Sunday, July 8, 2012

နောက်ကြည့်မှန် (မင်းကိုနိုင်) - ၎

သံယောဇဉ် အတိမ်အနက်ဟူသည် အပ်ချည်တလုံးကို ခဲလုံးချည်၍ တွင်းထဲချကြည့်၍ သိနိုင်သည်မျိုး ဟုတ်မဟုတ်တော့ ရီနွယ် မဝေခွဲတတ်။

အရေးပေါ်လာရင် တစွန်းတစ သတ္တိပြသည်ကတော့ အမှန်ပင်။ သူမ မောင်လေးနှင့်တူသော လူရွယ်တဦးတယောက်ကို မြင်ရသည်ဖြစ်စေ၊ ရာသီသာသော ညများ၌ လမ်းအတွင်းဂစ်တာဝိုင်းမှ တေးသံကြားရသည် ဖြစ်စေ၊ သို့မဟုတ် မောင်လေး ကြိုက်တတ်သော သီချင်းဖွင့်သံကြားရသည်ဖြစ်စေ ရီနွယ်လုပ်လက်စ အလုပ်ကိုရပ်လျက် သတိရစိတ်ဖြင့် ပူဆွေးခြင်းကို လက်ယပ်ခေါ်ပြီး ဧည့်ခံထားမိစမြဲ။

ယခုလည်း စာအုပ်စင်ကို ရှင်းလင်းရင်း မောင်လေးဖတ်သော စာအုပ်များကိုမြင်၍ ကြက်မွှေးတံကိုင်ကာ ငိုင်တွေနေမိသည်။ သူမ၏ မိခင်ဖြစ်သူသည် အိမ်ရှေ့တံခါးဝရပ်၍ လူစိမ်းတယောက်နှင့် စကားပြောနေသည်ကို မြင်၍ ရီနွယ် ရင်ထိတ်သွားရသည်။


ထိုသူသည် ရီနွယ့်မောင်လေးအကြောင်း လာရောက်စုံစမ်းသူပင်ဖြစ်ရမည်ကို သူမ အတတ်သိသည်။ ထိုသူ စိတ်ပျက်သော မျက်နှာဖြင့် ပြန်လှည့်ထွက်သွားမှ သူမ မိခင်ရှိရာ ရီနွယ်ဆင်းလာရင်း သိလျက်ပင် မေးမိပြန်သည်။

“ဘာလဲအမေ အမေ့သားအကြောင်း လာမေးတာပဲ မဟုတ်လား”

“တခြားဘာရှိရဦးမလဲ၊ ငါတော့ တတ်နိုင်ရင် ဆိုင်းဘုတ်တင်ထားရ ကောင်းမလားတောင် စဉ်းစားမိတယ်” ဟု သူမ မိခင်ဖြေကာ စိတ်လှုပ်ရှားနေသော အမူအရာဖြင့် အိမ်ထဲပြန်ဝင်လာသည်။

အမေ့မျက်နှာ သနားစရာကောင်းလောက်အောင် ပူပန်မှုအရောင်တို့ ရောယှက်နေ၍ ရီနွယ် မကြည့်ရက်ကြည့်ရက်မြင်ပြီး အမေကလည်း အမူအရာသိပ်ပျက်တာပဲဟု ဂရုဏာဒေါသော ပြောမိသည်။

ငါ သိပ်ဟန်မဆောင်တတ်ဘူး၊ နောက်ဆိုရင် နင်တို့ပဲထွက်ရှင်းတော့ ဟု အမေပြောရင်း ဘုရားစင်ဘက် တက်သွားသည်တွင် ရီနွယ်တယောက်ထဲ မှန်ဘီရိုပေါ်ထင်နေသော သူမ မျက်နှာကို ပြန်ကြည့်မိသည်။ တုန်လှုပ်နေတဲ့မျက်နှာ၊ ဟင် ငါလည်း ထိုနည်းလည်းကောင်းပါပဲ၊ ဒီကောင်လေးပြဿနာ ဘယ်တော့မှ ဆုံးမယ်မထင်ဖူး၊ ရင်ဆိုင်ခိုင်းလိုက်ရင် ကောင်းမလား၊ အို မဖြစ်သေးဘူး။ ကြာတော့လည်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြမယ်ထင်တယ်ဟု တွေးကာ ပိုင်ရှင်မဲ့နေသော ဂစ်တာအား ဆွဲယူကိုင်ကြည့်နေမိသည်။

လာလေ တပုဒ် နှစ်ပုဒ်ဆိုစမ်းပါဟု သူမအား ဇွတ်ခေါ်ဆိုခိုင်းပြီး၊ သီချင်းမဆုံးခင် တဟဲဟဲရယ်ကာ လက်ကွက်မှားသွားလို့ ဟု နောက်တီးနောက်တောက်လုပ်လေ့ရှိသော သူမ မောင်လေးသည် တောရဘုန်းကြီးကျောင်း၌ ယောင်ချာချာ အဖော်မဲ့နေရှာရော့မည်။ ဟိုတလောကတော့ လေးခွတလက်ကိုင်ပြီး တောင်ပစ် မြောက်ပစ် လုပ်နေသည်တဲ့၊ ငှက်တွေကို ဖမ်းတာတော့ မဟုတ်ပါဘူး၊ သူ့ကို အန္တရာယ်ပြုဖို့လာမည့်သူတွေကို လေးခွနဲ့ပစ်ပြီး ထွက်ပြေးဖို့ဆိုပဲ။

သူမ အတွေးမဆုံးခင် ဦးလေးအောင် ဆိုင်ကယ်တဖုံးဖုံးမည်လျှက် အိမ်ရှေ့လာရပ်၏။ ရီနွယ် တံခါးကို ချက်ချင်းပြေးဖွင့်ရင်း မြန်မြန်တက်၊ ဘာလို့ဆိုင်ကယ်သံကြီး ဒီလောက်မြည်အောင် မောင်းလာရသလဲဟု ဆီးကြိုရန်တွေ့လိုက်၏။

ဟာ ... ငါ့ဆိုင်ကယ်က ဟွန်းကလွဲရင် အကုန်မြည်တယ်ဆိုတာမျိုးဟ ဟု ဦးလေးအောင် ရှင်းချက်ထုတ်ကာ ချွေးသုတ်ရင်း ဝင်လာသည်။ ဘုရားခမ်းရောက်နေသူမှာ ပူပန်ဇောဖြင့် အမောတကောဆင်းလာပြန်၏။ ရီနွယ်တံခါးပြန်ပိတ်ရင်း ဘာထူးသေးလဲဟု လေသံဖြင့် မေးသည်။ ဦးအောင်က ဖွက်ယူလာသော စာကိုထုတ်ပေးသည်။ အိမ်ဝန်းကျင် လူရှင်းမရှင်း အကဲခတ်ပြီး ရီနွယ်ဖတ်ကြည့်၏။

‘ဖေသောင်း၊ နေကောင်းတယ်
ပိုက်ဆံ လက်ကျန်ကနဲ
ပြောရမှာလည်း အားနာတယ်’

စာကိုဖတ်ပြီးသည်နှင့် သူမ ချက်ချင်း ဝါးစားလိုက်သည်။ အမေသည် မချင့်မရဲဖြစ်သွားပြီး ငါတောင် မဖတ်လိုက်ရဘူးဟု ငြူစူ၏။ သူ နေကောင်းတယ်၊ ပိုက်ဆံထပ်တောင်းရမှာ အားနာနေတယ်တဲ့၊ ဒါပဲ ဟု ရီနွယ်ဖြေရင်း ဖေသောင်း ဆိုတာ သူ နာမည်ပြောင်ထားတာလား ဟု မေးသည်။

ဦးလေးအောင်ကရယ်လျက် အေး ... အဲဒါ တမျိုးကောင်းတယ်ဟု ဖြေသည်။

ရီနွယ် ပိုက်ဆံယူရန် အံဆွဲသော့ဖွင့်ရင်း ကြည့်လည်း ပြောထားဦး ဒီကောင် လျှောက်လည်နေဦးမယ်၊ ဘယ်လိုမှ စိတ်ချရတာ မဟုတ်ဘူး၊ တောရကျောင်းဆိုပေမယ့် ဥပုတ်လာယူသူတွေ ရှိတတ်တယ်၊ စပ်စပ်စုစုတွေနဲ့ ရောထွေးမိမှဖြင့် ... စသဖြင့် သားအမိနှစ်ယောက် တတွတ်တွတ် မှာကြားနေသည်ကို ဦးလေးအောင် ခေါင်းညိတ်ရင်း စိတ်ချပါဟုသာ တုံ့ပြန်သည်။

စာအုပ်တွေ ဆိုင်မှာသွားငှားဖတ်နေကြောင်းသာ သူတို့သားအမိသိလျှင် ရင်ထု၍ ညအိပ်မပျော်ဖြစ်ကြဦးမည်ဟု ဦးလေးအောင် တွေးမိရင်း ပြုံးစေ့စေ့လုပ်နေမိ၏။

xxxxx xxxxx xxxxx 

“ဟုတ်တယ်၊ ညိုလည်း သူ့ကို မသင်္ကာဘူး”

“ဟင် ... မသင်္ကာတာတောင် ဘာလို့ တရင်းတနှီးလုပ်နေရသေးလဲ၊ နင်ကလေးလည်း မဟုတ်တော့ဘူး၊ ဓာတ်ကြိုးကို စမ်းကိုင်တယ်ဆိုတာ မြွေကို ငယ်ထိတ်ပုတ်တာထက် ကြောက်စရာကောင်းတယ်၊ မြွေကိုက်ရင် ဆေးရှိသေးတယ်ဟဲ့”

မကျွမ်းကျင်ဘဲ ကြိုးတန်းလမ်းလျှောက်သူကို ကြည့်နေရသလိုမျက်နှာဖြင့် ဒေါ်တင်တင် ဆူပူနေသည်။ ညိုကား နွေနေ့လည်တွင် ရေခဲမုန့် ဇိမ်ခံစားနေသည့် အမူအရာမျိုးပင်။

“ဓာတ်ကြိုးပေမယ့် ညိုတို့အိမ်မှာ သွယ်ထားတဲ့ဓာတ်ကြိုးမျိုးပါ။ ဘယ်တုန်းက မီးလာဘူးလို့လဲ၊ ညို သိချင်တာက ဒီဓာတ်ကြိုးရဲ့ နောက်ကြောင်းအမှန်”

“နင် ... ပြောလေ ကဲလေ လုပ်ပြန်ပြီ ... ချက်ချင်းမီးလာလို့ ဟုတ်ပေ့ဖြစ်သွားမယ်”

“မပူပါနဲ့အမေ ... ညိုဘက်က မိန်းခလုတ်ပိတ်ထားရင် စိတ်ချရပါတယ်”

“ဘာစိတ်ချရတာလဲ၊ လောက ပရိယာယ် နင် ဘာနားလည်သလဲ နင် အခုမှ အသိုက်ထဲက ခေါင်းပြူကြည့်တတ်ရုံ ရှိသေးတယ်၊ ငှက်တွေဟာ မဖြစ်မနေ အစာရှာစားရတာ ... အန္တရာယ်တွေ ဝိုင်းနေတယ်ဆိုတာ သဘောပေါက်ထား ...”

ဆီပူထဲ ငါးအတုံးထည့်ချလိုက်၍ ရှဲခနဲ မြည်ပြီး ဆီမြုတ်များ ထလာသည်။ သမီးလုပ်သူအား ဆူပူနေသည့်ကြားက ဆီတွေကလည်း တို့ငယ်ငယ်ကလို မဟုတ်ဘူးဟု ကြားဖြတ်တွေးမိ၏။

“ဒီမှာတွေ့လား၊ လူတွေ အစစ်အမှန်ကို အတုတွေ အယောင်တွေ ရောကုန်ကြတာ ဆီတွေကအစ အမှန်မရှိတော့ဘူး၊ ထမင်းပူပူနဲ့ ဆမ်းစားလည်း ဘာအရသာမှ မရှိ၊ နှလုံးသွေးကြောပိတ်ဖို့ ပိုနီးစပ်တဲ့ အန္တရာယ်တောင်ရှိတယ်တဲ့ ငါ ဖတ်ဖူးတယ်”

ညိုက ငရုတ်ဆုံထဲမှ ထောင်းပြီးသမျှ နှိုက်ထုတ်နေသည်။

“အမေပြောသလိုပဲ ညိုက အသိုက်ထဲက ခေါင်းပြူကြည့်နေရတာ မှန်ပါတယ်။ ဒါပေမယ့် သူကလည်း အန္တရာယ်မပေးတတ်တဲ့ ငှက်ကလေးတကောင်ပါပဲ အမေ ... သူ့မှာ ထိတ်လန့်စရာအကြောင်းတခုကြောင့် ကျီးကန်းလိုပဲ ပူပန်နေရတယ်၊ ကျီးကန်းတောင်မှ တခါတလေ စိတ်အေးလက်အေးသာ နေလို့ရသေးတယ်၊ ညို ပြောချင်တာက သူဟာ လေးခွ ကိုင်ထားတယ်၊ ဒါပေမယ့် ကြက်ငှက်တွေ ပစ်ဖို့မဟုတ်ဘူး”

“နင် ဘယ်လောက်သိလို့လဲ၊ ငါ နင့်အဖေနဲ့ တိုင်လိုက်တော့မယ်”

ညို လုံးဝ မကြောက်ပေ။ အဖေကိုလည်း ထိုအတိုင်းပင် ညို ပြန်ရှင်းပြမည်ဖြစ်သည်။

xxxxx xxxxx xxxxx 

ဆက်လက်ဖော်ပြပါမည်။ 


 

No comments: