Monday, July 9, 2012

ပျင်းပျင်းရှိတဲ့အခါ အနုပညာနဲ့ နိုင်ငံရေးအကြောင်း ပြောကြရအောင် (ကမာပုလဲ)

သစ်ကောင်းအိမ်
မင်းက အမေရိကားမှာ ဆူရှီလိပ်ရင်း ကဗျာရေးတယ်
ငါက
နယ်စပ်တကြောမှာ ယောင်ပေပေကျန်ရစ်ရင်း ကဗျာရေးတယ် ...။

မင်းပို့တဲ့ ချွေးနည်းစာနဲ့
မင်းညွှန်ကြားချက်အတိုင်း
ဒေးမူဆိုင်ကို ငါသွားတယ်
မင်းမပါတဲ့ ကျောက်စားပွဲမှာ
သူလာချပေးတဲ့ အမြည်းဟာ ဆားပေါ့နေတယ်ကွာ ...။

ပြီးတော့ ဆောင့်ကြီးအောင့်ကြီးနဲ့ ရေခရား လာချတယ်
၈ နာရီထိုးရင် ဆိုင်ပိတ်မယ်ဆိုတဲ့ အကြောင်း
အကြွေး မရောင်းနိုင်ဘူးဆိုတဲ့အကြောင်း
ဟိုလူ ... ဦးတို့ထဲက ယူသွားတဲ့
(သောက်သွားတယ်ပြောရင် ပိုမှန်ပါတယ်ကွာ)
အဲ ... အဲဒီအကြွေးကို
ဘယ်သူ ဘယ်တော့ ဆပ်မလဲဆိုတဲ့အကြောင်း
အာဏာသံပါပါနဲ့ နှင်တာ ခံရသေးတယ် မောင် ...။


ငါတို့လည်း ညစ်ညစ်နဲ့
ထမပြန်နိုင်သေးဘဲ
ကြီးကြီးကျယ်ကျယ် နိုင်ငံရေး အကြောင်းတွေ
ဆွေးနွေးကြတယ် ...။

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းနေတဲ့အကြောင်း
တရုတ်နဲ့ အမေရိကန် ဘယ်သူ မိတ်ဆွေ ဖြစ်သင့်သလဲ ဆိုတဲ့အကြောင်း
စု၊ လွှတ်၊ တွေ့ အကြောင်း
ပါတီ မှတ်ပုံတင်ခြင်းအကြောင်း
ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ဝင်မယ့် အကြောင်း
ကချင် စစ်ပြေးဒုက္ခသည်တွေ အကြောင်း
ပြေးဖို့ပြင်နေတဲ့ ရှမ်းပြည်သူတွေ အကြောင်း
ရခိုင် ပဋိပက္ခတွေ အကြောင်း
အမေရိကန် စစ်တပ်ကြီးအကြောင်း
စုံလို့ပေါ့ကွာ ...။

ညဥ့်က နက်လာလေ
စကားက ပြောကောင်းလေပဲ
မင်းရှိရင် ပိုတောင် ညဥ့်နက်ဦးမယ် ...။

ဗင်ဂိုး အကြောင်း
ပေါလ်ဂေါ်ဂင်အကြောင်း
ကဗျာဆရာ တရားဝင် မှတ်ပုံတင်ကြတဲ့အကြောင်း
ဂျူးလီးယက် ဆီဇာအကြောင်း
ဘလူးဒတ် အကြောင်း
မင်းနဲ့ငါ
သောက်ရေသန့် ဆယ်ဘတ်တန်ကို
ဝယ်မသောက်နိုင်တဲ့ နေ့တွေအကြောင်း
ကိုဆက်ဟာ ငါ့ထက်ပိုမိုက်တဲ့ အကြောင်း
စုံနေတာပဲကွာ ... ။

မင်းရှိကတည်းက မရှိတော့တဲ့သူတွေ
ကိုထက်မိုးကွာ
ဂုရုကွာ
ဟိုကောင် ငြိမ်းလူကွာ
ဒီလူတွေ
သူတို့ ကဗျာတွေအပေါ် အနိုင်ယူသွားတဲ့ ကိစ္စ ...။

ညဥ့်က နက်နက်လာတယ်ကွာ
ဒေးမူက
မျက်နှာတည် မျက်နှာထားနဲ့ ကြည့်တော့
(သူ့အတွင်းစိတ်ရဲ့ ရင်းနှီးတဲ့ အပြုံးကိုတော့ သူ ဖုန်းကွယ် မထားနိုင်ပါဘူး ပေါ့)
၉ နာရီတောင် ကျော်နေပြီ
ဒါနဲ့
ကျသင့်သမျှကို လက်ငင်းစနစ်နဲ့ ပေးချေ
ဆိုင်ရှင်ကို တောင်းပန် အပြုံးလေး ပြုံးပြီး
လမ်းမပေါ် ပြန်ရောက်တော့
သစ်ကောင်းအိမ်ရေ
ငါတယောက်တည်းကွာ ...။ ။

ကမာပုလဲ 
၂၀၁၂ 


 

No comments: