Friday, July 13, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၅

“ကျုပ် ညို့ကို အန္တရာယ်မပြုပါဘူး စိတ်ကူးတောင် မရှိဘူး၊ ကိုယ့်ဟာကိုယ်တောင် ...”

သူ စကားမဆက်ဘဲ ရပ်လိုက်၏။ ဘူတာရုံကလေးမှာ ရထားဆိုက်ပြီးချိန်ဖြစ်သော်လည်း ရေစင်ကြီးအောက် ရေချိုးပြန်လာသော ကလေးများဖြင့် ရှုပ်ထွေး ဆူညံနေ၏။ ဘဲတအုပ်ကိုကျောင်းလာသော ဘဲကျောင်းသားက ပုဆိုးကို စလွယ်သိုင်းလျက် ဘောင်းဘီတိုကြားမှ လေးခွကိုထုတ်ကာ သစ်ပင်ကြီးပေါ် ချိန်ရွယ်နေသည်။

“အဲဒါတွေက … ညို ယုံရုံနဲ့ မလုံလောက်ဘူးလေ”

ဟုတ်ပါတယ် ဟုသာ သူပြန်ဖြေလျက် နှုတ်ဆိတ်နေသည်။ ဘဲကျောင်းသား၏လက်ချက်ကြောင့် ခရေပင်ကြီးပေါ်မှ ငှက်တအုပ် ရုတ်ရုတ်သဲသဲဖြစ်သွားသည်ကို နှစ်ယောက်လုံးကြည့်နေပြီးမှ သူက ... ကျုပ်လွယ်အိတ်ထဲက လေးခွကတော့ ... ဟု စကားစသည်။

“အဲဒီအကြောင်းလည်း ညို့အမေကို ပြန်ပြောပြီးပါပြီ။ အန္တရာယ်ကို ခုခံဖို့ပဲဆိုတာ” သူ သက်ပြင်းသာချနေ၏။


“ဒီတခါ ရထားဆိုက်ရင် အဖေ ပါလာမယ်၊ အမေကလည်း ထင်းစည်းတွေ လှည်းနဲ့ သွားတိုက်နေတယ်၊ တော်ကြာပြန်လာတော့မှာ ဒါတောင် အဘမောင်နဲ့ အပ်သွားသေးတယ်။ ညိုက အဘမောင်ကို ပွင့်ပွင့်လင်းလင်းပြောထားလို့ ...” ဟု ညို အသိပေးသည်။

“ဟုတ်လား ... အဘမောင်က ကျုပ်ကို ဘယ်လိုမြင်သလဲ” ညို ချက်ချင်းမဖြေဘဲ ဇလီဖားတုံးပေါ် ကပ်ညှိနေသည့် ရွက်ခြောက်များကို တုတ်တချောင်းဖြင့် တွန်းချနေ၏။ သူတို့နှစ်ယောက် နေရောင်ကျရာဘက်ကျောပေး၍ ဇလီဖားတုံးပေါ် ထိုင်နေခြင်းဖြစ်သည်။

“အဘမောင်ကို ညို ပြောထားတယ်၊ ကိုဖေသောင်းဟာ ရုပ်ရှင် သရုပ်ဆောင်တယောက်ပါလို့”

ဟာ ... ဟု သူ ရေရွတ်ပြီး ညိုအား နားမလည်သလို လှည့်ကြည့်သည်။

“ဟုတ်တယ် ... သူ သရုပ်ဆောင်နေရတဲ့အခန်းဟာ ငှက်ကလေးတကောင်အဖြစ်ပဲ။ ဒါပေမယ့် သရုပ်ဆောင်ရတာ ကြာတော့ ပင်ပန်းပြီး ခဏတဖြုတ် နားချင်နေတယ်။ ဇာတ်လမ်းထဲကဘဝကိုမေ့ပြီး ပကတိအတိုင်း နေချင် နားချင်နေတယ်။ အဲဒီလို နားခွင့်ရတဲ့အချိန်ရောက်ရင် ဒါရိုက်တာက မပေးနားဘဲ ဆက်ရိုက်ခိုင်းတယ်။ သူ စိတ်ရော လူရော ပင်ပန်းနေပြီလို့”

ဇလီဖားတုံးအပုံပေါ်မှ သူ ရုတ်ချဉ်းဆင်း၍ ညို့နံဘေး သူ ရပ်လိုက်သည်။

“ကျုပ်အမူအရာတွေက ဒီလောက်တောင် အိနြေ္ဒပျက်နေပြီလား၊ ကျုပ် ...”

“အဲဒါတော့ ညို မပြောတတ်ဘူး၊ ညိုထင်တာ မမှားဘူးလို့တော့ ညို ယုံတယ်”

ညိုနှင့် မျက်နှာချင်းဆိုင်သူရပ်လိုက်၍ ကျနေခြည်က သူ့မျက်လုံးများထဲ စူးစိုက်ရောက်လာသည်။ သူ ဦးထုပ်ကို ငိုက်ငိုက်ဆောင်းရာမှ နဖူးပေါ်ပို၍ ဖိဆွဲချကာ

“အေးလေ ... ကျုပ်ကိုယ်တိုင်ကလည်း အစကတည်းက သိပ်ဂရုတစိုက် မနေချင်လှဘူး၊ ပျော်သလိုပဲနေပြီး လုပ်ချင်တာတွေ ဆက်လုပ်ချင်တယ်။ အခုတော့ ဒီဘူတာရုံကလေးကို ကျုပ် ခင်တွယ်နေပြီ၊ ဒီရေအိုးစင်က ရေကို သောက်ပြီးကတည်းကဆိုပါတော့ ကျုပ် ဒီကိုရောက်လာတာ အဓိပ္ပာယ်သစ်တခု ရှိနေသလို ခံစားရတယ်”

စကားတွေကလည်း လိုရင်းကို မရောက်ဘူးဟု ညိုက ရှုံ့မဲ့ပြလျက် ရှုတ်ချသည်။ သူ ရယ်နေ၏။

“ဟုတ်မယ်လေ၊ ကျုပ် ဒီလိုပဲ ပြောခွင့်ရှိတာကိုး၊ ကျုပ်အခြေအနေကိုက ညို့လို သက်သက်သာသာ၊ ပွင့်ပွင့်လင်းလင်း နေခွင့်မှ မရှိတာ။ ဒါသည်ပင်လျှင် ကျုပ်ဘဝ ...”

ကားလမ်းပေါ်မှကွေ့၍ ထင်းလှည်းလာနေသည်ကို ညို မြင်လိုက်သည်။ ထိုင်ရာမှ ရုတ်ခနဲ ထ၏။

“ဟိုမှာ အမေ လာနေပြီ၊ ဒီတခါ အပ်ရမယ့်စာအုပ် အဘမောင်ကို ပေးလိုက်ပါ။ ဒီလိုချည်းပဲ ငှက်လိုလို ... လေးခွသမားလိုလို အမေတို့မြင်နေရင် ညိုနဲ့စကားပြောဖို့ မဖြစ်နိုင်တော့ဘူး”

ရုံပိုင်ကြီးအိမ်ဘက် ပြေးထွက်သွားသော သူမ နောက်ကျောတွင် ဆံစများ ထွေးခနဲ လှုပ်ရမ်းလိုက်ပါသွားကြသည်မှာ သူ့အား လက်ပြနှုတ်ဆက်သွားသည်သို့ သူ နားလည်လိုက်၏။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်နှင့်ကင်းမရသည့် လူသားဘဝ၏ လွတ်လပ်ခွင့်အကြောင်း ဒီည သူ စဉ်းစားမည်။

xxxxx xxxxx xxxxx 

တောရကျောင်းပြန်ရောက်ပြီး သူ ဘယ်မှမထွက်တော့ဘဲ ငြိမ်ကုတ်၍ နေလိုက်သည်။ ဦးလေးအောင် ရောက်လာပြီး ဟိုဟိုဒီဒီ သိပ်မသွားနဲ့၊ လူတွေနဲ့ သိတ်မရှုတ်နဲ့၊ အခြေအနေမကောင်းသေးဘူး၊ မင်းအိမ်ကို လာလာပြီး မျက်နှာစိမ်းတွေ လာစုံစမ်းနေကြတယ် ဟု သတင်းပေး၏။ “ကျနော့်သူငယ်ချင်းတွေဖြစ်မှာပါ … အမေတို့ မသိလို့နေလိမ့်မယ်” “ဒါတော့ ငါလည်း မသိဘူး၊ မင်းအမေနဲ့ အစ်မက ဘာကိုမဆို သံသယနဲ့ ပူပန်နေရတယ်၊ ဒါကို မင်း ငဲ့ညှာဦး၊ မင်း လုပ်ချင်တာ လုပ်ခဲ့ပြီးပြီ”

မပြီးသေးဘူး ဦးလေးအောင် ဟု သူ ပြန်ပြောချင်သော်လည်း မပြောဖြစ်ခဲ့။ ငါလည်း ခဏခဏ မလာနိုင်ဘူး၊ မင်း ပိုက်ဆံကို ကြည့်သုံးကွ၊ အခြေအနေကို စောင့်ကြည့်နေဦးဟုမှာပြီး ဆရာတော်ကိုဦးချကာ ဦးလေးအောင် ပြန်သွားခဲ့သည်။

သူ့အခြေအနေကား ဤတောရကျောင်းသို့ ရောက်ကာစနှယ်ပင် ယောင်ချာချာပြန်ဖြစ်ခဲ့ပြန်၏။

ပိုဆိုးသည်က သူ ခင်တွယ်မိပြီဖြစ်သော တောဘူတာလေးအတွက် သူ ဖြေမဆည်နိုင်သလို နေရခြင်းပင်။

xxxxx xxxxx xxxxx 

အဖေက သမီးကို ယုံပါတယ်၊ ဒါပေမယ့် စိတ်မချတာတော့ရှိတယ် ဟု အဖေ ပြောခဲ့ပြီးပြီ။ သူ လူကောင်းတယောက်ပါ အဖေ၊ ခင်စရာကောင်းတယ်ဆိုတာ ညို ရိုးရိုးပဲ ပြောဝံ့ပါတယ်ဟု ညိုထောက်ခံပေးရုံသာ တတ်နိုင်ခဲ့သည်။

ညို၏အဖေသည် ဆေးတံကို မီးညှိရင်း နွေည လေပြေ ရလိုရငြား ပြူတင်းဝသို့ သွားရပ်နေ၏။ မီးပူထိုးပြီးသော အဝတ်များကို စီရီရင်း ညိုလည်း အပြင်ဘက် မျှော်ကြည့်မိသည်။ ကုက္ကိုပင်ကြီးပင် အရွက်မလှုပ် ငြိမ်သက်နေ၏။ အမှောင်ထုထဲမှ လေပြေလား လေရူးလား၊ ကိုယ်ရောင်ကြီးမမြင်ဘဲ မျှော်ကြည့်ရသည်မှာ ရေရာမှုကင်းလှသည်ဟု ညို တွေးနေမိ၏။ သို့တစ္ဆေ ...

မဟော်သဓာအမတ်ကြီးဟာ အိုးထိန်းသည်ဆီမှာ ဘာလို့တပည့်သွားခံပြီး ဇာတ်မြုပ်နေခဲ့တာလဲ အဖေဟု ညို ကောက်ကာငင်ကာ မေးလိုက်သည်။ အဖေ ကျေနပ်စွာ ပြုံးနေသေး၏။ ပြူတင်းပေါက်အပြင် ညလေထုထဲ ဆေးတံငွေ့များ ထုတ်လိုက်ပြီးမှ ...

အေးအေး ... ညို့ကို အဖေတို့က ကလေးတယောက်လို စိတ်မချလို့ တဟဲ့ဟဲ့နဲ့ မထိန်းကောင်းပါဘူး၊ အရာရာကို သတိနဲ့ယှဉ်ပြီး ပြုမူပြောဆို လုပ်ကိုင်ပါဟုသာ အဖြေပေး၏။

ဒေါ်တင်တင်သည် မီးပူထဲ မီးသွေးအသစ်ဖြည့်နေရာမှ ဒီမှာ ... ဟု စကားစသည်။

“တခါက မျောက်တကောင်ဟာ တောရကျောင်းနားမှာနေရင်း တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေပါးစပ်က ဒုက္ခ ဒုက္ခ လို့ ရေရွတ်နေကြတာ နားမလည်နိုင်လို့ ဆရာတော်ကို သွားမေးလျှောက်တယ်” ညိုသည် အမေ့လက်ထဲက မီးပူကြီးထက်မပေါ့သော စကားဥပမာဖြင့် ညို့ခေါင်းကို ထုချတော့မည်ဟု ကြိုနားလည်လျှက် ပြုံး၍ စောင့်ကြိုနေရသည်။

“ဒီတော့ ဆရာတော်က အေး ... ဒုက္ခကိုသိချင်ရင် နောက်နေ့လာခဲ့လို့ချိန်းပြီး ဂုံနီအိတ်ထဲ အစာမကျွေးပဲထားတဲ့ ခွေးဆိုးတကောင် ထည့်ချည်ပေးထားလိုက်တယ်။ နောက်တနေ့ မျောက်လာတော့ ကဲ မင်းသိချင်တဲ့ဒုက္ခ ဒီအိတ်ထဲမှာ ရှိတယ်၊ ဒါပေမယ့် ဒါကို သစ်ပင်မရှိတဲ့ ကွင်းပြင်ထဲကျမှ ဖွင့်ကြည့်လို့ မှာသတဲ့။ မျောက်လည်း အိတ်ကြီးကို မသယ်နိုင်တော့ ဒရွတ်တိုက်ဆွဲပြီး ယူသွားရတာပေါ့။ အထဲကခွေး ဘယ်လောက် ဒေါသဖြစ်နေမလဲ ညည်း စဉ်းစားကြည့်၊ ကွင်းပြင်ထဲရောက်မှ ကြိုးလည်းဖြေကြည့်ရော ဒေါသထွက်နေတဲ့ ခွေးနာ … သစ်ပင်ပေါ် ပြေးတက်စရာမရှိတဲ့ မျောက် ညည်းမျက်စိထဲ မြင်အောင်ကြည့်၊ အဲဒီလို ဒုက္ခကို လက်တွေ့ကျကျသိချင်တဲ့ မျောက်အတွက် ပြောပြရုံနဲ့ မလုံလောက်ဘူး ဖြစ်နေတာ။

အမေ့စကားအပေါ် ညို သဘောကျစွာပင် လိုက်ရယ်နေခဲ့သည်။

အမေကား မီးသွေးခဲများ လောင်စာကောင်းရန် ယပ်ခပ်ပေးနေသည်။ ညိုကြည့်၍ ကောက်ကာငင်ကာ ဤသို့ပြောလေ၏။

“လူတွေက နွေညပူလှလို့ အေးရာအေးကြောင်း ရှာနေရတယ်။ မီးပူကြီးကတော့ နွေအပူကို နားမလည်တဲ့အပြင် အေးမှာစိုးလို့ မီးယပ်ထည့်ပေးနေရသေးတယ်နော်”

xxxxx xxxxx xxxxx 

ဆက်လက်ဖော်ပြပါမည်။ 


No comments: