Monday, July 2, 2012

မျှော်လင့်ချက် စိမ်းစိုစိုဖြင့် (ခင်ငြိမ်းသစ်)

အခုတလော မြန်မာပြည်ထဲက လယ်သမားတွေဆီက လယ်မြေတွေ သိမ်းလိုက်တဲ့အကြောင်း မကြာမကြာ ကြားနေရပါတယ်။ ကျမတို့ ငယ်ငယ်က ပထဝီမှာ သင်ရတာက “မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး အဓိကနိုင်ငံဖြစ်ပါသည်” လို့ပါ။ အခုတော့ လယ်ယာ စိုက်ပျိုးရေးနိုင်ငံလို့ဆိုခဲ့တဲ့ ကျမတို့ နိုင်ငံက လယ်သမားတွေ လယ်စိုက်ခွင့် မရကြဘူးလို့ ကြားသိနေရတာပါ။ လယ်ပဲစိုက်တတ်တဲ့ လယ်သမားတွေခမျာ လယ်စိုက်ခွင့်မရဘူးဆိုတော့ သူတို့ ဘာတွေလုပ်ကြရမလဲလို့ ကျမ သိချင်လာပါတယ်။

ဒါကြောင့်လဲ လယ်သမားတွေအကြောင်း မေးမြန်းရင်းနဲ့ ကျမ သိလာတာက မြန်မာပြည်ရဲ့ ကျေးရွာတွေမှာ အလုပ် လုပ်ကိုင်နိုင်တဲ့ အရွယ်ကောင်း လူငယ်လူရွယ်တွေဟာ တဖက်နိုင်ငံတွေဆီကို အလုပ်လုပ်ဖို့ ရောက်နေကြပါတယ်။ သူငယ်ချင်းတစ်ယောက် (သူက ကျမတို့ထက် အသက်ငယ်ပါတယ်) ပြောပြတာက သူတို့ ရွာတွေဆီကိုရောက်တော့ လူပျိုသဘာဝ မိန်းမပိုးပန်းမလို့ ရွာထဲဝင်သွားတော့ အသက်အငယ်ဆုံးက မွေးကင်းစကနေ ၁၀ နှစ်လောက်အထိပဲရှိပြီး နောက်ထပ်ကျန်နေတာက သက်ကြီးရွယ်အိုတွေပဲတဲ့။


သူဆိုချင်တာက အလုပ်လုပ်ကိုင်နိုင်တဲ့ လူမှန်သမျှ တဖက်နိုင်ငံမှာ အလုပ်လုပ်နေကြသတဲ့။ ဒါတောင် မြန်မာပြည် အတွင်းပိုင်းလို့ပြောလို့ရတဲ့ ပဲခူးဘက်က ရွာတွေမှာပါ။ ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ စက်မှုထုတ်ကုန် ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ ကွန်ပြူတာ အစိတ်အပိုင်းတွေထုတ်လုပ်တဲ့ စက်ရုံတွေရှိသလို မော်တော်ကားတွေထုတ်လုပ်တဲ့ စက်ရုံတွေလည်း ရှိပါတယ်။ အကြီးစား စက်မှုလုပ်ငန်းတွေ ရှိသလို အသေးစား စက်မှုလုပ်ငန်းတွေလည်း ရှိပါတယ်။

ဒါ့အပြင် လယ်ယာထုတ်ကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်ကြပါတယ်။ ကမ္ဘာပေါ်မှာ ထိုင်း ဆန်ဟာ နာမည်ကြီးပါတယ်။ ထိုင်းမှာ ဆန်ကို အကြီးအကျယ်ထုတ်လုပ်သလို ပြောင်း၊ ကြံနဲ့ သစ်သီးတွေလည်း အကြီးအကျယ် ထုတ်လုပ်ပါတယ်။ မေလတုန်းက ကျမရဲ့မိတ်ဆွေလင်မယားက ကျမ ဘန်ကောက် ရောက်တုန်းရောက်ခိုက် ဘန်ကောက်မြို့ပတ်ဝန်းကျင်က အယုဒ္ဓယမြို့နဲ့ သူ့မိန်းမရဲ့ မွေးရပ်မြေဖြစ်တဲ့ စူဖန်ဘူရီလို့ခေါ်တဲ့ လယ်သမားမြို့လေးကို လိုက်ပို့ပေးပါတယ်။

ဒီမှာ စကားမစပ်ပြောရမှာက သူ့မိန်းမက ထိုင်းအမျိုးသမီးတစ်ဦးပါ။ သူ့မိန်းမရဲ့ မိဘတွေက ထိုင်းလယ်သမားတွေပါ။ မောင်နှမ ၃ ယောက်ရှိပြီး အားလုံး ဘွဲ့တွေရ ပညာတွေတတ်လာတော့ မိသားစုအားလုံး ဘန်ကောက်မြို့မှာ အခြေချပါတယ်။ သူတို့ပိုင်တဲ့ လယ်မြေတွေဟာ အခုအချိန်အထိရှိနေပြီးတော့ သူတို့ မိသားစုက လယ်မလုပ်တော့ဘဲ သူများကို အငှားချထားပါတယ်။

စူဖန်ဘူရီမြို့လေးဟာ တော်တော်လှပါတယ်။ ကတ္တရာလမ်းမကြီးဟာ ဖြောင့်ဖြူးနေပြီးတော့ လမ်းမရဲ့ တဖက်တချက်စီမှာ ရဲရဲတောက်နေတဲ့ စိန်ပန်းတွေနဲ့ ပိတောက်ပင်တွေ ရှိပါတယ်။ ကျမသွားတဲ့အချိန်က မေလဆန်းဆိုတော့ စိန်ပန်းတွေလည်း ရဲရဲနီနေဆဲ၊ ပန်းပိတောက်တို့လည်း ကျိုးတိုးကျဲတဲ ရှိနေဆဲပါ။ ကျမက အရမ်းလှတာပဲနော်လို့ ခဏခဏ ပြောနေမိတော့ မိတ်ဆွေရဲ့မိန်းမက “စူဖန်ဘူရီရဲ့ မြို့တော်ဝန်က ဒီမြို့ကို စင်ကာပူလိုဖြစ်အောင် လုပ်မှာ” လို့ ပြောပြပါတယ်။ ကျမက ဘာဖြစ်လို့လဲဟင်လို့ ထပ်စပ်စုမိတော့ “ဒီမြို့က လယ်သမားတွေချည်းပဲနေတဲ့ မြို့ဆိုတော့ နိုင်ငံခြားသားတွေ စိတ်ဝင်စားတယ် ၊ ဒါကြောင့် လာရောက်လည်ပတ်ရင် မြို့တော်က ဝင်ငွေရမှာ၊ မြို့တော်က သန့်ရှင်း သပ်ရပ်နေရင်၊ ဧည့်သည် ပိုလာမယ်”တဲ့။

ကျမ ဘုရားတမိပါတယ်။ သူပြောလိုက်တော့မှ ကျမလည်း ပတ်ဝန်းကျင်ကို ပိုလေ့လာမိပါတယ်။ လမ်းဘေးဝဲယာ တဖက်တချက်စီမှာ လယ်ကွင်းတွေ စိုက်ခင်းတွေ ရှိပါတယ်။ လယ်ကွင်းတွေထဲမှာစိုက်ပျိုးထားတဲ့ စပါးပင်တွေဟာ စီစီညီညီ ရှိပါတယ်။ အဲဒီလိုပဲ ဇီးသီးပင်တွေစိုက်တာလည်း စီစီညီညီနဲ့ အတန်းလိုက် စိုက်ထားတာပါ။ ဘယ်လိုပဲ ကြည့်ကြည့် လှလှပပ ရှိနေတာ သေချာပါတယ်။

ဒီလိုနဲ့ မိတ်ဆွေရဲ့မိန်းမ မိသားစုလိုက် အရင်နေခဲ့တဲ့ အိမ်လေးကိုရောက်လာပါတယ်။ တိုက်အိမ်လေးပါပဲ။ တအိမ်လုံး ကြွေပြားတွေ ခင်းထားပါတယ်။ လယ်သမားတွေရဲ့ နေအိမ်ဆိုပေမယ့် ရေပန်းရှိတယ်။ ဘိုထိုင် အိမ်သာရှိတယ်။ အိပ်ခန်း ၄ ခန်းပါတယ်။ နောက်ဖေးချောင်၊ ထမင်းစားခန်းနဲ့ သေသေသပ်သပ်လေးပါပဲ။

ဒါပေမယ့် ဒီအနေအထားကို ကျမ မအံ့သြမိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က မြေပိုင်ရှင်တွေလေ။
လယ်ယာမြေဧက တော်တော်များများ ပိုင်တာကိုး။ ဒီလောက်တော့ ရှိမှာပေါ့လို့ ကျမ တွေးထင်နေမိတာပါ။ ခဏနေတော့ ကျမရဲ့ မိတ်ဆွေက ကျမကို ပြောပါတယ်။ သူတို့အိမ်ကို နင် ဘယ်လိုမြင်သလဲတဲ့။ ကျမက “အော် … မြေပိုင်ရှင်တွေပဲဟာ၊ ဒီလောက်တော့ ရှိရမှာပေါ့” လို့ပြောတော့ ကျမ မိတ်ဆွေက ဟက်ဟက်ပက်ပက် ရယ်ပါတယ်။

ကျမတို့နဲ့ အတူတူပါလာတဲ့ သူ့မိန်းမနဲ့ သူ့ယောက်ခမကြီးကို ထိုင်းလို လှည့်ပြောပါတယ်။ သူ့မိန်းမက ရီမောပြီး ကျမကို အင်္ဂလိပ်လို “It is normal condition for farmers in Thailand” လို့ ပြောပါတယ်။ သူ့ယောက္ခမကြီးကတော့ ထိုင်းလိုတွေ အများကြီး ပြောနေပေမယ့် ကျမ နားမှမလည်တာကိုး။ ခဏလောက်ကြာတော့ ကျမရဲ့မိတ်ဆွေက သူ့မိန်းမ ငွေသွားသိမ်းမယ်တဲ့ နင်ပါလိုက်ခဲ့ဆိုလို့ ကျမတို့ ၃ ယောက် ကန်သင်းရိုးတလျောက် လမ်းလျှောက်သွားပါတယ်။

ကန်သင်းရိုးဆိုလို့ ကျမတို့ မြန်မာပြည်ထဲကလို လယ်ကွက် တစ်ကွက်နဲ့ တစ်ကွက်ကြား ခြားထားတဲ့ ရွှံ့ဘောင်လေးတွေမဟုတ်ပါ။ လူတစ်ယောက် လမ်းကောင်းကောင်း လျှောက်လို့ရတဲ့ မြေညီလမ်းလေးတွေပါ။ ကျမက မိတ်ဆွေနဲ့စကားပြောရင်း တချို့နေရာတွေမှာ လယ်မစိုက်ဘဲ အခြားအပင်တွေစိုက်ထားလို့ စိတ်ဝင်စားပြီး မေးကြည့်မိပါတယ်။ ကျမ မိတ်ဆွေက “ထိုင်းမှာက စပါး တနှစ်ကို ၃ သီး စိုက်တယ်။ အဲဒီလို ၄ နှစ်ဆက်တိုက်စိုက်ပြီးရင် လယ်ကွင်းကို အနားပေးလိုက်တာပေါ့ဟာ။ အခု ဇီးပင်လိုဟာတွေ စိုက်တယ်။ အခုလိုမျိုးအချိန်ဆိုရင် အဲဒီ့လယ်သမားကို အစိုးရက အကူအညီပေးတယ်။ နောက်ပြီး လယ်လုပ်တဲ့လူတွေကို အစိုးရက လိုအပ်တဲ့ အကူအညီတွေအားလုံး ပေးထားတယ်” လို့ ပြောပြပါတယ်။

နောက်ပြီး လယ်ကွက်တွေကို ရေသွယ်တဲ့ မြောင်းတွေထဲမှာ ဇကာကွက်လေးတွေ ၆ ပေပတ်လည်လောက် ကာထားတာတွေကိုတွေ့တော့ ကျမလည်း ထပ်စပ်စုမိပါတယ်။ ဘာလုပ်ထားတာလဲပေါ့။ ကျမ စိတ်ထင် စိုက်ပျိုးရေးနည်းသစ်အတွက်လားပေါ့လေ။ ကျမ မိတ်ဆွေက ရယ်မောရင်း အဲဒါ ပုဇွန်မွေးထားတာတဲ့။ ဒီလိုနဲ့ လမ်းလျှောက်ရင်းက မိတ်ဆွေရဲ့ မိသားစုဆီက လယ်မြေကိုငှားစိုက်တဲ့ လယ်ငှားရဲ့ အိမ်ကိုရောက်လာပါတယ်။ ဒီတကြိမ် ဘုရားကို အကြီးအကျယ် တမိပါတယ်။ လယ်ငှားတဲ့ မိသားစုက လူလတ်ပိုင်း မိသားစုပါ။ သူတို့ရဲ့ တိုက်အိမ်လေးကို ဆေးရောင်လှလှလေး သုတ်ထားပါတယ်။ မိသားစုဝင် ၄ ယောက်ပဲရှိလို့ ထင်ပါတယ်၊ သူတို့အိမ်လေးမှာ အခန်း ၂ ခန်းပဲ ပါပါတယ်။ နောက်ဖေးချောင်၊ အိမ်သာကိုတော့ ကြွေပြားတွေခင်းထားပြီး၊ အိမ်ရှေ့ကိုတော့ ပါကေးပြားလေးတွေ ခင်းထားပါတယ်။

သူတို့ခြံထဲမှာ မွန်အမျိုးသားလေး ၂ ယောက် အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ နောက်ထပ် ထူးခြားတာက အဲဒီ့အိမ်ထဲမှာ ပန်ကာ၊ ရေခဲသေတ္တာ၊ လျှပ်စစ်ရေနွေးဓာတ်ဘူး၊ ကော်ဖီဖျော်စက်၊ ပါမုန့်မီးကင်စက် အပါအဝင် လျှပ်စစ်ပစ္စည်း အားလုံးရှိပါတယ်။ ခြံထဲမှာလည်း လယ်ထွန်စက် တစ်စီးနဲ့ ပစ်ကပ်ကားတစ်စီးလည်း ရှိပါတယ်။ ကျမက ကျမရဲ့ မိတ်ဆွေကို သေချာမေးကြည့်မိပါတယ်။

သူက လယ်ပိုင်ရှင်လား။ လယ်ငှားလားဆိုတာကိုလေ။ ကျမ မိတ်ဆွေပြောပြတာက “ထိုင်းမှာက လယ်ပိုင်ရှင်က လယ်မလုပ်ဘူးဆိုရင် မြေငှားခပဲ ရတယ်။ ကျန်တာဘာမှ မရဘူး။ မြေငှားခကလည်း ပေါက်ဈေးအတိုင်းပေါ့ဟာ၊ လယ်သမားကတော့ အစိုးရဆီက အထောက်အပံတွေ ရတယ်။ ဒီနှစ် စပါးဈေးကျလို့ လယ်သမားတွေအရှုံးပေါ်ရင် အစိုးရက စိုက်ပြီး ပုံမှန်ဈေးနဲ့ ဝယ်ပေးတယ်။ ရာသီဥတုကြောင့် စပါးတွေပျက်ရင် ၇၀ % အထိ ဆုံးရှုံးသွားတဲ့ ငွေကို စိုက်ပေးတယ်။ လယ်သမားတွေကို လယ်ထွန်စက်၊ ကား၊ လျှပ်စစ်ပစ္စည်းကို အကြွေးနဲ့ ရောင်းပေးတယ်။ တစ်ချို့ကုမ္ပဏီတွေဆိုရင် တော်ရုံလျှပ်စစ်ပစ္စည်းကို အလကားပေးတာ ရှိတယ်။ ဒါကြောင့် ငါ့ မိန်းမက နင့်ကိုပြောတာပေါ့ အခုအခြေအနေက ထိုင်းက လယ်သမားတွေရဲ့ ပုံမှန်အခြေအနေ ဆိုတာလေ”

ကျမ က ထပ်ပြီးအထွန့်တက်မိပါသေးတယ်။ “ဒီမှာလေ စီမံကိန်းတွေအတွက် လယ်မြေသိမ်းတာတို့ ဘာတို့ရော မရှိဘူးလား” လို့လေ။ ကျမ မိတ်ဆွေက “ထိုင်းမှာက စီမံကိန်းအတွက် လယ်မြေကို လွယ်လွယ်နဲ့ မသိမ်းဘူး။ တကယ်လို့ သိမ်းမှရမယ်ဆိုရင် လယ်သမားတွေနဲ့ ဆွေးနွေးတယ်။ စီမံကိန်းက တိုင်းပြည်တိုးတက်ဖို့ဆိုရင်တော့ လယ်သမားတွေက ဖယ်ပေးလေ့ရှိပါတယ်။ အဲဒီလိုဖယ်ပေးလိုက်ရင် လျော်ကြေးက ထိုက်ထိုက်တန်တန်ပြန်ရတယ်။ နောက်ပြီး အသက်မွေး ဝမ်းကြောင်းဖို့အတွက် အစီအစဉ်တွေ လုပ်ပေးတာမျိုးတွေ ရှိတယ်။ တကယ်လို့ လယ်သမားတွေက သူတို့လယ်မြေတွေကို မဖယ်ပေးဘူးလို့ ဆုံးဖြတ်လိုက်ရင် အဲဒီ့စီမံကိန်းကို ပယ်ဖျက်ပစ်ရတယ်” တဲ့။

ကျမ မိတ်ဆွေဆီကနေ သိခဲ့ရတာတွေကိုတောင်မှ ကျမ မကျေနပ်သေးပါ။ ကျမရဲ့ နောက်ထပ်မိတ်ဆွေ သတင်းထောက်တစ်ဦးကို ထပ်မံ စပ်စုမိပါတယ်။ ကျမမိတ်ဆွေ သတင်းထောက်က မဲဆောက်မှနေတာ နှစ်ပေါင်း ၂၀ ကျော်ဆိုတော့ သူတို့လည်း ထိုင်းနိုင်ငံအကြောင်း တစေ့တစောင်းမက သိနေကြသူတွေပါ။

သူက သူတို့မိသားစုလေး ငှားနေတဲ့ အိမ်ပိုင်ရှင်သဌေးအကြောင်း ပြောပြပါတယ်။ သူတို့သဌေး စိုက်တဲ့လယ်ကထွက်တဲ့ စပါးတွေကို ဓာတ်ခွဲခန်းက စစ်ဆေးပါတယ်။ အဲဒီလိုစစ်ဆေးလိုက်တဲ့အချိန်မှာ သူ့လယ်ထွက်စပါးမှာ ဓာတ်တိုးပစ္စည်းတစ်မျိုးကို တွေ့နေတာကြောင့် သူ့လယ်မြေက မြေကြီးကို စစ်ဆေးပါတယ် တဲ့။ လယ်မြေကိုစစ်တော့ မြေသြဇာသုံးတဲ့ နှစ်တွေများလို့ဖြစ်တာကို သိရတဲ့အခါ အဲဒီ့လယ်မြေမှာ ဘာမှမစိုက်ဖို့အသိပေးပြီး လျော်ကြေးအဖြစ် ၄ သိန်းတန်ကား ၂ စီးနဲ့ ထိုင်း ဘတ် ၁၀ သိန်း ပေးပါတယ်။

အဲဒီ့လယ်မြေကို ဖုန်းဆိုးမြေအဖြစ် ထားလိုက်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း အဲဒီ့မြေကို လာရောက် စစ်ဆေးပါတယ်။ သူတို့ဆီက ပြန်စိုက်လို့ရပြီလို့ အကြောင်းမကြားမခြင်း မစိုက်ဖို့လည်း အသိပေးထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ အစိုးရက လယ်သမားတွေအတွက် သေသေချာချာ စီမံဆောင်ရွက်ပေးသလို၊ ထိုင်းဘုရင်မင်းမြတ်ကလည်း လယ်သမားတွေအတွက် ကူညီဆောင်ရွက်ပေးနေတာကို ကျမတို့ မြင်တွေ့နေရပါတယ်။

ဒါကြောင့်လည်း ထိုင်းလယ်သမားတွေရဲ့ သားသမီးတွေဟာ ပညာသင်ယူနိုင်ကြပါတယ်။ အဆင့်အမြင့်ဆုံးဖြစ်တဲ့ တက္ကသိုလ်ပညာကို သင်ယူနိုင်ကြတာကြောင့် လယ်သမားသားသမီးတွေဟာ ခေတ်ပညာတတ်တွေ ဖြစ်လာကြပါတယ်။ ကျမတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာ့သမိုင်းဖတ်စာထဲမှာ မြန်မာတွေဟာ လယ်ပိုင်ရှင်ဘဝကနေ ချစ်တီးကုလားများလက်ထဲမှာ လယ်ကူလီဖြစ်သွားကြတယ်လို့ ပါခဲ့ပါတယ်။

အဲဒီ့အချိန်တုန်းက ကျမတို့မှာရှိနေတဲ့ မျိုးချစ်စိတ်ကလေး တစ်ထွာလောက်နဲ့ ကိုယ်မမြင်ဘူးတဲ့ ချစ်တီးကုလားတွေကို မုန်းမိပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၀ နှစ်တာကာလမှာ မြန်မာလယ်သမားတွေ ရွှေခေတ်ရောက်ခဲ့ဖူးပါတယ်။ အဲဒီ့နောက်ပိုင်းမှာတော့ မှားယွင်းတဲ့ စိမံခန့်ခွဲမှုတွေအောက်မှာ လယ်သမားတွေရဲ့ ဆင်းရဲတွင်းဟာ လက်တနှိုက်မက နက်ခဲ့ကြတာ ၁၀ စုနှစ်ပေါင်းများနေပါပြီ။ ကျမ သိခဲ့တာက ထိုင်းနိုင်ငံမှာ လယ်စိုက်လို့မရတဲ့ မြေတွေ ရှိနေပေမယ့် မြန်မာ့မြေဆီမြေနှစ်ကတော့ ဘယ်နေရာမဆို လယ်စိုက်ရင်လည်း ဖြစ်ထွန်းတာပါပဲ။

ကျမတို့တွေရဲ့တိုင်းပြည်မှာ လယ်သမားတွေ လယ်စိုက်ခွင့်ရအောင်၊ လယ်စိုက်သူတွေကို တိုင်းပြည်ရဲ့ အကျိုးဆောင်သူတွေဆိုတဲ့အမြင်မျိုးနဲ့ အစိုးရက စောင့်ရှောက်လာအောင် တောင်းဆိုပေးကြရမှာ နိုင်ငံသားတွေရဲ့ တာဝန်ဖြစ်လာနေပါပြီ။ ။


No comments: