာတွေ အများကြီးရှိနေခဲ့ပါတယ်။ ပုဇွန်တောင်လမ်းမပေါ်မှာရှိနေတဲ့ ဈေးသည်တွေ၊ ကားစောင့်နေတဲ့ ခရီးသည်တွေ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေ၊ အကြောင်းအမျိုးမျိုးနဲ့ ပုဇွန်တောင်လမ်းမပေါ် ရောက်နေသူတွေက လက်ခုပ်သြဘာပေးလိုက်ကြပါတယ်။ ပုဇွန်တောင်ဈေးဝန်းကျင်မှာ လက်ခုပ်သံတွေ ဆူညံနေပါတယ်။

ကျမတို့လူစု လမ်းမလျောက်ကြသေးဘဲ မတ်တပ်ရပ်လျှက် ကြွေးကြော်သံတွေတိုင်လိုက်၊ အငယ်လေးက မတရားမှုတွေကို ငုံ့ခံနေတာဟာ အာဏာရှင်ကို အားပေးအားမြောက်လုပ်နေတာဖြစ်တယ်။ ဒါကြောင့် အာဏာရှင်ကို ဆန့်ကျင်ကြပါလို့ အော်လိုက်နဲ့ လုပ်နေပါသေးတယ်။ အော်လို့ အားရတော့မှာ ကျမတို့ ပုဇွန်တောင်ဈေးရှေ့ကနေ ရေကျော်လမ်းမဘက်ကို ချီတက်ကြပါတယ်။ ရေကျော်လမ်းမကြီးပေါ်မှာလည်းပဲ ခဏရပ်ပြီးကြွေးကြော်သံတွေအော်လိုက်၊ ပါလာတဲ့ ယောက်ျားလေးတွေက စည်းရုံးဟောပြောလိုက်နဲ့ လုပ်ကြပါတယ်။ ရေကျော်ဘက်ကနေ လမ်း ၄၀ ၊ အဲဒီကနေ ရေကျော်ဘက်ကိုပြန်ဝင်၊ ရေကျော်ထဲကို ထပ်ပတ်နဲ့ ကျမတို့ ပုဇွန်တောင်၊ ရေကျောင်ဘက်ကို ၂ ပတ်၊ ၃ ပတ်လောက် ပတ်ပြီးချိန်မှာ ကျမတို့နောက်က လူအုပ်ကြီးက တော်တော်ကြီးလာနေပါပြီ။ တိုက်တွေပေါ်ကနေ၊ ခြံဝန်းထဲကနေ၊ လမ်းမပေါ်ကနေ အော်ဟစ်အားပေးနေတဲ့ လက်ခုပ်သံတွေက ညံစီနေပါတယ်။ ပြည်သူတွေ တိုက်တဲ့ရေတွေ၊ ပြည်သူတွေကြွေးတဲ့ မုန့်တွေကို ကျမတို့ ဆန္ဒပြသူတွေက လက်ခံယူကြပါတယ်။ တစ်ချို့ အဖိုးကြီးတွေ၊ အဖွားကြီးတွေ မျက်ရည်ကျတာကိုတောင်မှာ တွေ့လိုက်ရပါသေးတယ်။

ပုဇွန်တောင်မှာ ပတ်ချာလည်နေရင်းက အငယ်လေးတို့က ရေကျော်မောင်အေးကဖီး ရှေ့ကနေပြီး မဟာဗန္ဓုလလမ်းဘက်ကို ဖောက်ထွက်ဖို့ အကြံပြုလာလို့ စစ်ကြောင်းက မဟာဗန္ဓုလလမ်းဘက်ဆီကို ဦးတည်လိုက်ပါတယ်။ မဟာဗန္ဓုလလမ်းကိုရောက်တော့ ပန်းဆိုးတန်းမှတ်တိုင်လောက်အထိ ချီတက်လာတဲ့ အခြား စစ်ကြောင်းတွေက ရှိနေပါတယ်။ ကျမတို့စစ်ကြောင်း ပန်းဆိုးတန်းမှတ်တိုင်နဲ့ စိန်ပေါလ် မှတ်တိုင်ကြားမှာ ရှေ့တိုးလို့ မရတော့ပါဘူး။ ကျမက စစ်ကြောင်းအခြေအနေကြည့်နေတုန်း ကျမတို့ BYLF မှာအတူတူလှုပ်ရှားတဲ့ E မေဂျာက မအိတို့နဲ့ တွေ့လို့ ကျမ စစ်ကြောင်းထဲက ခွဲထွက်လိုက်ပြီး သူတို့နဲ့ လိုက်သွားပါတယ်။ ကျမ လိုက်သွားတာကိုတွေ့တော့ ကျမ မောင်နဲ့၊ မောင်မောင်ကြွယ်တို့လဲ မနေခဲ့ပဲလိုက်လာပါတယ်။

ကျမတို့တွေ စစ်ကြောင်းတွေထဲကနေ မလိုက်တော့ဘဲ ပလက်ဖောင်းပေါ်က ရပ်ကြည့်အားပေးနေသူတွေကြားထဲ တိုးဝှေ့ပြီး ဆူးလေထိပ်အထိ သွားကြည့်ကြပါတယ်။ ကျမ ဘဝမှာ အဲဒီကာလတုန်းကပဲ လူပင်လယ်ကို တွေ့မြင်ဘူးခဲ့ပါတယ်။ လူတွေအားလုံး စည်းကမ်းတကျ၊ စီးဆင်းနေလိုက်တာ ပင်လယ်ပြင်ကြီးတမျှပါပဲ။ လှိုင်းလုံးတွေ အေးအေးငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ပင်လယ်၊ သမုဒ္ဒရာလိုမျိုး ဘယ်သူမှ တိုးဝှေ့ကျော်တက်နေတာ မရှိဘဲ လူစုကြီးက တရွေ့ရွေ့၊ တရွေ့ရွေ့။ ကြွေးကြော်သံတွေက တဖြည်းဖြည်း ညီညီညာညာ ဖြစ်လာလိုက်တာ ပင်လယ်တစ်စင်းရဲ့ တေးသံလား ထင်မှတ်ရပါတယ်။ လက်ခုပ်တီးအားပေးနေတဲ့ အသံတွေက မိုးလုံးဟိန်းမျှပါပဲ။

သြဂုတ်နေလည်း တဖြည်းဖြည်းရွေ့လာတော့မယ်။ ဆူးလေထိပ်ကလူတွေလည်း လှည့်ပတ်ချီတက်နေကြပါတယ်။ ဆူးလေကနေ ဗိုလ်ချုပ်လမ်းတစ်လျောက် ချီတက်သွားတဲ့စစ်ကြောင်းတွေနဲ့ အတွင်းဝန်ရုံးထဲက စစ်သားတစ်ချို့ စကားများတယ်လို့ ကြားခဲ့ပေမဲ့၊ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ အတွင်းဝန်ရုံးဘက်က အခြေအနေတင်းမာတယ်လို့ ပြောသံကြားတော့ နောက်ဆုံးမှာ အားလုံးက မြို့တော်ခန်းမရှေ့မှာ တရားပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

မြို့တော်ခန်းမရှေ့က ကင်းစောင့်နေတဲ့နေတဲ့ စစ်သားတွေ ရှိပါတယ်။ သူတို့က သဲအိတ်တွေကြားထဲကနေ ပြည်သူတွေကို ကြည့်နေတာပါ။ မြို့တော်ခမ်းမဝင်းကြီးထဲမှာတော့ ဘရင်းကယ်ရီယာတွေ ရှိပါတယ်။ လူတွေက တဖြည်းဖြည်း မြို့တော်ခမ်းမရှေ့ကို ချဲ့ထွင်လာချိန်မှာ အသင့်အနေအထားရှိနေတဲ့ စစ်သားတွေက အသာပဲကြည့်နေပါတယ်။ ပြည်သူတွေဘက်ကလည်း “ပြည်သူ့စစ်သား၊ ဒို့စစ်သား” လို့ လှိုက်လှိုက်လှဲလှဲ ကောင်းချီးပေးသံကြားလို့ မျက်ရည်ဝဲတဲ့ စစ်သားရှိတယ်လို့ မြင်တဲ့သူတွေ ပြောပြကြပါတယ်။

ဆန္ဒပြလူအုပ်ဟာ မြို့တော်ခန်းမရှေ့မှာ တရားပွဲတွေ စတင်ချိန်မှာ အားလုံးအေးချမ်းနေကြပါတယ်။ စစ်သားတွေကလည်း သူတို့နေရာမှာပဲ သူတို့နေကြပြီး ပြည်သူတွေကတော့ သူတို့တရား သူတို့ဟောနေကြပါပြီ။ ကျမတို့ ၃ ယောက်လဲ တော်တော်ပင်ပန်းနေပါပြီ။ ကျမမောင်နဲ့ မောင်ကြွယ်တို့က မပြန်ချင်ပေမဲ့ ကျမပြန်ချင်တာကြောင့် ညနေ ၆ နာရီလောက်မှာ ထပြန်လာကြပါတယ်။ ကျမတို့ထပြန်ချိန်မှာ ပြည်သူတွေက ထမင်းနဲ့ အအေးတွေတောင် စတင်ဝေငှနေပါပြီ။ တချို့အုပ်စုတွေကလည်း သမိုင်းဝင် ရွှေတိဂုံဘုရားဘက်ကို သွားဖို့ပြင်ဆင်နေပါတယ်။

ကျမကတော့ အိမ်ပြန်ပြီး ဒီနေ့တွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ အောင်မြင်မူ့အကြောင်း အဖေနဲ့ အမကို ပြန်ပြောပြချင်နေပါတော့တယ်။ ကျမတို့မောင်နှမ အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး မိသားစုထမင်းစားကျပါတယ်။ ထမင်းဝိုင်းမှာ ကျမတို့မောင်နှမပြောသမျှ အဖေနဲ့ အမေက နားထောင်နေကြပါတယ်။ ထမင်းစားသောက်ပြီး BBC သတင်းဌာနက ထုတ်ပြန်ကြေညာတဲ့သတင်းကို ကျမတို့အတွေ့အကြုံနဲ့ ယှဉ်ပြီးနားထောင်နေကြပါသေးတယ်။ BBC သတင်းမှာ ကျမတို့ ရန်ကုန် တမြို့တည်းဖြစ်တာမဟုတ်ပဲ မြန်မာနိုင်ငံအနှံအပြား ဖြစ်ပွားခဲ့တာဖြစ်လို့ ကျမတို့ ကျေနပ် ဝမ်းသာခဲ့ကြပါသေးတယ်။ ကျမတို့ ရပ်ကွက်တည်းက လူကြီးတွေလည်း တော်တော်နဲ့ အိပ်မပျော်နိုင်ကြသေးဘဲ သူတို့ဖြတ်သန်းဖူးခဲ့တဲ့ ဒီမိုကရေစီအကြောင်း စားမြုံ့ပြန်ခဲ့ကြပါသေးတယ်။

အားလုံးဟာ မျှော်လင့်ချက်တွေနဲ့ ဝမ်းသာကျေနပ်နေကြပါတယ်။ အားလုံးရဲ့ အပျော်တွေဟာ ည ၁၂ နာရီကျော်လောက်မှာ ပြိုပျက်သွားခဲ့ရပါတယ်။ ည ၁၂ နာရီကျော်လောက်မှာပဲ သတင်းဆိုးတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ မြို့တော်ခမ်းမရှေ့မှာ ပစ်ခတ်သတ်ဖြတ်နေပြီတဲ့ အဲဒီအချိန်က ကျမတို့ လက်ခံလို့မရခဲ့ပါဘူး။ ဟုတ်မှဟုတ်ရဲ့လား။ ကြားရတဲ့ သတင်းမှားများနေလားလို့ သံသယဝင်ခဲ့မိပါသေးတယ်။ ညသန်းကောင်မှာ အာဏာရှင်တွေဟာ အပြစ်မဲ့ ပြည်သူတွေကို လက်နက်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်ဆိုတာကို နောက်တစ်နေ့မနက်မှာ BBC က အတည်ပြုပေးခဲ့တော့ ကျမတို့ အံကြိတ်၊မျက်ရည်ကျမိပြီး အာဏာရှင်ရဲ့ ရက်စက်ဆိုးယုတ်မှုတွေကို အဆုံးထိတိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။

တကယ်တော့ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်ကစပြီး ပြည်သူတွေဟာ အာဏာရှင်တွေကို လုံးဝ လက်သင့်မခံတော့ပါဘူး။ အခါအခွင့်သင့်တိုင်း အာဏာရှင်တွေကို ဆန့်ကျင်အံတုလာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၂၄ နှစ်ကြာမြင့်လာပါပြီ။ ကျမတို့ရဲ့ တော်လှန်ရေးလည်း ရင့်ကျက်လာခဲ့ပါပြီ။ ပြည်သူတွေရဲ့အားကို မခံနိုင်တဲ့ အာဏာရှင် ၃ ဆက်တိုင်တိုင် ကျဆုံးသွားခဲ့ပါပြီ။ အခုအချိန်ဆိုတာက အာဏာရှင်တွေကလည်း သေလုသေခင် အာဏာကို ပြန်ရှင်သန်အောင်အားထုတ်နေသလို၊ ကျမတို့ ပြည်သူတွေဘက်ကလည်း အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းသွားဖို့ စည်းလုံးညီညွတ်စွာ တိုက်ခိုက်သင့်တဲ့အချိန်လို့ပဲ ကျမ သုံးသပ်မိပါတယ်။ ။

ခင်ငြိမ်းသစ်


  

No comments: