Thursday, July 12, 2012

ပူးပေါင်းကြ ...၊ ညီညွတ်ကြ ...၊ လက်ချင်းချိတ်ကာ ခိုင်မာသော သန္နိဋ္ဌာန်များ ချကြ ... (ဆူးငှက်)

လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက့်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကိုတော့ ဒီနှစ်မှာ အရင်နှစ်တွေထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်မယ်လို့ ထင်တယ်။

ဘာလို့လဲဆိုတော့ အစိုးရကိုယ်တိုင် ခေတ်ပြောင်းနေပြီ စနစ်ပြောင်းနေပြီလို့ ပြောနေတာကိုး...။ သမ္မတကြီးရုံးခန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကြီး ချိတ်ဆွဲထား...၊ လွှတ်တော်ဥက္ကဋ္ဌကြီးတွေကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်တွေအပေါ် ဂုဏ်ယူကြောင်း တစ်ဖွဖွပြောနေကြလို့ပါပဲ။

နောက်တစ်ချက်က... အရင်က နာမည်မကြားချင်လောက်အောင် သဘောထားကွဲခဲ့တဲ့ ဗိုလ်ချုပ်သမီး၊ လူထုခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နားလည်မှုတွေ အထိုက်အလျောက်ရယူပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်ကလည်း ရွေးကောက်ပွဲဝင်၊ အပြတ်အသတ် အနိုင်ရပြီး လက်ရှိလွှတ်တော်မှာကို တက်ရောက်လို့ နှစ်ဦးနှစ်ဖက် လက်ခြင်းချိတ်လို့ တိုင်းကျိုးပြည်ပြု ဆောင်ရွက်နေပြီမဟုတ်ပါလား...။

ဒါကြောင့်... တိုင်းပြည်လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးဆပ်ခဲ့ကြတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုယ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ကို ဒီနှစ်မှာဖြင့် အမျိုးသားရင်ကြားစေ့ စည်းလုံးခြင်း၊ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခတွေရှောင်ကွင်းပြီး ငြိမ်းချမ်းခြင်း ပေါင်းစည်းမှုတွေနဲ့ အမျိုးသားလွတ်လပ်ရေး ခိုင်မာရေး သန္နိဋ္ဌာန်တွေနဲ့ အဓိပ္ပာယ်ရှိရှိ ကျင်းပနိုင်မယ်လို့ မျှော်လင့်တာပါပဲဗျာ...။


လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ့်လေးဝန်းကျင်ကဆိုရင် အခုလို ဇူလိုင်လဆန်းတာနဲ့ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်တွေ၊ မိန့်ခွန်းတွေကို ဓာတ်ပုံတွေနဲ့တကွ နေ့စဉ်ရက်ဆက် ထည့်သွင်းပြီး ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ကို အမှတ်တရ အလေးပြုခဲ့ကြပါတယ်။

ပြီးတော့ ကျောင်းတွေမှာလည်း အာဇာနည်ခေါင်းဆောင်ကြီများရဲ့ ကိုယ်ကျိုးစွန့်မှု မဟာစိတ်ဓာတ်ကို ကျောင်းသားလူငယ်တွေ “သိရှိ”၊ “နားလည်”၊ “ဂုဏ်ယူ”၊ “အတုသင်”၊ “လိုက်နာ”၊ “ဆောင်ရွက်” ပြီး အနာဂတ် နိုင်ငံတော်ရဲ့ အမျိုးကောင်း သားသမီးများဖြစ်ပေါ်ရေးအတွက် ဟောပြောပွဲတွေ စာစီစာကုံးပြိုင်ပွဲတွေ၊ နံရံကပ်စာစောင်တွေနဲ့ ကျင်းပပေးခဲ့ကြပါတယ်။

ကျွန်တော် အဋ္ဌမတန်းကျောင်းသားဘဝ ၁၉၇၂ ဝန်းကျင်က ကျွန်တော် ပညာသင်ကြားတဲ့ ပွဲကုန်း အမှတ် ၂၁ အ.ထ.က မှာ အာဇာနည်နေ့အကြို ဟောပြောပွဲကို ကျင်းပခဲ့ပါတယ်။ ဒီဟောပြောပွဲမှာ ထုံးစံအတိုင်း သက်ဆိုင်ရာ ပါတီယူနစ်က ကေဒါတွေလာပြီး ဟောပြောကြတယ်။ အသင့်ပါလာတဲ့ စာရွက်ဖတ်ကာ ဟောပြောမှု အစီအစဉ်အပြီး ...၊ ကျောင်းသားကြီးတစ်ယောက်က “အာဇာနည်” ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပာယ်နက်ရှိုင်းမှုကို ထပြီး အမှတ်မထင် မေးမြန်းလိုက်ပါတယ်။

ဒီမှာပဲ တာဝန်အရလာရောက်ဟောပြောတဲ့ ကေဒါခမျာ ကြောင်အမ်းအမ်း ဖြစ်နေချိန် ...၊ အလယ်တန်းပြဆရာတစ်ဦးက ကျောင်းအုပ်ဆရာမကြီးကို ခွင့်တောင်းပြီး “ဒီမေးခွန်းကို ဖြေပါရစေ...” လို့ ဆိုပါတယ်။

ဆရာမကြီးက ခွင့်ပြုတဲ့အခါ ... အလယ်တန်းပြဆရာက ရဲဝံ့စွာနဲ့ပဲ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းဘဝမှ တိုင်းတစ်ပါးရဲ့ လက်နက်အာဏာနဲ့ မတရား ကျွန်ပြုမှုအပေါ် ဆန့်ကျင်တော်လှန်မှုများမှ အစချီကာ လူငယ်တက္ကသိုလ်ကျောင်းသားများရဲ့ သမဂ္ဂများကတဆင့် နိုင်ငံရေးအသိနိုးကြားလာမှု၊ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ရောက်မှု၊ တိုင်းပြည် လွတ်လပ်ရေးအတွက် ကျောင်းသားခေါင်းဆောင်၊ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆန်းမှသည် ဒို့ဗမာ အစည်းအရုံး၊ နိုင်ငံရေးသမား သခင်အောင်ဆန်း ...၊ ထိုမှ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇ၊ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း စသည်ဖြင့် စွန်လွှတ်အနစ်နာခံ ရဲဝံ့စွာနဲ့ အသက်စွန့်လွှတ်ရသည်အထိ တိုင်းပြည်လွတ်လပ်ရေးကို မဆုတ်မနစ် ဆောင်ရွက်ခဲ့ပုံတွေကို အချက်ကျကျ၊ ပိုင်ပိုင်နိုင်နိုင်၊ ဝေဝေဆာဆာ...၊ အာပေါင်အာရင်းသန်သန်နဲ့ တဝါးဝါး ပွဲကျသည့်နေရာ ကျ ...၊ အံကြိတ် လက်သီးဆုတ်သည့်နေရာ လက်သီးကျစ်ကျစ်ပါအောင် ဆုတ် ...၊ ဒေါသမျက်ရည်လည်သည့်အခါ လည် ...၊ ဝမ်းနည်း မျက်ရည်ဝိုင်းသည့်အခါ ဝိုင်း... မျှ ဟောပြောသွားပါတော့တယ်။

ကျွန်တော်တစ်ဦးတည်းခံစားချက်နဲ့ ပြောရရင် ဒီဟောပြောမှုကို နာကြားပြီးကတည်းက ကျွန်တော်သမိုင်းတွေ သိချင်လာတယ်။ ဆရာ့လို ပြောချင်လာတယ်။ ဒါကြောင့် စာအုပ်တွေ စပြီး ဖတ်ရှုလေ့လာဖြစ်လာတယ်လို့ ဆိုရပါမယ်။ အဲဒီ ဟောပြောတဲ့ အလယ်တန်းပြဆရာက ကျောင်းမှာ အင်္ဂလိပ်စာကိုလည်း ပိုင်နိုင်စွာသင်ကြားနိုင်တယ်။ သမိုင်းဘာသာရပ်ကိုလည်း ကျောင်းသားတွေ စာကျက်စရာမလိုအောင် အချက်ကျကျ သင်ကြားနိုင်ပါတယ်။ ဆရာ ဦးညီညီ လို့ ခေါ်ပါတယ်။

ဆရာက သမိုင်းသင်ရင်လည်း “မင်းတို့ ဝရမ်းပြေး ဘိုးသိန်း ဇာတ်ကားကြည့်ဖူးသလား၊ ဒီဇာတ်ကားထဲမှာ ရွှေတိဂုံ အလယ်ပစ္စယံက ဗိုယ်ချုပ်အောင်ဆန်းရဲ့ အစည်းအဝေး ကျင်းပပုံပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားပြောစင်ပေါ် အသားမည်းမည်းနဲ့ ငုတ်တုတ်လေးထိုင်နေတဲ့ကောင်လေးက ငါပဲ” ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတယ်။ ဆရာ့အစ်ကို ဦးကိုကို ဆိုတာကလည်း မန္တလေးတက္ကသိုလ်က နာမည်ကျော် ဆရာတစ်ဦးပါပဲ။

ကောင်းပါပြီ...။ ဆိုလိုတာက အဲဒီအချိန်အဲဒီကာလက အာဇာနည်နေ့နဲ့ပတ်သက်ပြီး ကျောင်းသားလူငယ်တွေကို အသိပညာတွေ ပေးခဲ့တယ်။ အာဇာနည်စိတ်ဓာတ်တွေကို သွင်းပေးခဲ့တယ်။ ဆရာတွေကိုယ်နှိုက်က ကျယ်ပြန့်တဲ့ ဘောင်အတွင်းက လွတ်လပ်စွာ ပြောဟောခဲ့ကြတယ်။

အာဇာနည်နေ့နီးပြီဆိုရင် နေအိမ်ကနေ ကျောင်းကို အသွားအပြန်တိုင်းသွားနေကျ မိကျောင်းတံတားအတိုင်း မသွားပြန်တော့ဘူး၊ အိမ်တော်ရာဘုရားဝင်းထဲကပဲ ဖြတ်တယ်။ ဟုတ်ပါတယ်။ အိမ်တော်ရာဘုရား ရာဟုထောင့်မှာရှိတဲ့ နာမည်ကျော် ၁၄ ခန်း ဇရပ်ကြီးထဲမှာ အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့ ပြင်ဆင်နေတာကို ရင်တခုန်ခုန် ကြည့်ချင်လို့ပါပဲ။

၁၄ ခန်း ဇရပ်ကြီးရဲ့ အနောက်ဘက်ခြမ်းမှာ နီညိုရောင် ကတ္တီပါကားကြီး အလယ် အမြင့်ဆုံးနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်တယ်။ ဗိုလ်ချုပ်ပုံရဲ့ ဘေးတစ်ဖက်တစ်ချက် အနည်းငယ် နိမ့်တဲ့နေရာတွေမှာ ကျန် အာဇာနည်ကြီးများ ပုံတွေချိတ်တယ်။ အဲဒီလိုပုံကြီးတွေချိတ်ရင် ကျောင်းသွားဖော် သူငယ်ချင်းတွေနဲ့...၊ “အဲဒီပုံက မိုင်းပွန်စော်ဘွားကြီးကွ၊ အဲဒီပုံက ဆရာကြီး ဦးရာဇတ် ကွ၊ ဒီပုံက ဦးဘဝင်းကွ၊ ဟိုပုံက မန်းဘခိုင်ကွ...” စသည်ဖြင့် အချင်းချင်း ငြင်းခုန် ပြောဆိုကြရတာ ဂုဏ်ယူစရာပါ။ အတွင်းဝန် ဦးအုန်းမောင်၊ သက်တော်စောင့် ကိုထွေးအထိ ပြောနိုင်ကြပါတယ်။

ပြီးရင် ဇရပ်ထောင့်က သစ်သားကုတင်ကြီးပေါ်ထိုင်ရင်း ဗိုလ်ချုပ်တို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြပုံ စွန့်စားခန်းတွေကို ကလေးပီပီ အားတက်သရောပြောကြ...၊ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရပုံတွေကိုလည်း မျက်ရည်စမ်းစမ်းနဲ့ ပြောကြရတာ မမေ့နိုင်အောင်ပါပဲ။ နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ပြန်ဆုံရင် အချက်အလက်အသစ်တွေ ထပ်ပြောနိုင်အောင် လူကြီးတွေဆီက မေးကြမြန်းကြပါသေးတယ်။

အာဇာနည်နေ့ မနက်မှာတော့ ကျောင်းတွေမှာစုပြီး အိမ်တော်ရာ ၁၄ ခန်း ဇရပ်ဆီ လွမ်းသူ့ပန်းခွေတွေ၊ ကျောင်းနာမည်ဆိုင်းဘုတ်တွေ၊ တိုင်တစ်ဝက်ပဲ လွှင့်ထူထားတဲ့ နိုင်ငံတော်အလံတွေနဲ့ ချီတက်ကြရတယ်။ အလားတူ စက်ရုံ အလုပ်ရုံတွေ ...၊ ရပ်ကွက်သူ ရပ်ကွက်သားတွေ ...၊ ရုံးဌာနတွေက လွမ်းသူ့ပန်းခွေတွေ ဆိုင်းဘုတ်တွေနဲ့ ချီတက်လာကြတယ်။ ၁၄ ခန်း ဇရပ်ကြီးအနောက်ဖက်ထိပ်မှာ မီးသတ်ကားတစ်စီး ရပ်ထားတယ်။ အနားမှာ ဂျစ်ကားတစ်စင်းပေါ် အသံချဲ့စက်တင်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို ဖွင့်လှစ်ထားတယ်။ သိန်းသောင်းချီတဲ့ လူထုပရိတ်သတ်ကြီးပေမယ့် အတိတ်ကိုသတိရပြီး ဝမ်းနည်းပူဆွေးမှုတွေကြောင့် ငြိမ်သက်တိတ်ဆိတ်နေကြလေရဲ့ ...။

ဒါကြောင့် ရှင်းလင်းပြတ်သားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အသံကို ဘုရားပုရိဝုဏ်တစ်ခုလုံးဆီက ကြားနေကြရတယ်။ အခမ်းအနားပြင်ဆင်ထားတဲ့ ကတ္တီပါကားကြီးနဲ့ အာဇာနည်ကြီးများ ဓာတ်ပုံတွေရှေ့မှာ လွမ်းသူ့ပန်းခွေတွေ ပန်းခြင်းတွေ များသထက်များလာပြီး ...၊ ဝါဆိုပန်း၊ မေမြို့ပန်း၊ နှင်းဆီပန်း၊ စံပယ်ပန်း ...၊ ဇွန်ပန်းရနံ့တွေကလည်း သင်းလို့...၊ ၁၄ ခန်းဇရပ်ကြီးထဲသာမက ဘုရားရင်ပြင်တစ်ခုလုံး ဆိုင်းဘုတ်တွေ အလံတွေနဲ့အတူ လူထုပရိတ်သတ်ကြီးက ငြိမ်သက်စွာနဲ့ ခပ်ရို့ရို့ထိုင်ကြရင်း ဗိုလ်ချုပ်မိန့်ခွန်းကို နာခံနေကြတယ်။ ကျဆုံးချိန် ၁၀ နာရီ ၃၇ မိနစ်ရောက်တော့ ၁၄ ခန်း ဇရပ်ထောင့်မှာရပ်ထားတဲ့ မီးသတ်ကားဥသြဆွဲလိုက်တာနဲ့ တစ်မြို့လုံးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ ဘူတာကြီး မီးရထားစက်ခေါင်းရုံနဲ့ မြစ်ဆိပ်က သင်္ဘောတွေကပါမကျန် ဥသြတွေဆွဲ အချက်ပေးလိုက်တော့ လူထုပရိတ်သတ်အားလုံးက မတ်တတ်ရပ်၊ ငြိမ်သက်၊ ဦးညွှတ်အလေးပြုကြတယ်။ အမျှဝေကြတယ်။

ဒီအချိန်မှာ အားလုံးဟာ လက်သီးကို ကျစ်ကျစ်ပါဆုတ်၊ အံကြိတ်ပြီး၊ “တို့ နိုင်ငံ၊ တို့ အချုပ် အခြာအာဏာ၊ တို့ လူမျိုး၊ တို့ အမျိုးသား၊ တို့ ပြည်ထောင်စုကို ဗိုလ်ချုပ်တို့လို အသက်ပေးပြီး ကာကွယ်ကြမယ်။ နိုင်ငံတော် အဓွန့်ရှည်ပါစေ” လို့ သန္နိဋ္ဌာန်ချကြသူချည်းပါပဲ။ ဒါဟာ မြင့်မြတ်တဲ့စိတ်ဓာတ်ကို လူကြီး၊ လူလတ်၊ လူငယ်အထိ ထိရောက်တဲ့အမွေပေးခြင်း အစဉ်အလာပါပဲ။ သံမဏိမျိုးဆက် အမွေလို့ ပြောရမှာပါပဲ။

ဒါကြောင့် တိုင်းပြည်အတွက် ဒီလို မြင့်မြတ်တဲ့စိတ်ဓာတ် အရေးတကြီး (အရေးတကြီး) လိုအပ်နေတဲ့ အချိန်အခါမှာ အာဇာနည်နေ့တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကလို “စတိမျှ” ကျင်းပခြင်းမျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ ဝန်းကျင်ကလို အဓိပ္ပာယ်ရှိစွာ ကျယ်ကျယ်ပြန့်ပြန့်ကျင်းပဖို့ လိုတာပေါ့။

မန္တလေး တမ္ပဝတီက နှစ်ပေါင်းများစွာ မြုတ်ကွယ်ခံထားရတဲ့ မန္တလေး ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ကိုလည်း အာဇာနည်နေ့အမီ ထိန်းသိမ်းထားတဲ့ အာဏာပိုင်များက မြို့လူထုနဲ့ ပူးပေါင်းပြီး လုံးဝ ဖွင့်လှစ်ပေးပါ။ ပြုပြင်ပေးပါ။ အိမ်တော်ရာက သမိုင်းဝင် ၁၄ ခန်း ဇရပ်ကြီးမှာ အာဇာနည်နေ့ အခမ်းအနားကို အဓိပ္ပာယ်ရှိစွာ ကျင်းပကြကာ တမ္ပဝတီက အာဇာနည်ဗိမာန်မှာ လွမ်းသူ့ပန်းခွေများချပြီး ငြိမ်းချမ်းညီညွတ် လွတ်လပ်သော ဒီမိုကရေစီ သမ္မတနိုင်ငံကြီးပေါ်ပေါက် အဓွန့်ရှည်ရေး တည်တံ့ရေးအတွက် လက်ချင်းချိတ်ဆက် သံန္နိဋ္ဌာန်ပြုကြစေချင်ကြောင်းပါဗျာ ...။ ။


 

No comments: