ယခု အပတ်ဆိုလျှင် နှစ်ဆယ့်လေးနှစ် တင်းတင်းပြည့်ပြီ ဖြစ်ပါသည်။ အချို့သောသူများ ယနေ့ထက်တိုင် အထင်အမြင်လွဲပြီး ဝေဖန်သုံးသပ်နေသေးသည့် ယင်းဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ မြန်မာ့နိုင်ငံရေးသမိုင်းအတွက် အလွန်ထူးခြားမှု ရှိပါသည်။
ယနေ့ အစိုးရခေါင်းဆောင်သော ဒီမိုကရေစီ တိုးတက်မြင့်မားရေး အလုပ်သဘော လမ်းညွှန်ချက်များက စပြီး တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးကို ဦးတည်သည့် စကားများ ပြောဆိုလာနေသော လွှတ်တော်များ ပေါ်ပေါက်လာတာ၊ နိုင်ငံရေး စီးပွားရေး လူမှုရေး အပြောင်းအလဲများဖြစ်ပေါ်ဖို့ တာစူလာတာ၊ နိုင်ငံတကာ အဝန်းအဝိုင်းက မြန်မာနိုင်ငံကို အလေးထား ဆက်ဆံလာတာ၊ ယခုလို စာနယ်ဇင်းများမှာ အတော်အတန် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်သည့် အခြေအနေရောက်လာတာ စသည့် စသည့် မြောက်မြားလှစွာသော အချိုးအကွေ့များမှာ အဆိုပါ ၁၉၈၈ က မြစ်ဖျားခံတာ ဖြစ်ပါသည်။
ခေတ်သစ် မြန်မာနိုင်ငံသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အမျိုးသားညီညွတ်ရေးကာလကလွဲလျှင် ပြည်သူလူထု စည်းလုံးညီညွတ်မှုအရှိဆုံး ကာလတစ်ခုမှာ ဘယ်သူကမှ စုစည်းပေးခဲ့တာ မဟုတ်ဘဲ ညီညွတ်ခဲ့ကြသည့် ၁၉၈၈ ကာလဟု ဆိုနိုင်ပါလိမ့်မည်။ ထိုကာလမှာ ပြည်သူလူထုတစ်ရပ်လုံးဟာ အတော်ပဲညီညွတ်ခဲ့ကြသည်ဟု ဆိုရပါမည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ လုပ်ရပ်များ၊ ပါတီခေါင်းဆောင်များ၏ အခွင့်ထူးခံ ကိုယ်ကျိုးရှာမှုများ၊ အာရှမှာ ခေါင်းမော်ခဲ့သော နိုင်ငံအဖြစ်မှ အဆင်းရဲဆုံးသော တိုင်းပြည်အဖြစ်သို့ ရောက်ခဲ့ရသည်များ စသည် စသည်တို့ကို ပြည်သူလူထုတစ်ရပ်လုံးက သည်းမခံနိုင်တော့သည့်စိတ်၊ လွတ်လပ်သော တရားမျှတသော ဒီမိုကရေစီ အခွင့်အရေးများကို လိုလားတောင့်တသောစိတ် စသည့် တူညီသော စိတ်ဓာတ်များနှင့် ဒီမိုကရေစီအလံကို မြင့်မြင့် လွှင့်ထူရင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိခဲ့ကြတာ ဖြစ်သည်။ သည်ညီညွတ်ရေး ဆိုသည်က ပြည်သူလူထုထဲကလာသည့် နိုးကြားသော အသိစိတ်ဓာတ်နှင့် တည်ဆောက်သော ညီညွတ်ရေး ဖြစ်သည်။
ပြီးတော့ ပြည်သူတို့က တစ်နိုင်ငံလုံးရှိ လမ်းတွေပေါ်မှာ ဒီမိုကရေစီကိုသာ လိုချင်သည်ဟု ကြွေးကြော် ဟစ်ကြွေးနေကြစဉ်မှာ အစိုးရအဖွဲ့၏သမ္မတများ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျနေသည်။ အစိုးရတာဝန်ကို မယူတတ်တော့။ သည်ကာလမှာ လွတ်လပ်မှုများကို ပိတ်ပင်ထားသည့် အတားအဆီး အကာအရံများ အားလုံးကို ကျော်ဖြတ်ပြီး စာနယ်ဇင်းတို့ အပြိုင်းအရိုင်း ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ စာနယ်ဇင်းနယ်ပယ်အတွက် အလွန်အရေးပါသော သမိုင်းစာမျက်နှာများ။
စက်တင်ဘာ ၁၈ တပ်မတော် အာဏာသိမ်းသည့်အခါ လှုပ်ရှားနေမှုများ ယာယီ ငြိမ်သက်သွားခဲ့သည်။ အာဏာသိမ်းလိုက်သော တပ်မတော်ခေါင်းဆောင်များက ပြည်သူလူထု တောင်းဆိုသည်များကို ဖြစ်အောင်လုပ်ပေးပါမည်ဟု ကတိကဝတ်များ ပေးခဲ့သည်။ ဒီမိုကရေစီဖော်ဆောင်မည်၊ ပါတီစုံဒီမိုကရေစီစနစ် မြန်မာနိုင်ငံမှာ ထူထောင်မည်၊ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးမည်ဟု ဆိုသည်။
သည့်နောက်မှာ ပြည်သူ့အခြေပြု နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့သည်။ နှစ်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့သော ရေကာတာကြီး ကျိုးပေါက်သွားသည်ကဲ့သို့။ နိုင်ငံရေးပါတီများ များလွန်းလှလို့ မှတ်ပင် မမှတ်မိနိုင်တော့။ သို့သော်လည်း ကိစ္စမရှိ။ ပြည်သူလူထုက ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လင်းလာသည်ဟုသာ ယူဆခဲ့သည်။ နိုင်ငံရေးပါတီများဟူ၍ မမြင်မတွေ့ရတာကြာပြီ။ ပါတီတွေ ရှိပါစေ၊ ပါတီတွေ စုံပါစေ ကိစ္စမရှိ။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပသည့်အခါတွင်မူ ပြည်သူ့ သဘောထားကို မဲပေးသည့်နည်းဖြင့် ဖော်ပြလိုက်ကြသည်။ မိမိတို့၏ အသည်းကြားက မဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ ပုံအောပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီ သရဖူ အပ်နှင်းလိုက်သည်။ အမှားအမှန်တွေ ဟိုဟာ ဒီဟာတွေ နိုင်ငံရေး သီအိုရီတွေ ဘာမျှ ပြောခွင့်မပေးတော့၊ ပြည်သူလူထုက ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဆန္ဒဖော်ထုတ် ပြသလိုက်တာဖြစ်သည်။ ဒါပဲ။ ဒါ ပြည်သူ့ဆန္ဒပဲ။
နောက်တော့ အားလုံးသိကြတဲ့အတိုင်းပါပဲ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ပြည်သူလူထုက စိတ်လက်ရှည်ရှည်ဖြင့် ဆက်လက်ကျော်ဖြတ်ခဲ့ကြသည်။ မိမိတို့၏ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ခဲ့။ အမျိုးသားညီလာခံ၊ လူဖမ်းပွဲကြီးများ၊ နေအိမ်အကျယ်ချုပ်များ၊ နောက်ထပ် အဖမ်းအဆီးများ၊ နောက်တစ်ကြိမ် အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နောက်ထပ် ရွေးကောက်ပွဲ၊ အစိုးရသစ်။ အားလုံးက မျှော်လင့်ထားခဲ့သည့်အတိုင်း။ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ နိုင်ငံရေးအသိအမြင်နှင့် ရင့်ကျက်မှုက ဘာနှင့်မှမတူ။ မြန်မာ့ ဒီမိုကရေစီ ခရီးပန်းတိုင်မရောက်ခင် လမ်းခုလတ်မှာ ကျဆုံးခဲ့ရသော ရဲဘော်အပေါင်း၏ တွန်းအားတို့ကလည်း မြန်မာ့ ဒီမိုကရေစီရေးခရီးကို ဆက်လက် မောင်းနှင်ဖို့ စွမ်းအင်ဖြစ်ခဲ့သည်။
သည့်နောက်မှာတော့ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က မြန်မာ့နိုင်ငံရေး အဆစ်အကွေ့ ဖြစ်ပေါ်လာစေခဲ့သည်။ နိုင်ငံတော် သမ္မတ၏ ဒီမိုကရေစီ မိန့်ခွန်း၊ အစိုးရ၏ မီဒီယာမျက်နှာစာတွေပေါ်က သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်တွဲနေပုံ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်တာတွေ၊ ၈၈ မျိုးဆက် ခေါင်းဆောင်များကို ပြည်သူလူထုက ကြိုဆိုကြပုံတို့က နိုင်ငံရေး အပြောင်းအလဲအတွက် နိမိတ်ပုံတွေပဲ ဖြစ်သည်။ ပြီးတော့ ဒါတွေက ပြည်သူလူထု၏ ရှစ်လေးလုံး အရေးတော်ပုံကတည်းက အစိုင်အခဲ ဖြစ်နေခဲ့သော မျှော်လင့်ချက်များပဲ ဖြစ်သည်။ သည်လိုနှင့် နှစ်ပေါင်းနှစ်ဆယ်ကျော် စောင့်မျှော်ခဲ့ရသော ဒီမိုကရေစီအခွင့်အလမ်းများ စတင်ပွင့်လန်းလာခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်ပွဲများ။ နိုင်ငံတော် သမ္မတ၏ အမြော်အမြင်ကြီးမှုပေါ်မှာ တည်နေသော အနာဂတ် မျှော်လင့်ချက် ရောင်ခြည်များ။ လင်းလက်လာတာတွေ ရှိသလို မှောင်ရိပ်ထိုးနေတာတွေလည်း ကျန်နေသေးသည်။ ရှေ့ခရီးကတော့ အများကြီး သွားရဦးမည်။ ပန်းတိုင်ကိုတော့ မြင်နေရသလိုလို ရှိသည်။ ဘာကိုမှ စိတ်ချလက်ချ ထားဖို့တော့ မဖြစ်နိုင်သေး။
မည်သို့ပင်ဖြစ်စေ ယခုအချိန်က မြန်မာပြည်သူလူထုအဖို့ ၁၉၈၈ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အသက်ပြန်ရှူခွင့်ရသည့် အချိန်ဟု ဆိုရမည်လား မသိ။ ဒါအတွက်ကိုတော့ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၏ ချင့်ချိန်စဉ်းစားမှုကို အသိအမှတ် ပြုရမည် ဖြစ်ပါသည်။ ၁၉၈၈ မှ စတင်ခဲ့သော ပြည်သူ့ ဒီမိုကရေစီရေးတောင်းဆိုမှု ခရီးကြမ်းကြီးကို ဦးသိန်းစိန် အစိုးရက ပြေပြစ်ချောမွေ့အောင် ကြိုးစားလာတာပဲ ဖြစ်ပါသည်။ ခေတ်အဆက်ဆက် ဒီမိုကရေစီရေးအတွက် စွန့်စား ဆောင်ရွက်ခဲ့ကြသော သူများ၏ ကျေးဇူးပဲ ဖြစ်ပါသည်။
ဖြတ်သန်းခဲ့ရသော နှစ်ဆယ့်လေးနှစ်ခရီးကို ပြန်လှည့်ကြည့်တော့ မနေ့ တစ်နေ့ကလိုပါပဲ။ ပြည်သူအားလုံး ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီခရီးကြမ်း။ အိပ်မက် မဟုတ်။ ရှေ့မှာလည်း ဆက်လက် လျှောက်လှမ်းရဦးမည်။
၃ သြဂုတ် ၂၀၁၂
(သြဂုတ် ၉/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၀၆၊ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)
No comments:
Post a Comment