Thursday, August 2, 2012

နေ့စွဲပျောက်နေသော သက္ကရာဇ်များ (ခင်ငြိမ်းသစ်)

ထောင်ဆိုတာ နံရံလေးဖက် အလယ်က ကျဉ်းမြောင်းတဲ့ ဧရိယာလေးကို ခေါ်တာပါ။ ထောင်ထဲမှာ သတင်းစကား မရှိ၊ မေတ္တာတရားဆိုတာ ရှားပါးပစ္စည်း၊ လတ်ဆတ်မှုဆိုလို့ လေတောင်မှ မရှိတဲ့နေရာပါ။

အဲဒီ နေရာမှာ လူ ၃ မျိုး ရှိပါတယ်။ ပထမ တမျိုးက တကယ့် လူဆိုး လူမိုက်၊ ဒုတိယ တမျိုးက တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးကြောင့် ထောင်ထဲကို ရောက်နေရတဲ့လူတွေ၊ နောက်တမျိုးကတော့ ယုံကြည်ချက်ကြောင့် ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့အချိန်ဟာ မရှိသလောက်ပါပဲ။ ကိုလိုနီ ခေတ်ကစပြီး အခု စစ်အာဏာရှင်ခေတ်အထိ နှစ်ပေါင်းတရာ ကျော်ခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေ စဉ်ဆက်မပြတ် ရှိနေကြဆဲပါပဲ။


ကျမ ခပ်ငယ်ငယ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ အဖေ့သူငယ်ချင်း နိုင်ငံရေးအကျဉ်းသားတဦးအိမ်ကို လာလည်ခဲ့ဖူးတယ်။ သူနဲ့အဖေ ပြောနေတဲ့စကား တချို့ကို ကျမ မှတ်မိနေပါသေးတယ်။ သူပြောတာက “နေရမယ်ဆိုရင်လဲ ထောင်ထဲမှာ နေမှာပဲ၊ နေချင်လွန်းလို့တော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားအတွက် ဘယ်တော့မှ အရှုံးမပေးဘူး” တဲ့။ အဲဒီ စကားရဲ့ အဓိပ္ပာယ်ကို အဲဒီတုန်းက နားမလည်ခဲ့သေးပါဘူး။ ကျမ သေချာသိတဲ့အချိန် ၁၉၉၂ ခုနှစ်လောက်က ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၃ ထောင်လောက် ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ၁၁/ ၉၂ ကို နဝတ က ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်အရ ကျမတို့က နိုင်ငံရေးသမားတွေ အများကြီး လွှတ်ပေးမယ် ထင်ခဲ့တာပါ၊ တကယ်တမ်းကျတော့ ၃၀၀ ကျော်ပဲ လွတ်ခဲ့တာပါ။ လွတ်တဲ့သူတွေက ပျော်တော့ပျော်ပါတယ်၊ အပြည့်အဝတော့ မပျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သေဖော်ရှင်ဘက်တွေ ထောင်ထဲမှာ ကျန်နေကြသေးတာကိုး။ ကျန်ခဲ့တဲ့ လူတွေအတွက် စိုးရိမ်နေတာလည်း ပါပါတယ်။

ပြီးခဲ့တဲ့လကလည်း နိုင်ငံရေး အကျဉ်းသား နည်းနည်းကို လွှတ်ပေးလိုက်ပြန်တယ်။ စုစုပေါင်းပြန်လွှတ်လိုက်တဲ့ အကျဉ်းသား ၇၀၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသားက ၂ ရာခိုင်နှုန်းလောက်ပဲ ပါတာပါ။ ဒါပေမယ့် တယောက်မှ မလွှတ်တာထက်စာရင် နည်းနည်းလွှတ်တာကိုပဲ မဆိုးဘူးလို့ ပြောရမယ် မဟုတ်လား၊ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် လွှတ်ပေးဖို့ လိုသေးတယ်၊ မြန်မာပြည်က အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ဝန်းကျင် ကျန်နေသေးတယ်ဆိုတာကိုတော့ ဆက်ပြောနေရမှာပါ။

ထောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေ ရှိနေသမျှ လူ့အခွင့်အရေးတွေ ပျောက်ဆုံးနေတယ် ဆိုတာ ပေါ်လွင်ထင်ရှားတဲ့ ပြယုဂ်တခုပါ။

၁၉၉၅ ခုနှစ်ထဲမှာ ကျမ အချုပ်ဘဝနဲ့ အင်းစိန်ထောင်ကို ရောက်ခဲ့ပါတယ်။

ကျမနဲ့ အေးမိုးတို့ နှစ်ယောက်ဟာ ၁၂ ပေ၊ ၈ ပေ ပဲရှိတဲ့ အခန်းကျဉ်းထဲမှာ မိလ္လာအိုး ၂ လုံး၊ သောက်ရေအိုး၊ ဖျာ ၂ ချပ်နဲ့ ကျပ်ကျပ်တည်းတည်း နေရပါတယ်။ ကျင်ငယ်ရည်နံ့တွေက နံစော်၊ ကြမ်းပိုးတွေကလည်း ကိုက်နဲ့ တော်တော် စိတ်ညစ်ဖို့ ကောင်းပါတယ်။ တယောက်က လမ်းလျှောက်ရင် တယောက်က ချောင်ထဲမှာ နေရတာပါ။

ပြီးတော့ အဲဒီလို အချုပ်မကျခင် ကျမက ကျူရှင်သင်နေတော့ စာမေးပွဲနီးနေတဲ့ အဲဒီလိုအချိန်မှာ ကလေးတွေအတွက် စိတ်ပူနေပါတယ်၊ အဲဒီအချိန်ကျမှ ကျူရှင်ပြောင်းတက်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ကျန်းမာရေး မကောင်းလှတဲ့ ကျမ အဖေကိုလည်း စိတ်ပူနေပါသေးတယ်။ ကျမ ထောင်ကျသွားရင် အဖေမှ ခံနိုင်ရည်ရှိပါ့မလား၊ ကျမ တက်လက်စ ပြင်သစ်သင်တန်းကလည်း ကျမသူငယ်ချင်း ရီ က အပ်ပေးထားတာပါ။ သင်တန်းခက ဈေးကြီးတော့ ဘာပဲဖြစ်ဖြစ် ပြီးဆုံးအောင်တော့ တက်ချင်မိပါတယ်။

ဒါကြောင့် ကျမ ထောင်မကျချင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထောင်ကတော့ ကျကိုကျမယ်ဆိုတာလည်း ကျမ သိပါတယ်။ နဝတ က ဒီလောက်တော့ သဘောထား မကြီးနိုင်ဘူးဆိုတာ သိပါတယ်။

အေးမိုးလည်း ဂုဏ်ထူးတန်း ဆက်တက်ချင်နေပါတယ်၊ ချိုနွယ်လည်း သူလုပ်နေတဲ့ ကုမ္ပဏီမှာ ဆက်လုပ်ချင်နေပါတယ်။ ဒါပေမယ့် ၁၉၉၅ ခုနှစ် ဧပြီ ၅ ရက်မှာ ရုံးထုတ်ပါတယ်။ ကျမတို့ အဖွဲ့ထဲက ဘယ်သူကမှ ထောင်မကျရအောင် အညံ့ခံဖို့ စိတ်မကူးကြပါဘူး။ ဘယ်သူကမှလည်း စိတ်ဓာတ်ကျ မနေပါဘူး၊ အားလုံး ခံနိုင်ရည်ရှိကြပါတယ်။

ဒီလိုနဲ့ ကျမတို့ ၉ ယောက်စလုံး ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ခံရပါတယ်။ အမိန့်ချပြီးတော့လည်း အားလုံး အပြုံးမပျက်ကြပါဘူး၊ တဦးကိုတဦး နှုတ်ဆက်ကြပါတယ်။ မိသားစုကို နှုတ်ဆက်တဲ့အချိန်မှာတော့ ကျမ စိတ်မကောင်းဖြစ်မိပါတယ်၊ ကျန်းမာရေးမကောင်းတဲ့အဖေ ဘယ်လိုနေမလဲ၊ အသက်ကြီးနေတဲ့ အမေ့ခမျာ ပင်ပန်းနေရှာမှာပဲဆိုတဲ့ သောကကြောင့် ကျမ ဝမ်းနည်းနေမိတယ်။ အဲဒါဟာ နောင်တတော့ မဟုတ်ပါဘူး။

အမိန့်ချပြီးတော့ ကျမ၊ အေးမိုး၊ ချိုနွယ်တို့ကို ‘မ’ ကျတိုက်ကို ပို့ပါတယ်။ ကျမတို့နေရတဲ့ တိုက်မှာ အခန်း ၁၀ ခန်းရှိပြီး ၅ ခန်းစီ မျက်နှာချင်းဆိုင် ဆောက်ထားပါတယ်။ နိုင်ငံရေး ဒီရေကျချိန်မို့ မျက်နှာချင်းဆိုင် အခန်းတွေမှာ လူမရှိပါဘူး။ နံပါတ် (၃) အခန်းမှာ အန်တီစန်း (စာရေးဆရာမ စန်းစန်းနွဲ့ - သာယာဝတီ) နဲ့ သမီး မြတ်မိုမိုထွန်း၊ နံပါတ် (၄) မှာ ချိုနွယ်၊ နံပါတ် (၅) မှာ အေးမိုးနဲ့ ကျမတို့နေကြရပါတယ်။

ထောင်ကျချိန်မှာ အန်တီစန်းက မုဆိုးမတဦးဖြစ်ပြီး သိပ်ငယ်သေးတဲ့ ကလေးတွေ ကျန်ခဲ့ပါတယ်။ အန်တီစန်းက သူ့ရဲ့အငယ်ဆုံးသားလေးအတွက် စိတ်ပူပန်နေပါတယ်။ အန်တီစန်းမှာ ဘယ်လောက်ပဲ ပူပန်မှုတွေရှိနေပါစေ ကျမတို့ကို ဝတ္ထုပြောပြတာ မပျက်ပါဘူး။ ပြီးတော့ သူ့ရဲ့ ဘဝအတွေ့အကြုံတွေကိုလည်း ပြောပြပါတယ်။

အဲဒါအပြင် ကျမတို့ကို ‘စမ်းရေ’ ဆိုတဲ့ သီချင်းလေး သင်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ လူထွက်ပေါက် မရှိပေမယ့်၊ ကျမတို့က စိတ်ထွက်ပေါက်ကို ရအောင်ရှာကြပါတယ်။ ကျမတို့ သီချင်းဆိုကြတယ်၊ ချိုနွယ်က သီချင်းဆို ကောင်းပါတယ်၊ အသံလည်း သာတယ်၊ နောက်ပြီး ဆိုဟန်လည်း ရှိတယ်၊ အဆိုတော် အေးချမ်းမေရဲ့ ‘ဘဝစာမျက်နှာ’ တို့၊ မေဆွိ ရဲ့ ‘မောင်’ သီချင်းတို့ကို ချိုနွယ်ဆိုရင် ကျမတို့တောင် လွမ်းတယ်။ ကျမကတော့ အသံလည်း မကောင်း၊ ဆိုတာလည်း မရပေမယ့် ကျမရဲ့ ခံစားချက်ဖြစ်တဲ့ ခိုင်ထူးရဲ့ ‘အိမ်ပြန်ချင်တဲ့အလွမ်း’ သီချင်းကိုတော့ ဆိုဖြစ်ပါတယ်။

တယောက်ယောက်နဲ့ ရန်ဖြစ်ရင်တော့ ထူးအိမ်သင်ရဲ့ ‘အမေ့အိမ်’ ပေါ့။ မေမေ့ ကိုလွမ်းတဲ့ အချိန်မှာ ‘အမေအို မျှော်နေမှန်းလည်း သိလျှက်နဲ့ တလှမ်းချင်းစွန့်ခွာ အိမ်ကို ပစ်ပြီးတော့’ ဆိုတဲ့ အပိုဒ်ကို ထပ်ခါထပ်ခါ ဆိုပစ်လိုက်တယ်။ အေးမိုးကတော့ သူစိတ်ပါရင် ‘ဧည့်ဆိုး’ ကို ဆိုပါတယ်။

ပြီးတော့ ကျမတို့ တက်တင်း ထိုးပါတယ်။ တက်တင်း ထိုးတာက အနုစိတ်ရတဲ့ အလုပ်ဆိုတော့ စိတ်ပျံ့လွင့်တာကို ထိမ်းချုပ်ထားနိုင်ပါတယ်။ အဆောင်မှာလည်း ၅ (ည) ပုဒ်မ တပ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိပါတယ်။

တိုးတိုးမြင့် (ခ) ဖိုးသာထူးက ကျမတို့တိုက်ကို အမြဲလာလည်လေ့ရှိပါတယ်။ လာလည်တယ်ဆိုပေမယ့် ကျမတို့ အခန်းထဲတော့ ဝင်လာလို့ မရပါဘူး၊ ကျမတို့ရဲ့အခန်းတွေက အမြဲတမ်း တံခါးသော့ခတ်ထားတာပါ။ ကျမတို့က မနက်ပိုင်း ၁၅ မိနစ်၊ ညနေပိုင်း မိနစ်၂၀ ပဲ အပြင် ထွက်ခွင့်ရတာပါ။ ဒီတော့ ဖိုးသာထူးက ပြူတင်းပေါက် အပြင်ဘက်မှာရပ်ပြီး ကျမတို့က အတွင်းဘက်က ရပ်ပြောရပါတယ်။ ဖိုးသာထူးက ၁၁/ ၉၂ ကြေညာတာကို မီခဲ့ပေမယ့် လွှတ်တဲ့အထဲ သူမပါ ပါဘူး။ သူ ထောင်ကျတဲ့အချိန်က သူ့အသက်က အရမ်းငယ်ပါသေးတယ်။ ကျမတို့နဲ့ တွေ့တဲ့အချိန်မှာ ထောင်ထဲမှာနေရတာကြာလို့ နည်းနည်း ပိန်သွားတာကလွဲရင် စိတ်ဓါတ်ကတော့ မာဆဲပါပဲ။

အားလုံးကတော့ ဒီလိုပါပဲ၊ ထောင်ထဲမှာ မနေချင်ပေမယ့် အာဏာရှင်ဆီမှာ အညံ့ခံမယ့်အစား ထောင်ထဲမှာပဲ အသေခံသွားဖို့ စိတ်ကူးရှိကြသူတွေပါ။

ဖိုးသာထူးဟာ ကျမတို့ရောက်လာတော့ ပျော်နေပုံရပါတယ်။ အဆောင်ထဲက ရိုးရိုးအကျဉ်းသားတွေအကြောင်း ပြောပြ၊ သူ့အကြောင်းပြောပြနဲ့ ကြည့်ရတာ လန်းဆန်းနေပါတယ်။ ကျမတို့ ထောင်မကျခင်တုန်းက သူ့အတွက် တော်တော်စိတ်ပူခဲ့တာပါ။ တခြားလူတွေလွတ်ပြီး သူကျန်ခဲ့တဲ့ အချိန်မှာ သူ စိတ်ဓာတ်ကျသွားမလား ဆိုပြီးပေါ့။ လက်တွေ့မှာတော့ ဖိုးသာထူးက ဘာမှ မဖြစ်ပါဘူး၊ သူ့ကို ချီးကျုးမိပါတယ်။

ထောင်မှာ မိသားစုနဲ့ ၂ ပတ်တကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရပါတယ်။ တခါတွေ့ရင် ၁၅ မိနစ်ပါ။ ကျမကိုတော့ အမေက ထောင်ဝင်စာ လာတွေ့ပါတယ်။ ထောင်ဝင်စာထုပ်ကို အမေ တယောက်တည်း ဆွဲလာပါတယ်။ မျက်နှာမှာလည်း ချွေးတွေနဲ့ စိုရွှဲနေပါတယ်။ အမေ့ကိုကြည့်ရတာ မောပန်းနေပါတယ်။ တွေ့တာနဲ့ ချက်ချင်း စကားမပြောနိုင်ဘဲ အမောဖြေနေတာကိုကြည့်ပြီး ကျမရင်ထဲမှာ မွန်းကျပ်နေပါတယ်။ စကားစပြောရင်တော့ နေကောင်းအောင်နေဖို့၊ အပြင်က လူတွေကို စိတ်မပူဖို့၊ အားလုံး အဆင်ပြေတယ်ဆိုတဲ့ စကားကိုပဲ အမြဲပြောပါတယ်၊ ဒီလို ပြောတိုင်းလည်း ကျမ ပိုပြီး စိတ်ပူတတ်ပါတယ်။ သူတို့ ဘာတွေများ ဖုံးဖိထားသလဲဆိုပြီး စိတ်ပူတာပါ။

ထောင်ဝင်စာထုပ်ကိုသယ်ပြီး တိုက်ကိုပြန်လာရင်တော့ ဘဝတူတွေကို ဝေဖို့ ချမ်းဖို့ စိတ်ကူးရင်းနဲ့ အိမ်ပြန်ချင်စိတ်တွေ မေ့ပျောက်သွားတတ်ပါတယ်။ အရမ်းပြန်ချင်တာက တပိုင်း၊ နေလို့ရတဲ့နည်းနဲ့ နေနေတာက ကျမတို့ရဲ့ ပစ္စုပ္ပန်ဘဝပါ။ ဒီလိုပဲ နေတတ်အောင်နေကြရပါတယ်။

ထောင်ထဲမှာ အတွင်းထောင်ဝင်စာဆိုတာ ရှိတယ်၊ တနင်္ဂနွေနေ့မှာ တွေ့ရတာပါ။ အဲဒါလည်း တလ တကြိမ်ပါပဲ။ ထောင်ထဲမှာရှိနေတဲ့ မိသားစုချင်း တွေ့ရတာပါ။ ကျမတို့က အတွင်းထောင်ဝင်စာ မတွေ့ရပေမယ့် တွေ့ခွင့်ရတဲ့ လူတွေဆီကနေတဆင့် ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေဆီ လက်ဆောင်ထည့်ပေးလို့ ရပါတယ်။ နောက်ပြီး ယောက်ျားလေးတွေဘက်က ကျမတို့ဘက်ထက်ပိုပြီး သတင်းစုံပါတယ်။

သူတို့ဘက်မှာက ရေဒီယို၊ တိုင်းမ်စ်၊ နယူးစ်ဝိခ် မဂ္ဂဇင်းကအစ အကုန်သွင်းတာကိုး။ သွင်းတယ်ဆိုတာက တရားမဝင် ရောက်အောင်ပို့ထားတာ၊ အဲဒီအချိန်တုန်းက စာဖတ်ခွင့်မရှိဘူး။ ကျမတို့ ဘက်မှာ ဘာစာအုပ်မှ မရှိဘူး။ စာသိပ်ဖတ်တဲ့ မိုမိုတောင် ဆေးလိပ်ဖင်စီခံက စာရွက်ကို ရှာဖတ်ရတာ၊ အခုနောက်ပိုင်းမှသာ စာဖတ်ခွင့်ရတာပါ။

ဒီလိုနေလာရင်းနဲ့ ၁၉၉၅ ဇူလိုင်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါတယ်။ ကျမတို့ ပျော်လိုက်ကြတာ၊ အန်တီစုတောင်မှ လွတ်တယ်ဆိုရင် ကျမတို့လည်း လွတ်နိုင်မယ်ထင်ပါရဲ့ဆိုပြီး စိတ်ကူးယဉ်ခဲ့၊ အိပ်မပျော်ခဲ့တဲ့ ညတွေတောင် ရှိပါတယ်။ ငါလွတ်ရင် ပြင်သစ်စာသင်တန်း ပြန်တက်မယ်၊ ကျူရှင်ပြန်သင်မယ်လို့ စဉ်စားတယ်။ ကျမက ဆရာမ သိပ်ဖြစ်ချင်ခဲ့သူပါ၊ ယုံကြည်ရာကို ခြေလှမ်းမှန်မှန်နဲ့ လှမ်းရဦးမယ်မဟုတ်လား။

တက္ကသိုလ် ကျောင်းသူတယောက်အနေနဲ့ တက္ကသိုလ် စိန်ရတုပွဲကိုလည်း နွှဲချင်ပါတယ်။ ကျမတို့ရဲ့ ရဲဘော်ရဲဘက် ကိုဂီးက အငြိမ့် ကမယ်တဲ့၊ ကျမတို့ရဲ့ အမှုတွဲ ကိုမောင်မောင်ဦးက ပြက္ခဒိန် လုပ်ချင်တယ်တဲ့။ ကျမရယ်၊ ရီရယ် အေးမိုးရယ်လည်း တိုင်ပင်ထားတယ်။ ကျမတို့မှ မဟုတ်ပါဘူး၊ မိသားစုတွေလည်း မျှော်လင့်နေကြတယ်။

ကျမအိမ်က ကျမ ထောင်ကလွတ်ရင်ဝတ်ဖို့ ဝတ်စုံ ၁ စုံတောင် ပို့ပေးထားသေးတယ်၊ ကျမတို့ တတိုက်လုံးလည်း စိတ်ကူးတွေ ယဉ်ကြတာပေါ့၊ ကျမ အဖေနဲ့လည်းမသေခင် တွေ့ချင်သေးတယ်လေ။ သေချာတာက ကျမ အဖေက ၇ နှစ်တောင်စောင့်နိုင်မှာ မဟုတ်ဘူး၊ အဖေ့ရဲ့ အဆုပ်နာက နှစ်တွေကြာနေပြီ၊ ရောဂါက ရင့်နေပြီ။

လတွေက တဖြည်းဖြည်း ကုန်ဆုံးလာပါပြီ၊ ထောင်ဝင်စာတွေမှာ မျှော်လင့်တဲ့အသံတွေ အားပျော့လာပြီး အန်တီစုရဲ့ ရဲရဲတောက် မိန့်ခွန်းတွေအကြောင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးတောင်းဆိုသံက ပိုကျယ်လာပြီ။ အမျိုးသားညီလာခံကို ကန့်ကွက်တဲ့အကြောင်း၊ ညီလာခံက ထွက်လာကြတဲ့သူတွေ အကြောင်း၊ ဒါတွေပဲ ကြားရတော့တယ်။

ဖေဖေကလဲ စာတစောင် ရေးပေးလိုက်ပါတယ်၊ လောကဓံကို ရင်ဆိုင်နိုင်ဖို့ ကျန်းမာရေးက အရေးကြီးကြောင်း၊ စိတ်ဓာတ်အင်အားသာရှိမယ်ဆိုရင် ကိုယ်သွားချင်ရာကို တခဏနဲ့ အရောက်သွားနိုင်ကြောင်းကို စာရေးပေးလိုက်ပါတယ်။ အဖေကတော့ အခြေအနေကို ခန့်မှန်းနိုင်ခဲ့ပါတယ်၊ အဖေ့စာကိုဖတ်ပြီး ကျမလည်း နားလည်လိုက်ပါတယ်။ ချိုနွယ်ကလည်းပြောပါတယ်၊ အန်တီစုက သူ့ဘာသာ လွတ်ရက်စေ့လို့လွတ်တာ ငါတို့ကိုက ရူးတာပါတဲ့။

ဒီလိုနဲ့ ကျမတို့တိုက်ကို အချုပ်သစ် နှစ်ယောက် ရောက်လာပါတယ်၊ အသက်ကြီးကြီး အမျိုးသမီးကြီးတွေပါ၊ ပထမ တရက်၊ နှစ်ရက်ကတော့ လုံခြုံရေး တင်းကျပ်ထားပါတယ်၊ သူတို့နဲ့ စကားပြောခွင့် မရှိပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း ဝန်ထမ်းအလစ်မှာတော့ ငပိကြော်၊ မုန့်နဲ့ ကော်ဖီမစ်ကို ခိုးပေးကြရပါတယ်၊ ဒါမှ သူတို့ စားလို့ သောက်လို့ ရမှာပေါ့၊ မဟုတ်ရင် ဘာမှစားစရာ မရှိဘူး။

အမြဲတမ်း လုံခြုံရေးက မတင်းကျပ်နိုင်တော့ လစ်မှပဲ ဘာဖြစ်လာတာလဲဆိုတာ မေးရတာပေါ့၊ သူတို့က အန်တီစု ကျမ်းမာပါစေ၊ ချမ်းသာပါစေ အော်လို့ အဖမ်းခံရတာတဲ့၊ အချုပ်သစ်တွေ ရောက်လာတော့ ကျမတို့ ပျော်ပါတယ်။ အပြင်က အကြောင်းတွေကို လတ်လတ်ဆတ်ဆတ် သိရတာပေါ့၊ သူတို့ကလည်း ပြောပြကြပါတယ်၊ ကျမတို့က နားထောင်ရင်းနဲ့ ကိုယ်ဘာသာ ပုံဖော်ကြရတယ်။

သူတို့ကလည်း အန်တီစု ဘယ်နေ့က ဘာဝတ်တယ်ကစပြီး ဘယ်မိန့်ခွန်း ဘယ်မှာဆုံးတယ်အထိ ပြောနိုင်ကြပါတယ်၊ နောက်တပတ်အတွင်းထောင်ဝင်စာမှာ ပြောနိုင်အောင် သတင်းစုနေတာပေါ့၊ တကယ်တော့ ကျမတို့ကသာ ကြွားနိုင်မယ်ထင်တာ ယောင်္ကျားလေးတွေဘက်က ကျမတို့ထက် ပိုပြီး သိတယ်၊ ကျမတို့ဘက်ကမှ နှစ်ယောက်ထဲရောက်တာ သူတို့ဘက်က ဆယ်ဂဏန်းကျော်တယ်၊ အတွင်းထောင်ဝင်စာနေ့ရောက်တော့ သူတို့ဘက်က သတင်းက ပိုတောင်မှ များသေးတယ်။

ထောင်ဆိုတဲ့နေရာက အမြဲတမ်းနေရတာ ကျပ်လေ့မရှိသလို၊ အမြဲတမ်းလဲ ချောင်လေ့မရှိပါဘူး၊ ထောင်ပိုင်ရဲ့ သဘောထားပေါ် မူတည်ပြီး ပြောင်းသွားလေ့ရှိပါတယ်။ ထောင်ပိုင်ပြောင်းသွားတော့ ပေါ်လစီလည်း ပြောင်းသွားပြီး ထောင်ထဲမှာနည်းနည်းကျပ်သွားတယ်၊ ဒါကြောင့် အတွင်းထောင်ဝင်စာမှာ သတင်းတွေ လဲကြဲသွားတယ်။ ဒါပေမယ့် အမျိုးသမီးတိုက်ကိုတော့ အားပေးပါတယ်၊ စိတ်ဓာတ် မကျနဲ့၊ တိုက်ပွဲက ပြီးတော့မှာတဲ့။

နောက်တော့ “ကျန်းမာပါစေ” တွေလည်း ထောင် ၇ နှစ် ကျသွားတယ်၊ ကျမတို့တွေ အပြုံးမပျက်ကြပါဘူး၊ ဘယ်သူမှလည်း ဘုံးဘုံးလဲ မသွားပါဘူး၊ အချိန်တန် စားမြဲ၊ သီချင်းဆိုမပျက်၊ ဝတ္ထုပြောမြဲ၊ တခါတလေ မိန်းမယူသွားတဲ့ ရည်းစားကို မလွမ်းပါဘဲ လွမ်းချင်ယောင်ဆောင်ပြီး ရည်းစားရှိကြောင်းကြွားမြဲ၊ စိတ်ကူးတည့်ရာတွေကို ဇာတ်လမ်းဆင်ပြီး ပြောမြဲ၊ လုပ်ရိုးလုပ်စဉ်အတိုင်း ဘာဆိုဘာမှ ပြောင်းလဲမသွားပါဘူး။

ဘယ်လိုပဲ အနာဂတ်တွေ အိပ်ပျော်နေပါစေ၊ ဘယ်လိုဘဲ မျှော်လင့်ချက်တွေမဲ့နေပါစေ၊ နိုင်ငံရေးအကျဉ်းသားတွေရှိနေတဲ့ တိုင်းပြည်ဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်နေပါတယ်ဆိုတာကို သက်သေပြနေတာပါ။

ကျမကတော့ ထောင်ကထွက်ရင်ဝတ်ဖို့ အိမ်က ထည့်ပေးလိုက်တဲ့ ဝတ်စုံသစ်ကလေးကို မဝတ်ရသေးမယ့်တူတူ ၁၃ (ဃ) လို့ခေါ်တဲ့ အခြေမဲ့ အနေမဲ့လေး လွတ်တဲ့နေ့မှာဝတ်ဖို့ ပေးလိုက်ပါတော့တယ်။ ။

ခင်ငြိမ်းသစ် 


No comments: