Tuesday, March 27, 2012

စိတ်ဝင်စားစရာ မဲဆွယ် နိုင်ငံရေးဟောပြောချက်အချို့ (မောင်ဝံသ)

“နောက်ဆုံးမှပြောပေမယ့် အရေးကြီးတဲ့နေရာမှာ နောက်ဆုံးမဟုတ်တဲ့ ဟောပြောချက်တစ်ခုကတော့ တစ်ချိန်က ပြည်တွင်းမှာရှိခဲ့ဖူးတဲ့ ကျောင်းသားပါတီလို့ အသိများကြတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အခြေခံမူဝါဒတွေကို ဆက်ခံတဲ့ပါတီလား ဒါမှမဟုတ် အဲဒီအခြေခံမူဝါဒတချို့ကို ဆက်လက်ဆုပ်ကိုင်၊ တချို့ကို စွန့်ခွာကျောခိုင်းလိုက်ပြီဖြစ်တဲ့ ပါတီသစ်တစ်ခုလား ရှင်းရှင်းလင်းလင်း မရှိလှတဲ့ ‘မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ’ ဥက္ကဋ္ဌဦးဇင်အောင်ရဲ့ ဟောပြောချက်တွေထဲက တစ်ခုဖြစ်တယ်ဗျ …”

ကျွန်တော် လက်ရှိနေထိုင်တဲ့ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မှုမရှိတာကြောင့် လာမယ့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော် မဲထည့်ဖို့ မရှိဘူးဗျာ။ ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းကလည်း ပြည်ပ ခရီးထွက်နေတာကြောင့် မဲမထည့်ဖြစ်ခဲ့ဘူးဗျ။ ကြိုတင်မဲပေးဖို့လည်း စိတ်ကူးတောင် မရှိခဲ့ပါဘူးဗျာ။

ဒါပေမယ့် ကျွန်တော်ဟာ နိုင်ငံရေးကို ထဲထဲဝင်ဝင် (အထဲကိုဝင်တာလည်း အပါအဝင်) လုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်တဲ့အပြင် လောလောဆယ်မှာ နိုင်ငံရေးသတင်းဂျာနယ်တစ်စောင် (ပြည်သူ့ခေတ်)ရဲ့ အတိုင်ပင်ခံ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေပြီး အခြား မိတ်ဆွေဂျာနယ်အချို့မှာလည်း အပတ်စဉ် ဆောင်းပါးတွေ ရေးနေသူဖြစ်တာကြောင့် (ပြောရရင် အခြေခံသဘာဝအရရော တာဝန်အရပါ) နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ဖြစ်ရပ်တွေ၊ လှုပ်ရှားမှုတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်ပတ်သက်နေဖြစ်တယ်ဗျ။


အခုတလောတော့ ညစဉ် ရုပ်/သံက ထုတ်လွှင့်ပေးနေတဲ့ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးဟောပြောမှုတွေကို မပြတ်နီးပါး၊ နားထောင် ဖြစ်နေတယ်ဗျာ။ တစ်ညတလေ နားမထောင်ဖြစ်ရင်တောင် နောက်တစ်နေ့သတင်းစာမှာ ဖတ်ဖြစ်အောင် ဖတ်တယ်ဗျ။ နိုင်ငံရေးမိတ်ဆွေတွေနဲ့ ဆုံဖြစ်ကြတဲ့အခါ အဲဒီဟောပြောချက်တွေထဲက ထူးခြားတယ်လို့ ယူဆတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကြတယ်။ အဲဒီလို ဆွေးနွေးဖြစ်ခဲ့တဲ့ကိစ္စတွေအပြင် ကျွန်တော့်ခေါင်းထဲ စွဲစွဲမြဲမြဲကျန်ရစ်ခဲ့တဲ့ ဟောပြောချက်တချို့နဲ့ပတ်သက်တဲ့ စဉ်းစားချက်တွေအကြောင်း စာဖတ်သူများကို ပြောပြချင်လို့ ဒီဆောင်းပါးကို ရေးလိုက်တာဖြစ်တယ်ဗျ။

ဒီမိုကရေစီစံနှုန်းနဲ့မညီမှု ထောက်ပြ

ပထမဆုံး ပြောပြချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်/သံ ဟောပြောချက်ထဲက အကြောင်းအရာတချို့ ဖြစ်တယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ တစ်ခဲနက်ထောက်ခံမှုနဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီဖျက်သိမ်းခံရမယ့် အန္တရာယ်ကို မျက်မှောက်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ခဲ့တဲ့ပါတီ ဖြစ်တယ်။

အဲဒီလို သပိတ်မှောက်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်တာကြောင့် ဖြစ်တယ်။ အဲဒီအခြေခံဥပဒေဟာ ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ယူဆထားတာကြောင့်ဖြစ်တယ်ဗျ။ အစိုးရက ပြင်ဆင်ပြောင်းလဲမှုတချို့ လုပ်ပေးလိုက်ပြီးတဲ့နောက်မှာ NLD ဟာ မှတ်ပုံပြန်တင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ သဘောထားခံယူချက်ကိုတော့ လူသိရှင်ကြား ဆက်လက်ကိုင်စွဲထားခဲ့တာပဲဗျ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်ထဲမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ၂၅% စီ လွှတ်တော်တိုင်းမှာ ပါဝင်နေတဲ့အချက်ကို ထောက်ပြပြီး ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တဲ့ဥပဒေဖြစ်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့တာဟာ ထူးခြားတယ်ဗျ။ ဒီစာသားတွေ ဆင်ဆာမဖြတ်ဘဲ ပြောဆိုခွင့်ပြုခဲ့တဲ့ အချက်ကိုလည်း အသိအမှတ်ပြုရမယ်ဗျ။

နောက်ထပ် မှတ်သားထားသင့်တဲ့ ဟောပြောချက်တစ်ခုကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးရဲ့ “၂၀၁၀ ရွေးကောက်ပွဲမှာ မိမိတို့ပါတီရဲ့ ကိုယ်စားလှယ်များအပေါ် ထောက်ခံအားပေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် မိဘပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်း” ဆိုတဲ့ ပြောကြားချက်ဖြစ်တယ်ဗျ။
နောက်ပြီး ဦးဌေးဦးရဲ့ “မိမိတို့ပါတီဟာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဖွဲ့စည်းထားတာ မဟုတ်ဘဲ” ဆိုတဲ့ စကားဟာ ပြိုင်ဘက်ပါတီတစ်ခုကို ရည်ညွှန်းသလား။ ယေဘုယျသဘောလားဆိုတာကတော့ ခန့်မှန်းရခက်တဲ့ အကြောင်း ပြောဖြစ်ခဲ့ကြတယ်ဗျ။

နယ်ချဲ့လောင်းရိပ်ဆိုတာ

နောက် ကျွန်တော်တို့ မှတ်မှတ်သားသား ပြောဖြစ်ခဲ့ကြတဲ့ ဟောပြာချက်တစ်ခုကတော့ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ် အတွင်းရေးမှူးရဲ့ စကားတစ်ခွန်းဖြစ်တယ်ဗျ။ သူက “အခု ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ကျွန်တော်တို့နိုင်ငံ နယ်ချဲ့အင်အားကြီးနိုင်ငံတွေရဲ့ လောင်းရိပ်အောက်ကလွတ်မြောက်ပြီး လွတ်လပ်ပြီး အချုပ်အခြာအာဏာ အစစ်အမှန်ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ အရေးကြီးတဲ့အဆုံးအဖြတ်တစ်ခု” လို့ ဆိုတယ်ဗျ။

သူ့ရဲ့နယ်ချဲ့အင်အားကြီးနိုင်ငံတွေဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်နိုင်ငံတွေကို ရည်ညွှန်းကြောင်း တိတိကျကျ မသိရဘူးဗျာ။ ပြည်သူကို ဦးဆောင်မယ့် နိုင်ငံရေးသမားတွေ အတွေးအခေါ်အယူအဆ မှန်မှ နိုင်ငံ့အနာဂတ်ကောင်းမှာမို့ လွှတ်တော်ထဲ သွားလိုသူတွေ နိုင်ငံတကာရေးရာတွေမှာ မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်မှ ပြည်တွင်း နိုင်ငံရေးကိုလည်း မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်မယ့်အကြောင်း ဆွေးနွေးဖြစ်ခဲ့ကြတယ်ဗျ။

အဆဲအဆိုခံပြီး ပါတီထောင်ခဲ့

နောက်ထပ် မှတ်မှတ်သားသား ဆွေးနွေးဖြစ်ခဲ့ကြတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူဟောင်းအချို့နဲ့ ဖွဲ့စည်း ထားကြတာဖြစ်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့ရဲ့ ဟောပြောချက်တွေအကြောင်း ဖြစ်တယ်ဗျ။ ပါတီနှစ်ခုစလုံးရဲ့ ဟောပြောသူတွေက “တို့မပါရင် မဲမပေးဖို့ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ လေထုကြားထဲက အဆဲခံ အဆိုခံပြီး ပါတီထောင် ရွေးကောက်ပွဲဝင်ခဲ့ကြရင်း ဝေခွဲမရဖြစ်နေတဲ့ ပြည်သူ့ရှေ့ကို သစ္စာရှိစွာ ထွက်ရပ်ပေးခဲ့ကြောင်း၊ အခုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ခဲ့တာ မှန်သလား မှားသလားဆိုတာ အချိန်က အဖြေပေးနေပြီဖြစ်ကြောင်း မိမိတို့ နိုင်ငံရေး တာဝန်သိသိ၊ နိုင်ငံရေး အမြော်အမြင်ရှိရှိ ပါတီထောင် ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့အတွက် နှစ်ပေါင်းများစွာ ဒီမိုကရေစီလမ်းပျောက်ခဲ့ကြတဲ့ ပြည်သူတွေ ဒီကနေ့ ဒီမိုကရေစီလမ်းစကို ရှာဖွေတွေ့ရှိသွားခဲ့ကြပြီဖြစ်ကြောင်း” လို့ ပြောခဲ့ကြတာဖြစ်တယ်ဗျ။

ဒီနေရာမှာ ဒီကနေ့ ပေါ်ထွန်းနေတဲ့ နိုင်ငံရေးလမ်းကြောင်းရဲ့ အဓိကမောင်းနှင်အားဟာ ပါတီထောင် ရွေးကောက်ပွဲဝင်ခဲ့မှု ဟုတ်သလား မဟုတ်ဘူးလား။ အဲဒီပါတီတွေ ရွေးကောက်ပွဲဝင်ခြင်းနဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ တစ်ဆက်တည်းပဲလား။ ဒါမှမဟုတ် ကြားထဲမှာ အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ရှိသလား။ ရှေ့ကဖြစ်ရပ်က နောက်က ဖြစ်ရပ်အပေါ် ဘယ်လောက်ကြီးမားတဲ့ သြဇာသက်ရောက်မှုရှိခဲ့သလဲဆိုတာတွေကို စဉ်းစားကြရမှာဖြစ်တယ်လို့ ပြောဖြစ်ခဲ့ကြတယ်ဗျာ။

မြန်မာ့လူ့ဘောင်သစ်

နောက်ဆုံးမှပြောပေမယ့် အရေးကြီးတဲ့နေရာမှာ နောက်ဆုံးမဟုတ်တဲ့ ဟောပြောချက်တစ်ခုကတော့ တစ်ချိန်က ပြည်တွင်းမှာရှိခဲ့ဖူးတဲ့ ကျောင်းသားပါတီလို့ အသိများကြတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အခြေခံမူဝါဒတွေကို ဆက်ခံတဲ့ပါတီလား ဒါမှမဟုတ် အဲဒီအခြေခံမူဝါဒတချို့ကို ဆက်လက်ဆုပ်ကိုင်၊ တချို့ကို စွန့်ခွာကျောခိုင်းလိုက်ပြီဖြစ်တဲ့ ပါတီသစ်တစ်ခုလား ရှင်းရှင်းလင်းလင်း မရှိလှတဲ့ ‘မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ’ ဥက္ကဋ္ဌဦးဇင်အောင်ရဲ့ ဟောပြောချက်တွေထဲက တစ်ခုဖြစ်တယ်ဗျ။

ဦးဇင်အောင်က သူတို့ (သူ့အဆို ကျောင်းသားတွေ)ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှု ခေါင်းစဉ်အောက်ကနေ ဒုတိယ အကြိမ်မြောက် လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းစဉ်အောက်သို့ ‘အသိမဲ့’ ပါဝင်ခဲ့ရတယ်လို့ပြောဆိုပြီး အဲဒါဟာ မူဝါဒ အမှားဖြစ်တယ်လို့ ဆိုတယ်ဗျ။ ဒါဟာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ရွှေတိဂုံ အနောက်ဘက်မုခ်ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးအကြီးဆုံး အယူအဆတစ်ခုကို ရဲရဲရင့်ရင့် စိန်ခေါ်လိုက်တဲ့စကားဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းသလို ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို သမိုင်းက ဆုံးဖြတ်မယ့် (အဆုံးအဖြတ်ပေးခဲ့ပြီးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့) အယူအဆတစ်ခု ဖြစ်တယ်ဗျ။

ရန်တိုက်ပေးတဲ့ မူဝါဒတဲ့လား

ဦးဇင်အောင်က ၉၀ ရွေးကောက်ပွဲရလဒ်ဟာလည်း တပ်မတော်နဲ့ ပြည်သူကို ရန်တိုက်ပေးတဲ့ မူဝါဒကနေရရှိခဲ့တဲ့ အောင်ပွဲ ဖြစ်တယ်။ အဲဒီရွေးကောက်ပွဲရလဒ်က တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဆိုးကျိုးများသာလျှင် ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပြန်တယ်ဗျ။

အများလက်ခံထားကြပြီးသား အယူအဆနဲ့ မတူကွဲပြားတဲ့ အဲဒီအယူအဆနှစ်ခုကို ကျွန်တော် ပထမဆုံး တရားဝင်ကြားဖူးလိုက်တာ ဖြစ်တယ်ဗျ။ လက်တွေ့နိုင်ငံရေးမှာ မပါဝင်တော့ပေမယ့် ၁၉၉၀ ရွေးကောက်ပွဲမှာ ဝေါမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရဖူးတဲ့ ကျွန်တော်သည်ပင်လျှင် သည်စကားမျိုးကြားလိုက်ရတော့ အဟောင်းတွေ အသစ်ဖြစ်ပြီး ရင်ထဲ မကောင်းဘူးဗျာ။

ဘာပဲပြောပြော သဘောတူတာ မတူတာ အပထား ထူးခြားဆန်းသစ်တဲ့ အတွေးအမြင်တွေပေါ်ထွက်လာတဲ့ ကိစ္စကတော့ ဒီမိုကရေစီရဲ့ သဘာဝဖြစ်တာမို့ ကြိုဆိုကြရမှာဖြစ်တယ်ဗျာ။ ထူးခြားဆန်းသစ်တိုင်း အမှန်တရား ဟုတ်/မဟုတ်နဲ့ ပြည်သူကို အကျိုးပြု/မပြု ဆိုတာကိုတော့ သမိုင်းကပဲ ဆုံးဖြတ်မှာဖြစ်တယ်ဗျာ။

၂၁၊ ၀၃၊ ၂၀၁၂


No comments: