Thursday, August 2, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (နိဂုံးပိုင်း)

အဖိုးချစ်တဲ့ ရဲဘော်လေးတယောက် 

တော်လှန်ရေးထဲမှာ အဖိုးချစ်တဲ့ ရဲဘော်လေး တယောက်ရှိတယ်။ သူ့နာမည် စတာလင် လို့ ခေါ်တယ်။ ဒီကောင်လေးကို အဖိုး တော်တော်ချစ်တယ်။ သူ့မှာ မိဘတွေ မရှိရှာကြတော့ဘူး။ သူ့ကို ၁၃ နှစ်သားအရွယ်ထဲက အဖိုး မွေးစားထားတာ။ ကိုယ့်သားလိုပဲ ဖြစ်နေတာ။

ဒီကောင် သိပ်တော်တာ။ လျင်မြန်ဖြတ်လတ်တယ်။ လူရိပ်လူကဲလည်း သိတယ်။ အနစ်နာခံစိတ်လည်း ရှိတယ်။ မြစ်ဝကျွန်းပေါ်သားပဲ။ ခရီးသွားရင်းနဲ့ အဖိုးနာမည်ကိုကြားပြီး အဖိုးနောက်ကိုလိုက်လာတာ။ အသက်ငယ်တော့ ရွာမှာ မင်းတို့အဖွားနဲ့အတူတူပဲ ထားတယ်။ မင်းတို့အဖွားကို ဝိုင်းကူပေါ့။ ရွာမှာပဲ အိမ်ထောင်ကျတာ။ မင်းတို့အဖွားတို့ပဲ ဦးစီးဦးဆောင်လုပ်ပြီး မင်္ဂလာဆောင်ပေးခဲ့တာ။

သူမင်္ဂလာဆောင်တုန်းက အဖိုးက အိမ်မှာမရှိဘူး။ အဖိုးကလည်း ရွာတွေဘာတွေပြန်တာ နည်းတာကိုး။ ဒီကောင်လေး ကလေးတယောက်ရပြီး အသက် ၂၃-၂၄ မှာမှ ဆုံးသွားတာ။ ဒီကောင်က သတ္တိရှိတယ်။ တိုက်တာခိုက်တာလည်း တော်တယ်။ နာမည်ထွက်တာပေါ့။ တိုက်ပွဲမှာ ကျသွားတာပဲ။


အဖိုးတော်တော်လေး စိတ်မကောင်းဘူး။ ဒီကလေးက ကိုယ့်မျက်စိအောက်မှာပဲ ကြီးလာပြီး ကိုယ့်ရဲ့ အမျိုးသားရေး လုပ်ငန်းတွေမှာ စိတ်ပါလက်ပါ လုပ်ကိုင်ရှာတာကိုး။ ဒီကောင်လေး ဆုံးစတုန်းက အဖိုး တော်တော်နဲ့ အိပ်မပျော်ဘူး။

တော်လှန်ရေးမှာ အတူသွား အတူလာ။ အတူတူတိုက်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေ၊ ဆရာသမားတွေကတော့ အများကြီးပေါ့။ ဒါပေမယ့် အဖိုးက ကိုယ့်ရဲ့ရဲဘော်တွေကို ပိုပြီးခင်တွယ်သလိုပဲ။ ကိုယ့်ထက်ကြီးတဲ့ ဆရာသမားတွေကိုတော့ လေးစားတာ၊ မိဘလို ရိုသေတာ။ ကိုယ့်အောက်က ရဲဘော်တွေကျတော့ ကိုယ့်ရဲ့သားတွေ၊ သမီးတွေလိုလည်းဖြစ်၊ သေဖော်သေဘက်၊ တိုက်ဖော်တိုက်ဘက်၊ ငတ်ဖော်ငတ်ဘက်လည်းဖြစ်တော့ ပိုပြီး သံယောဇဉ်တွယ်တယ်။

ဆက်လက်တိုက်ပွဲဝင်ကြပါ 

ကရင့်တော်လှန်ရေးဟာ မှန်ကန်တဲ့ တော်လှန်ရေးဖြစ်တယ်။ ကိုယ့်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရတာမို့ တရားလည်း တရားတယ်။ ဒီလို မှန်ကန်ပြီး တရားတဲ့တော်လှန်ရေးဟာတနေ့မှာ အောင်ပွဲရမှာပဲ။ ဒါကလည်း အချိန်သိပ်မဝေးတော့ပါဘူး။ လက်နက်ချ အညံ့ခံတယ်။ ရန်သူထံမှာ ဒူးထောက်အညံ့ခံတယ်ဆိုတာ တော်လှန်ရေးသမားတွေအတွက် ဘယ်လိုမှ ဂုဏ်သိက္ခာရှိတဲ့ အလုပ်မဟုတ်ဘူး။ ဒါဟာ ကျဆုံးသွားတဲ့ ရဲဘော်တွေအပေါ် သစ္စာဖောက်ရရောက်သလို ကိုယ့်ပြည်သူတွေကိုလည်း သစ္စာဖောက်တာနဲ့အတူတူပဲ။ ဒါကြောင့် တော်လှန်ရေးကို ဆုံးခန်းတိုင် ဆက်လုပ်ကြပါ။

တော်လှန်သူတွေအတွက် အမှန်တရားနဲ့ အောင်ပွဲက အသင့်ရှိပါတယ်။ အညံ့ခံ အရှုံးပေးတဲ့စိတ်နဲ့ ကိုယ်ကျိုးကြည့်တဲ့စိတ်ဟာ ကိုယ့်လိပ်ပြာ ကိုယ်မသန့်သလို အသေလည်းမဖြောင့်ပါဘူး။ ကိုယ့်လူမျိုးကို ရောင်းစားတဲ့အလုပ်။ ကိုယ့်ရဲဘော်ရဲဘက်တွေအပေါ် သစ္စာဖောက်တဲ့အလုပ်ကို တော်လှန်ရေးသမားတွေ မလုပ်မိဖို့ အရေးကြီးဆုံးပဲ။

အောင်ပွဲ ပန်းတိုင်ရောက်ခါနီးလေ တိုက်ပွဲတွေ ပြင်းထန်လေပဲ။ ရန်သူကတော့ ရန်သူလိုကျင့်ပြီး အမျိုးမျိုးသွေးခွဲမယ်။ လှုံ့ဆော်မယ်။ ဒါကို တို့တော်လှန်ရေးသမားတွေ သတိရှိဖို့လိုတယ်။

ဒီလောက်နှစ်တွေ အကြာကြီးလုပ်ခဲ့ပြီးမှ ဗိုလ်ချုပ်ထင်မောင်လို ရန်သူနဲ့ပူးပေါင်းပြီး ရန်သူထံမှာ အညံ့ခံသွားတာဟာ တော်လှန်ရေးအတွက် အများကြီးနစ်နာတယ်။ ကရင့်တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကိုလည်း အများကြီး ရိုက်ခတ်တယ်။ ရဲဘော်တယောက် အညံ့ခံတာနဲ့ ခေါင်းဆောင်တယောက် အညံ့ခံတာဟာ တန်ဖိုးချင်းမတူဘူး။ ဒါကို တို့ခေါင်းဆောင်တွေ သိဖို့လိုတယ်။

ဥက္ကဋ္ဌကြီး စောဘဦးကြီးတို့လို၊ ဥက္ကဋ္ဌကြီး မန်းဘဇံတို့လို၊ ဗိုလ်ချုပ်မြတို့လို သေဆုံးရတာဟာ မြင့်မြတ်တယ်။ ဒါဟာ တော်လှန်ရေးသမားတွေအတွက် နမူနာကောင်းပဲ။ သူတို့ သမိုင်းဟာသိက္ခာရှိတယ်။ ပြည်သူကလည်း လေးစားတယ်။ ဒီလိုခေါင်းဆောင်ကြီးတွေကို နှစ်တွေဘယ်လောက်ကြာကြာ တော်လှန်ရေးရဲဘော်တွေနဲ့ ကရင်ပြည်သူတွေက မမေ့ဘူး။ ကရင်တော်လှန်ရေးအောင်ပွဲခံတာကို မမြင်သွားရမှာကိုတော့ အဖိုး စိတ်မကောင်းဘူး။

ဒါပေမယ့် တော်လှန်နေတဲ့ ကရင်တော်လှန်ရေးသမားတွေရှိတယ်။ သူတို့နဲ့အတူ မဟာမိတ်တွေရှိတယ်။ နိုင်ငံတကာ မိသားစုတွေရှိတယ်။ အမှန်တရားကိုသိတဲ့ ကမ္ဘာ့ပြည်သူတွေ ရှိတယ်။ ဒါကြောင့် ကရင့်တော်လှန်ရေးဟာ အောင်ကိုအောင်မြင်မှာပဲ။

ဥက္ကဋ္ဌကြီး စောဘဦးကြီးပြောခဲ့တဲ့ စကားလိုပဲ “ကရင်တွေ ရန်ကုန်ဆင်းပြီး လည်စင်းမခံသရွေ့ ကရင့်တော်လှန်ရေးဟာ ဘယ်တော့မှ မရှုံးဘူး” ဆိုတဲ့စကားကို ကရင့်တော်လှန်ရေးသမားတွေ အလွတ်ကျက်မှတ်ထားရမယ်။ ကရင့်တော်လှန်ရေးသမားတွေ အောင်ပွဲအရောက် ဆက်လက်တိုက်ပွဲဝင်ကြပါလို့ မှာကြားလိုပါတယ်။ ။




No comments: