ရေတမှုတ်ခပ်သောက်ပြီးသည့်တိုင် အမောမပြေသေးသလိုဖြစ်ရခြင်းမှာ နွေညနေကြောင့်တော့ မဟုတ်တန်ရာ။ နေခြည်စောင်း၍ မီးဆလိုက်ထိုးသလို ကျနေချိန် ဘဲကျောင်းသား မောင်းနှင်ရာ တသီတတန်းကြီးချီလာသော ဘဲအုပ်ကို ငေးရသည့်အရသာ ရထားလမ်းပေါ်မှ ကျောက်ခဲများပေါ် အမှိုက်သရိုက်အချို့ လူးလာ ခေါက်တုံ့ လေနှင်တိုင်း လိမ့်နေသည်ကို မြင်ရသည့်အရသာ၊ အော်သံ ခေါ်သံများကြားမှ ကလေးတို့ ပြေးလွှား ဈေးရောင်းရန်လာကြပုံ၊ မြင်းနက်ကြီး အမောဆို့သလို ဝင်လာသော စာပို့ရထားခေါင်း သူ့အတွက် အားလုံးမြင်ရ ကြားရပါလျှက် မပြည့်စုံ။
ညိုသည် ဒန့်သလွန်သီးများခူးနေရာမှ သူ့အား မျှော်ကြည့်နေ၏။
ဘယ်ကလာလို့ ဘယ်လိုလူလဲဆိုတာမပြောရင် ကျမတို့ ဒီထက်ပိုလို့မရဘူးဟု သူမ ပြောချင်နေသလား။ သူ့ဖာသာ နားလည်လိုက်သည်။ တောဘူတာလေးဘက်ပင် သူ ပြန်ငေးနေလိုက်၏။
ညို မနေနိုင်သည့်တညနေတွင် ရေအိုးစင်ကို ရေဖြည့်ရင်း အနီးမှာ ငုတ်တုတ်ထိုင်နေသော သူ့အား မကြည့်ဘဲ စကားတခွန်း စလိုက်၏။
“ဘာလို့ ဒီလောက် ဝန်လေးနေတာလဲ၊ စာအုပ်တွေ မဖတ်ချင်ဘူးလား”
သူကလည် ဦးထုပ်ပျော့ဖတ်ဖတ်ကို ခါတိုင်းလို ငိုက်ငိုက်ဆောင်းထိုင်လျက် ညိုအား လှည့်မကြည့်။
“စာမျက်နှာပေါ်က စာတွေကိုလည်း ဖတ်ချင်တယ်၊ လူတယောက် မျက်နှာပေါ်က အက္ခရာမပါတဲ့ အဓိပ္ပာယ်တွေကိုလည်း ဘာသာပြန်ကြည့်ချင်တယ်။ နေစောင်းလို့ မသောက်ရသေးတဲ့ အရက်သမားထက် ကျုပ် အနေရခက်နေပါတယ်”
ညို သူ့အား ရယ်လည်း ရယ်ချင်စိတ်လည်း မရှိချင်တော့။ ဒုက္ခဆိုတာ နှုတ်ခမ်းမွှေး ထူလပျစ်ကြီးနဲ့ မှုန်ကုတ်ကုတ် လူတယောက်ထံမှာ ဘယ်သို့ရနိုင်မလဲဟု သူမ စဉ်းစားနေမိ၏။ သို့သော် သောက်ရေဖြည့်ပြီး သူမ ပြန်လာခဲ့၏။ သူ စိတ်ပျက်လက်ပျက် ပြန်သွားပြန်သည်။
အတွေးစုံဖြင့် ရှုပ်ထွေးနောက်ကြည့်နေခြင်းကြောင့် သူ့နောက်မှာ တစုံတယောက် နောက်ယောင်ခံလိုက်လာသည်ကိုပင် သတိမပြုမိဘဲ တောရကျောင်းအထိ ငိုက်စိုက် လျှောက်သွားမိသည်။
xxxxx xxxxx xxxxx
‘ ... ... ... တယောက်ထဲ ညည်းငွေ့နေရတယ်။ ဖြစ်နိုင်ရင် အဆက်အသွယ် လုပ်စေချင်တယ်။ ဘယ်သူတွေ ဘယ်မှာရှိလဲ ငါလည်း မသိဘူး၊ မင်းတို့သိသမျှ စုံစမ်းပေးပါ။ ငါတို့ ဒီအတိုင်းနေလို့လည်း ရေရှည်မှာ ဖြစ်မှာမဟုတ်ဘူး၊ ထပ်လှုပ်ရှားရဦးမှာပဲ။ ဒါကြောင့် ဒီစာရရခြင်း ငါတို့အဖွဲ့တွေ ပြန်စုထားကြပါ။ ငါ နောက်တစောင် ထပ်ရေးဦးမယ်။ အဲဒီကျရင် ငါ့ကိုတွေ့နိုင်မယ့်နေရာ ငါ ရေးပေးလိုက်ပါမယ် . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .... အခု ငါ့နာမည် ဖေသောင်းလို့ပဲ မင်းတို့ သုံးစွဲကြပါ။ .....။’
သူ့စာကို အဆုံးသတ်ပြီး အိတ်ထဲပိတ် တံဆိပ်ခါင်းကပ်သည်။
ရံဖန်ရံခါမှ တောရကျောင်းသို့လာတတ်သော ဘုန်းကြီးကျောင်းသားလေးအား မုန့်ဖိုးပေး၍ စာထည့်ခိုင်းရန် စဉ်းစားနေ၏။
xxxxx xxxxx xxxxx
“မရောက်တာလည်း ကြာပြီဘုရား။ တပည့်တော် အလုပ်များနေလို့ သတိရလျက် မလာနိုင်ပါဘူး”
ဦးရွှေခင် လှူဖွယ်ဝတ္တုများဖြင့်ကန်တော့ရင်း ဆရာတော်အား လျှောက်သည်။ အလိုက်အထိုက် ဧည့်ခံနေသော ဆရာတော်အား “ကျောင်းထဲမှာ လူငယ်တယောက် အရင်က မမြင်ဘူးပါလား ...၊ ဆရာတော့်ကျောင်းမှာ နေနေတာလားဘုရား” ဟု မေးလိုက်၏။
ဆရာတော်မှာ အိနြေ္ဒပင်မပျက် “အေး ... ငါနဲ့ မကင်းရာမကင်းကြောင်းထဲကပဲ” ဟုသာ ပြန်မိန့်သည်။ တောကလား ဘုရားဟု မေးသော်လည်း သူ့မိဘတွေ ခဏလာထားကြတာပါ။ လူကောင်းပါဟုသာ ဖြေသည်။
xxxxx xxxxx xxxxx
ဦးရွှေခင် ပြန်ပြောပြချက်ကို ဒေါ်တင်တင် မျက်မှောင်ကျုံ့ နားထောင်နေသည်။ ဆရာတော်ကိုယ်တိုင်က ရေရေရာရာ မသိတာလား၊ မပြောချင်လို့လားဟု ရေရွှတ်လျှက် ညို့ဘက် လှည့်ကြည့်သည်။ ညိုကား အားမလို အားမရ နားထောင်နေရာမှ ... တခုခုတော့ လျှို့ဝှက်ချင်နေတာ အမှန်ပဲ ဟု နားလည်မိ၏။
ရက်ပိုင်းအတွင်း ထူးခြားချက်က ညို၏သိလိုစိတ်ကို ပို၍နှိုးဆွသည်။ အနှေးရထားပေါ်မှဆင်းလာသော လူနှစ်ယောက်နှင့် ကိုဖေသောင်းတို့ ဘူတာအနီးက လဘက်ရည်ဆိုင်မှာ နေ့တဝက်နီးပါး ခေါင်းချင်းဆိုင်ရိုက်နေကြခြင်းပင်။ ညိုသည် ခြံဝင်းထဲမှ အားမလိုအားမရ ချောင်းကြည့်နေပြီး သူတို့အဖွဲ့ ကုက္ကိုပင်ကြီးနောက်ဘက်သွားကြပုံ၊ တောရကျောင်းဘက် သွားရာလမ်းကို ဖေသောင်းက ညွှန်ပြနေပုံ၊ ဟိုနားလျှောက် ဒီနားလျှောက်နှင့် ဘူတာတဝိုက်တွင်သာ စကားပြောရင်း အချိန်ဖြုန်းကြပြီးမှ ညနေ စာပို့ရထားအပြန် သူတို့ပြန်၍ပါသွားကြသည်။
ဖေသောင်းလက်ထဲ ထိုဧည့်သည်နှစ်ဦးပေးခဲ့သည့် အထုပ်များ တပွေ့တပိုက်ဖြင့် ကျေနပ်စွာ ပြန်သွားသည်ကို ညို ခြံစည်းရိုးကြားမှ ချောင်းကြည့်၍ ကျန်ခဲ့ရ၏။
xxxxx xxxxx xxxxx
ပဟေဋိမှန်လျှင် အဖြေရှိရစမြဲဟု ညို ယုံသည်။
တကယ်တမ်းကျတော့ သဲလွန်စကို ရှာတုန်းကမတွေ့၊ မရှာဘဲ ခလုတ်တိုက်မှ တည့်တည့်တိုးမှန်းသိရပြီး ရင်ထိတ်သဲဖိုဆန်ဆန် ညို ခံစားလိုက်ရ၏။
ဧပြီလဆန်းပြီမို့ သင်္ကြန်တွင်း စတုဒီသာကျွေးရန်အစီအစဉ်အတွက် ညိုတို့အိမ်ရှေ့ဘက်ရှိ ရွာထဲမှ အပျိုခေါင်းဆောင် မခင်အေး ရောက်လာသည်။ ညိုထံမှ အလှူငွေကောက်ရင်း အစီအစဉ်ပြောရင်း ဟိုရောက် သည်ရောက် စကားပြောနေဖြစ်၏။
“မမအေးတို့ကျောင်း ဘယ်တော့ပြန်ဖွင့်မှာလဲ”
“မကြေငြာသေးပါဘူးဟာ ကြာဦးမယ်ထင်တာပဲ ပြဿနာက ...”
မခင်အေး စကားမဆုံးဘဲ ပါးစပ်အဟောင်းသားဖြင့် ကုက္ကိုပင်ဘက်ကြည့်ရင်း ဟဲ့ ... ဟု ရေရွတ်ကာ သေချာအောင် မျက်လုံး ပွတ်သပ်ကြည့်နေ၏။
ကိုဖေသောင်းသည် သူ ဝတ်ဆင်နေကျ အဆောင်အယောင်များနှင့်ပင် ဘူတာမှာရောင်းသော စာစောင်အချို့ကို လှန်လှောကြည့်နေသည်ကို တွေ့ရသည်။
“မမအေး ... သူ့ကို သိလို့လား”
“အေးဟဲ့ ... တူတော့တူတယ် နေဦး၊ နှုတ်ခမ်းမွှေးကြီးနဲ့ ဟဲ့ ... ဟုတ်ပါပြီ၊ သူက ဘယ်လို ... ဒီကိုရောက် ...”
မခင်အေး စကားများ ပြတ်တောင်း ပြတ်တောင်းဖြင့် အံ့သြစွာ ငေးစိုက်နေ၏။ ကိုဖေသောင်း စာစောင်တခု ဝယ်သွားပြီး၊ ကုက္ကိုပင်ကွယ်ရာဘက် ငိုက်စိုက်စိုက်ထွက်သွားမှ ...
“ဟုတ်တာပေါ့ သေချာပြီ ကြည့်စမ်း၊ ငါက သူ ပါသွားပြီအောက်မေ့နေတာ”
ညို၏ သိလိုစိတ်ကို ကလိထိုးနေသလိုရှိလာ၍ “မမအေးတို့ကျောင်းကလား” ဟု အမောတကော မေးလိုက်သည်။ “အေး၊ ဟုတ်တယ်၊ ငါတို့နဲ့ ဘာသာတူတူပဲ အခန်းတော့မတူဘူး” ဟု ဖြေသည်။
“သူ့နာမည် ကိုဖေသောင်း ဆို”
“ဟုတ်လား ... ငါ နာမည်တော့ ဘယ်သိမလဲ၊ ဒါပေမယ့် လူတော့ သိပါတယ်၊ အားကစားပွဲတွေမှာ ဘယ်က ဝီစီကို ယူလာပြီး တတီတီမှုတ်နေမှန်း မသိဘူး၊ လက်တွေ့ခန်းထဲမှာလည်း အမြဲဆော့နေတာ ... သြော် ငါက သူ ပါသွားပြီမှတ်လို့”
“ဘာပါတာလဲ မမအေးရဲ့”
ညို့အမေးကြောင့် မခင်အေး ဟိုတကြောင်း ဒီတကြောင်း ဇာတ်ကြောင်းပြန်ရင်း ညို ကွက်ကွက်ကွင်းကွင်း နောက်ခံစကားပြောနှင့် ရုပ်ရှင်ပြကွက်လို မြင်လာသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment