“ပြည်တွင်းထုတ် အရက်ဖြူတွေဟာ အရမ်းကို ဈေးပေါပါတယ်။ တပုလင်းကို ၄၀၀ ကျပ် ပဲရှိပါတယ်။ အဲဒီအရက်တွေရဲ့ ပုလင်းခွံတွေပေါ်မှာ ပါဝင်ပစ္စည်းနဲ့ ရာခိုင်နှုန်းကို ဘယ်တော့မှ ဖော်ပြလေ့မရှိပါဘူး။ ဒါ့အပြင် ပြင်းအားကိုလည်း ဘယ်တော့မှ ဖော်ပြမထားပါဘူး။ အဲဒီလို ဘာမှန်းမသိတဲ့အရက်တွေကို မော်ဒလ်မတွေက မလုံ့တလုံ ဝတ်ပြီး …”
ရန်ကုန်မြို့မှာတော့ အလုပ်မရှိ ဈေးရောင်းဆိုတဲ့ အဆိုအမိန့်ကို လိုက်နာကြတယ် ထင့်၊ နည်းနည်းလေး လူစည်တဲ့နေရာမှာ ဈေးသည်တွေဟာ ကြက်ပျံမကျပါပဲ၊ အဲဒီဈေးသည်တွေဆီကိုသွားတဲ့ (ဈေးဝယ်သူ မဟုတ်) ပစ္စည်းငမ်းတဲ့ လူတွေကလည်း ကြိတ်ကြိတ်တိုးပါ။ ဒါပေမယ့် တကယ် ရောင်းပန်းဝယ်ပန်းလှတဲ့ ဈေးသည်က အနည်းစုပါ။ အဲဒီအနည်းစုထဲမှာ အရက်ရောင်းတဲ့လူတွေလည်း ပါတယ်လေ။
အရက်ရောင်းတဲ့ပုံစံတွေကလည်း အစုံပါပဲ။ တချို့က ဟော်တယ်ကြီးတွေပေါ်မှာ ဘားကောင်တာတွေနဲ့ ရောင်းတယ်။ ဒါလည်း ရောင်းနေရတာပဲ၊ တချို့က ဘောလုံးပွဲရှိတဲ့နေ့ဆိုရင် ဟော်တယ်ဘားတွေမှာ အရက်သောက်ရင်း ဘောပွဲကြည့်ကြပါတယ်။ အရက်အကောင်းစားကို ငြိမ့်ငြိမ့်လေးသုံးဆောင်ရင်းနဲ့ ဘောလုံးပွဲကို ရင်ခုန်ခံစားကြတာပေါ့၊ တချို့ကြတော့ အရေးကြီးတဲ့ စီးပွားရေးကိစ္စတွေကို အေးအေးဆေးဆေး ဆွေးနွေးလို့ရတဲ့ ဟော်တယ်ဘားတွေကို ရွေးချယ်ကြတယ်။ ဒါကတော့ ရန်ကုန်မြိုရဲ့လူနည်းစုပါ၊ တကယ့်ကို လက်တဆုပ်စာ လူနည်းစုပါ။ ဒါပေမယ့် ဒေါ်လာနဲ့ရှင်းရတဲ့ ဘားတွေကတော့ ကိုက်ပါတယ်။
နောက်တမျိုးကတော့ ဘီယာစတေရှင်ပါ။ ဒါပေမယ့် ကာရာအိုကေနဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေပေါ့၊ တချို့က မိန်းကလေးတွေပါ မွေးထားပြီး လိင်ပါ ရောင်းချကြပါတယ်။ တချို့ကတော့ အဲဒီလိုမျိုး မလုပ်ကြပါဘူး၊ လုပ်တယ်လို့လည်း နာမည်ထွက်မှာစိုးလို့ သီချင်းဆိုတဲ့ကောင်မလေးတွေကို ကားနဲ့လိုက်ကြို လိုက်ပို့လုပ်ပေးပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ အဲဒီလိုဆိုင်မျိုးတွေက တော်ရုံလူတော့ ဖွင့်လို့မရပါဘူး။ ပတ်သက်ရာပတ်သက်ကြောင်း စစ်အုပ်စုနဲ့ အပေးအယူရှိမှရနိုင်တဲ့ အခွင့်အရေးပါ။ ဒါတင်မကပါဘူး ရဲ၊ ကြံ့ဖွံ့ အစရှိသည်တို့နှင့်ပါ ဆက်ဆံရေး အသင့်အတင့်၊ အပေးအယူ အသင့်အတင့်တော့ ရှိရပါမယ်။
အဲဒီဆိုင်တွေကလည်း မဆိုးပါဘူး၊ ရောင်းရပါတယ်။ ဒါပေမယ့် တခုတော့ရှိပါတယ်။ သီချင်းဆိုတဲ့ ကောင်မလေးတွေက ခပ်မိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိဖို့တော့ လိုပါတယ်။ ပြီးတော့ ပန်းကုံးစွပ်တဲ့ကိစ္စမှာ အဆင်ပြေချောမွေ့အောင် စီမံထားရပါမယ်။ ကာရာအိုကေ ခေတ်ဦးတုန်းကတော့ အဲဒီလိုဆိုင်တွေမှာဆိုနေရင်းနဲ့ အောင်မြင်တဲ့အဆိုတော်ဖြစ်သွားတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ရှိခဲ့ဖူးပါတယ်။
အဲဒီဆိုင်တွေမှာလာပြီ စားသောက်ကြတဲ့လူတွေကတော့ လူလတ်တန်းစား သုံးနိုင်စွဲနိုင်တွေလည်းရှိသလို ပျော်ချင်တဲ့၊ ပျော်တတ်တဲ့ ကြေးရတတ် အဖိုးကြီးတွေလည်း ပါပါတယ်။ ဒီဆိုင်တွေမှာက ဘီယာအပြင် တန်ဖိုးကြီး အရက်မျိုးစုံကို ရရှိနိုင်ပါတယ်။ တချို့လုပ်ငန်းရှင်တွေလည်း ပါမစ်ရဖို့အတွက် ရုံးက တာဝန်ရှိအရာရှိကြီးတွေကို ဒီလိုဆိုင်တွေမှာ ဧည့်ခံကြရပါတယ်။ အရက်သောက်လိုက် ပန်းကုံးစွပ်လိုက်နဲ့ အရာရှိကြီးလုပ်သမျှကို လုပ်ငန်းရှင်က ကုန်ကျခံရတာကိုး၊ ပါမစ်လည်းရရော ကုန်ကျစရိတ် စုစုပေါင်းထဲမှာ ဧည့်ခံစရိတ်ပါ ထည့်လိုက်တော့ ပါမစ်ရဲ့တန်ဖိုးဟာ ဈေးတက်သွားပါတော့တယ်။
နောက်တမျိုးက ဘီယာစတေရှင်ပါပဲ။ သိပ်အကြီးအကျယ်ကြီးတော့ မဟုတ်ပါဘူး၊ ကာရာအိုကေလည်း မပါတာများပါတယ်။ ပါခဲ့ရင်လည်း DVD နဲ့ ကိုယ်ဖာသာကို air con ခန်းတွေမှာ ဆိုကြတာပါ။ စတိတ်ရှိုးပါခဲ့ရင်တောင် နေ့စဉ်မဟုတ်ဘဲ စနေ၊ တနင်္ဂနွေလောက်ကို ခပ်ပေါပေါ အဆိုတော်တွေ ဆိုကြတာပါ။ အများအားဖြင့်တော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ များပါတယ်။ အဲဒီဆိုင်တွေကိုတော့ ပိုက်ဆံရှိတဲ့လူတိုင်း ဖွင့်နိုင်ပါတယ်။ ရဲကင်းကြေး ပေးမယ်။ ကြံ့ဖွံ့ရန်ပုံငွေ ထည့်မယ်။ ရပ်ကွက်ဥက္ကဋ္ဌ အလှူငွေတောင်းရင်လည်း ပေးရပါတယ်။ အဲဒီဆိုင်တွေလည်း မဆိုးပါဘူး ဝင်ငွေ ဖြောင့်ပါတယ်။ သူက ဘီယာရောင်းမယ် ပြည်တွင်းဖြစ် အရက်မျိုးစုံရောင်းမယ်။ ဒီလိုဆိုင်တွေ ဘယ်လောက်များများ သူ့ဖောက်သည်နဲ့သူ အလုပ်ဖြစ်ပါတယ်။
နောက်တခုက ဘီယာစတေရှင်နဲ့ ဘိနဲ့ ရောဖွင့်ထားတာပါ။ ဒါမျိုးကတော့ ပိုင်တဲ့လူရှိမှ ဖွင့်လို့ရမှာပါ။ သုဝဏ္ဏမြို့ပေါ် ဆန်းမှတ်တိုင်မှာဖွင့်ထားတဲ့ ဘီယာစတေရှင်က ရဲမှူးကြီးသမီးပိုင်တာဖြစ်ပြီး ကောင်မလေးတွေကိုဝင်ဖမ်းတာ တခါမှမတွေ့ဖူးပါဘူး။ ဆိုင်ကကောင်မလေးတွေက နေ့လည်ပိုင်းမှာ စားပွဲထိုးလုပ်၊ ဆိုင်ရဲ့ ဝေယျာဝစ္စတွေလုပ်ပြီး ညရောက်မှ အော်ဒါလိုက်ကြတာပါ။ အဲလိုဆိုင်မျိုးတောင်၊ မြောက်လမ်းဆုံက ဗိုလ်ချုပ်သန်းရွှေ တူမပိုင်တဲ့ဆိုင်လည်း ရှိပါတယ်။ ပြည်တွင်းမှာ အလွန်အန္တရာယ်ကြီးလာတဲ့ HIV၊ AIDS ရဲ့ ပင်ရင်းဌာနတွေထဲက တခုပေါ့။
ဆင်ခြေဖုံးတွေမှာ ဘီယာစတေရှင်တွေ တော်တော်များများ ရှိပါတယ်။ အလုပ်လက်မဲ့များလေ ဆိုင်တွေမှာ အရက်သောက်သူတွေများ လာလေပါပဲ။ ကျမသူငယ်ချင်းရဲ့ သားလေးက ၁၀ တန်းအောင်ပြီး အလုပ်ဝင်လုပ်ပါတယ်။ သူ့အလုပ်မှာ တခါတရံ ဘီယာတိုက်တာမျိုးတွေ ရှိပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အလုပ်သမားတွေလျော့လိုက်တော့ အဲဒီကလေး ပါသွားပါတယ်။ အလုပ်တွေ ထပ်လျှောက်ပေမယ့် အလုပ်မရတဲ့အခါမှာ ကလေးက စိတ်ဓာတ်ကျပြီး နေ့တိုင်းလိုလို ဘီယာဆိုင်မှာ သွားသောက်ဖြစ်နေပါတယ်။ ဒီလိုလူမျိုး ဒုနဲ့ဒေးပါ။
ရပ်ကွက်ကျောင်းတွေရဲ့ ပတ်ပတ်လည်မှာ မြေကွက်အပိုတွေ ရှိနေတတ်ပါတယ်။ အဲဒီအကွက်တွေမှာ ကြံ့ဖွံ့အဖွဲရဲ့ ရန်ပုံငွေအဖြစ် ဆိုင်ခန်းတွေဆောက်ပြီး ငှားတာရောင်းတာတွေ လုပ်ကြပါတယ်။ အဲဒီဆိုင်တွေရဲ့ ဈေးနှုန်းတွေကမြင့်တော့ တော်ရုံလုပ်ငန်းရှင်တွေ ဝယ်ဖို့ ငှားဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ အခုလိုလုပ်ငန်းတွေ အရှုံးပေါ်နေတဲ့အချိန်မှာ ဆိုင်အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လျော့ချနေကြတာပါ၊ ဒီတော့ အမြတ်များတဲ့ အရက်ဆိုင်လုပ်ငန်းတွေကပဲ ငှားရမ်းကြတာ များပါတယ်။ ဒါကြောင့် ကျောင်းတွေရဲ့ပတ်ပတ်လည်မှာ စားသောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ဝိုင်းနေပါတယ်။
ဆိုင်ပိုင်ရှင်တွေကလည်း စည်းမစောင့်ကြပါဘူး။ အဖြူ၊ အစိမ်းတွေနဲ့ ဘီယာဆိုင်ထဲဝင်ရင် မောင်းမထုတ်ပါဘူး၊ ရောင်းပေးလိုက်ကြတာပါပဲ။ အထက်တန်းကျောင်းသားလေးတွေထဲမှာ အရက်ဘီယာသောက်သုံးမှုတွေ များလာပါတယ်။ ကျမတို့ ငယ်ငယ်တုန်းက အထက်တန်းကျောင်းမှာ အရက်မူးပြီးရစ်တဲ့ကျောင်းသားဆိုတာ မတွေ့ဖူး၊ မကြားဖူးပါဘူး။ အခုတော့ အထက်တန်းကျောင်းမှာ ကျောင်းသားတွေ အရက်မူးလို့ ပြဿနာတက်တဲ့အကြောင်းတွေ ခဏခဏ ကြားနေရပါတယ်။
ကျမ စာသင်တဲ့ကလေးတွေ သူတို့အချင်းချင်းပြောနေတာကို ကျမ ကြားခဲ့ရတာပါ။ သူတို့က ရေသန့်ပုလင်းထဲက ရေကို ဆေးထိုးအပ်နဲ့ စုပ်ထုတ်ပစ်လိုက်ပြီး အရက်ဖြူကို ဆေးထိုးအပ်နဲ့ပဲ ပြန်ပြီးစုပ်ထည့်လိုက်ပြီး စာသင်ခန်းထဲမှာ ခပ်တည်တည်နဲ့ ရေသောက်သလို သောက်နေတာတဲ့၊ ဒါနဲ့ ကျမက မနေနိုင်လို့ အဲဒါ ဘယ်နှစ်ယောက်လောက်ရှိလဲ ဆိုတော့ ခပ်ဆိုးဆိုးတွေကတော့ သောက်နေတာပဲတဲ့။ တိုင်းပြည်ရဲ့အညွန့်ဖူးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်နေပြီဆိုရင် ဒီတိုင်းပြည်ရဲ့အနာဂတ်ဟာ ဘာတွေဖြစ်လာမလဲဆိုတာ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။
နောက်တမျိုးကတော့ စားသောက်ဆိုင်တွေပါ။ အဲဒီအထဲမှာ အရက်ပုန်းဆိုင်တွေလည်း ပါဝင်ပြီး အစိုးရဖွင့်တဲ့ CS-4 ဆိုင်တွေလည်း ပါပါတယ်။ ကျမတို့ပြည်တွင်းမှာထုတ်လုပ်တဲ့ အပေါစားအရက်တွေကို ရောင်းချပေးတာပါ။ ပြည်တွင်းထုတ် အရက်တွေဟာ အမျိုးအစားများသလို တံဆိပ်တွေလည်း အများကြီးပါပဲ။ ပြီးတော့ အရက်ကြော်ငြာတွေကလည်း ဘယ်သွားသွား မလွတ်ပါဘူး။ အရက်ကိုတော့ ကြော်ငြာခွင့်ပြုထားပါတယ်။ အရက်ထုတ်လုပ်သူတွေဟာ စစ်အစိုရနဲ့ပတ်သက်တဲ့ လူတွေချည်းပဲကိုး၊ ဒါမှမဟုတ်ရင်တော့ အရက်ခိုးချက်တဲ့လူတွေဟာ ရဲကို တနင့်တပိုး ပေးထားကြတဲ့ လူတွေချည်းပါပဲ။
ဒေါက်တာနေဝင်းက ကျမကို ပြောပြဖူးတယ်။ အရက်မှာ မီသိုင်းအယ်ကိုဟောနဲ့ အီသိုင်းအယ်ကိုဟောဆိုပြီး ၂ မျိုး ရှိတယ်တဲ့၊ မီသိုင်းဟာ အဆိပ်ဖြစ်ပြီးတော့ သူချည်းပဲသောက်ရင် ချက်ချင်းကို သေစေတယ်တဲ့၊ သန်စင်တဲ့ အီသိုင်းရဖို့အတွက် အဆင့်ဆင့် ပေါင်းခံချက်လုပ်ရတာကြောင့် သန့်စင်တဲ့ အီသိုင်းဟာ ဈေးကြီးတယ်တဲ့၊ ဒါကြောင့် နိုင်ငံခြားအရက်တွေဟာ တန်ဖိုးကြီးနေတာပေါ့တဲ့၊ သန့်စင်တဲ့ အီသိုင်းဟာ လူကိုစွဲလမ်းတဲ့စိတ်ဖြစ်ပေါ်စေပေမယ့် တဖြည်းဖြည်းပဲ စွဲလမ်းစေတယ် တဲ့၊ အလွန်အကျွံသုံးစွဲရင် အန္တရာယ်ဖြစ်နိုင်ပေမယ့် limit သုံးစွဲရင် ကျန်းမာရေးကို ထောက်အကူပြုတယ် တဲ့။ ဒေါက်တာကိုယ်တိုင်က Grand Royal လို အရက်မျိုးကို limit နဲ့ သောက်တဲ့သူပါ။
ဒါပေမယ့် ပြည်တွင်းကထုတ်လုပ်တဲ့ အရက်တွေဟာ သန့်စင်တဲ့ အီသိုင်းအဆင့်ကိုရောက်ဖို့ အတော်လိုသေးတဲ့အပြင် မီသိုင်းရာခိုင်နှုန်း တော်တော်များများ ပါဝင်နေပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်တုန်းက ရွှေပြည်သာမြို့နယ်အတွင်းကလူတွေ ဆေးရုံကို တရာကျော် ရောက်လာပါတယ်။ အားလုံးဟာ အဆိပ့်သင့်တဲ့ လက္ခဏာတွေနဲ့ပါ အတော်များများလည်း သေဆုံးသွားပါတယ်။ စစ်ဆေးကြည့်တော့ မီသိုင်းရာနှုန်း တော်တော်များများပါတဲ့ အရက်ကိုသောက်မိလို့တဲ့။ ဒီအဖြစ်ပျက်တွေမှာ လူတွေသေဆုံးကုန်ကြပေမယ့် ဘယ်သူကိုမှ အရေးမယူသလို ဘယ်အရက်ဆိုင်ကိုမှ ပိတ်မပစ်ပါဘူး။
အရက်ဆိုင်တွေဆိုတာက ရဲတွေရဲ့ စီးပွားရေး စစ်မျက်နှာပြင်ဖြစ်ပြီး ကြံ့ဖွံ့တို့ ရပ်ကွက်ဥက္ကဋ္ဌတို့ရဲ့ ငွေတွင်းလည်း ဖြစ်ပါတယ်။ အရက်ဆိုင်ဆိုတာ သူတို့တတွေရဲ့ ဒေါက်တိုင်ပါ။ ဒါကြောင့် ဘယ်လိုပြဿနာတွေဖြစ်ဖြစ် ဒေါက်တိုင်တွေကိုတော့ ရိုက်မချိုးကြပါဘူး။
ဗိုလ်ချုပ်ကြီးမောင်အေးဟာ အရက်ကြိုက်တဲ့သူအဖြစ် အလွန်နာမည်ကြီးပါတယ်။ တကယ့်အကောင်းစား အရက်တွေကို သောက်ပြီး အသည်းဆရာဝန်တွေနဲ့ ထပ်တလဲလဲပြသပြီး သူရဲ့ကျန်းမာရေးကို စောင့်ရှောက်နေပေမယ့် ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးအတွက် ပြည်တွင်းထုတ်အရက်တွေကို အရည်အသွေးစစ်ဆေးတာတို့၊ မြှင့်တင်တာတို့လုပ်ဖို့ကို စဉ်းကိုမစဉ်းစားတာကတော့ အသေအချာပါပဲ။
ပြည်တွင်းထုတ် အရက်ဖြူတွေဟာ အရမ်းကို ဈေးပေါပါတယ်။ တပုလင်းကို ၄၀၀ ကျပ် ပဲရှိပါတယ်။ အဲဒီအရက်တွေရဲ့ ပုလင်းခွံတွေပေါ်မှာ ပါဝင်ပစ္စည်းနဲ့ ရာခိုင်နှုန်းကို ဘယ်တော့မှ ဖော်ပြလေ့မရှိပါဘူး။ ဒါ့အပြင် ပြင်းအားကိုလည်း ဘယ်တော့မှ ဖော်ပြမထားပါဘူး။ အဲဒီလို ဘာမှန်းမသိတဲ့အရက်တွေကို မော်ဒလ်မတွေက မလုံ့တလုံ ဝတ်ပြီး တုံးလုံးပက်လက်လှဲပြီး ကြော်ငြာကြပါတယ်။ အဲဒီ ကြော်ငြာတွေက ရန်ကုန်တမြို့လုံး အနှံအပြားပါပဲ။ ဘယ်စာပေစိစစ်ရေးကမှ မစိစစ်ပါဘူး။ ကြော်ငြာလွတ်လပ်ခွင့် ပေးထားပါတယ်။
နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။ ပြည်သူတွေ ဆင်းရဲမွဲတေလေ၊ ပြည်သူတွေရဲ့ ကျန်းမာရေး အဖက်ဖက်က ပျက်စီးနေလေ၊ သူတို့ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ခိုင်မြဲစေဖို့ ကျကျနန လုပ်ဆောင်နေတာက သေချာပါတယ်။
အရက်ဖြူထက် ပြင်းအားများပြီး ဈေးလည်းပိုပေါတဲ့ အန္တရာယ်လည်းကြီးတဲ့ အရက်အမျိုးအစားတွေကိုလည်း ကြော်ငြာအားကောင်းကောင်းနဲ့ ရောင်းချပေးနေပါတယ်။ လစ်ကွာ၊ စပျစ်ဝိုင်၊ နာနတ်ဝိုင်၊ မကျည်းဝိုင်ဆိုတာတွေပါ၊ ဝိုင်ဆိုလို့ အပျော့စားလို့ မထင်ပါနဲ့။ အဲဒီအမျိုးအစားဟာ ဘီယာမတ်ခွက်တခွက်ကို အရက်ဖြူတပိုင်းနဲ့ ညီမျှပါတယ်။ အရက်ဟာ ရေရောသောက်လို့ရပြီး လစ်ကွာတို့ ဝိုင်တို့ဟာ ရေရောဖို့မလိုတဲ့အတွက် ပြင်းအားတိုင်းရင် အရက်ထက် ပိုပြင်းအားများပါတယ်။ မြန်မာနိုင်ငံအနှံအပြားမှာ ကြော်ငြာမျိုးစုံနဲ့ တွင်တွင်ကျယ်ကျယ် ရောင်းချနေတာပါ။ တခွက်ကို ကျပ် ၁၅၀ ပဲ ကျသင့်တော့ ဈေးလည်းတော်တော်ပေါပါတယ်။ အဲဒီ ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေသူတွေကတော့ စစ်အုပ်စုနဲ့ ပတ်သက်ရာပက်သက်ကြောင်းတွေပါပဲ။ ဘယ်ကျန်းမာရေးဌာနရဲ့ စစ်ဆေးချက် အာမခံချက်တွေ မရှိပါဘူး။
အရက်ကိုသောက်လိုက်တဲ့အခါ ဦးနှောက်ထဲကို အောက်ဆီဂျင်အရောက်နည်းသွားလို့ လူဟာ တဖြည်းဖြည်းမူးလာတာပါ။ အရက်ဟာ တဖြည်းဖြည်းချင်းပဲမူးပြီး အဲဒီ လစ်ကွာဆိုတာကတော့ ချက်ချင်ဆောင့်ပြီး မူးလာလေ့ရှိပါတယ်။ ဦးနှောက်ထဲကို အောက်ဆီဂျင် အရောက်နည်းသွားအောင်လုပ်တဲ့ရာနှုန်းက လစ်ကွာက ပိုများပုံရပါတယ်။ ဒါကြောင့် လစ်ကွာသောက်တဲ့လူတွေဟာ အာရုံကြောရောဂါကိုပိုပြီး ဖြစ်စေပါတယ်။
ကျမရဲ့ မိတ်ဆွေတဦးဟာ အရက်ကို limit နဲ့ သောက်တတ်တဲ့လူပါ။ သူက လစ်ကွာတွေပေါ်လာတော့ ပိုဈေးချိုပြီး၊ ပိုမူးလို့ လစ်ကွာကို သောက်ပါတယ်၊ လစ်ကွာကိုသောက်ပြီး နောက်တနေ့ မနက်မှာ အာရုံကြောတွေဟာ ထိုင်းမှိုင်းနေတယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် ဆက်ပြီး သောက်ဖြစ်ပါတယ်။ ဒီလိုသောက်ရင်းကနေ အာရုံကြောရောဂါ စဖြစ်လာပြီး၊ ပြီးခဲ့တဲ့လက အာရုံကြောတွေ အလုပ်မလုပ်ဘဲ သေတဲ့ရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီလိုလူမျိုးတွေ ဘယ်နှစ်ယောက်ရှိနေတယ်ဆိုတာ ကျမတို့ မသိရပါဘူး။
အရက်မူးလာတဲ့အခါမှာ တဖြည်းဖြည်း အသိစိတ်ပျောက်ပြီး မသိစိတ်က လွှမ်းမိုးလာပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဒုစရိုက်အမှုတွေကို ကျူးလွန်ဖို့ ဝန်မလေးတတ်ပါဘူး။ အရက်မူးတဲ့ အခိုက်အတန့်မှာ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့်လည်း ပြစ်မှုကျူးလွန်တာတွေ၊ ဒုစရိုက်မှုတွေ ထူထပ်ပေါများလာပါတယ်။
ဒီလိုအဖြစ်အပျက်မျိုးကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ အရေးတော်ပုံမှာ တွေ့ရပါတယ်။ သံဃာနဲ့ကျောင်းသား ပြည်သူတွေကိုပစ်တဲ့ ရဲတွေ၊ စစ်သားတွေဟာ တစုံတရာ မူးနေပါတယ်။ သူတို့ဟာ မူးမူးရူးရူးနဲ့ အသိမဲ့ရန်လိုစွာ လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်နေတာကို တွေ့ရပါတယ်။
HAWK အဖွဲ့က ကိုအောင်ဆွေဦး (ကွယ်လွန်) ပြောပြခဲ့ဖူးတာက၊ သူတို့ ဝမ်းခမှာတိုက်ပွဲဖြစ်တုန်းက သူတို့အဖွဲ့က တောင်ကုန်းပေါ်ကနေ စီးပြီးပစ်နေတာတဲ့၊ အောက်ကတက်လာတဲ့ နအဖ (နဝတ) ရဲဘော်တွေဟာ ကမူးရှူးထိုး အသိမဲ့ အတင်းတက်လာတယ် တဲ့၊ နောက်ဆုံး အပေါ်ကပစ်တဲ့လူက သနားပြီး မပစ်ချင်တော့ဘူးတဲ့၊ ကျဆုံးသွားတဲ့ရဲဘော် အတော်များများဟာ ကလေးစစ်သားတွေဖြစ်ပြီး အရက်တွေကိုမူးနေအောင် တိုက်ထားတယ်တဲ့။
အဆုံးသတ်တော့ နအဖ ဟာ သူရဲ့အာဏာခိုင်မြဲရေးအတွက် ပြည်သူတွေကို မှိုင်းအမျိုးမျိုးတိုက်ပါတယ်။ အရက်ကြိုက်သူတွေကို အရက်မှိုင်း၊ ငွေကြိုက်သူကို လောင်းကစားမှိုင်းတွေနဲ့ ဖျက်ဆီးထားပါတယ်။ သူတို့ ရည်ရွယ်ချက်ရဲ့အဆုံးသတ်ကတော့ အာဏာခိုင်မြဲရေးပဲ ဖြစ်ပါတော့တယ်။ ။
No comments:
Post a Comment