Sunday, March 4, 2012

အရင်းစစ်တော့ စနစ်တစ်ခုလုံးပြင်ရမှာ (လူထုစိန်ဝင်း)

"နောက်တော်ပါ ခြွေရံသင်းပင်းတွေ တစ်ပြုံကြီးနဲ့ စစ်ဆေးရေးသွားတဲ့အကျင့်တွေ လုံးဝ ဖျောက်ပစ်ဖို့လိုသလို၊ လူကြီးလာမယ်ဆိုမှ အကျည်းတန်တွေအားလုံး သနပ်ခါးလိမ်း၊ ပန်းပန်၊ မရှိတာတွေ အရှိလုပ်ပြ၊ မေးသမျှ မေးခွန်းတိုင်း အားလုံးကောင်းပါသည် ခင်ဗျား လုပ်ကြတဲ့ ဝန်ထမ်းလက်စွဲ အစဉ်အလာအားလုံးကိုလည်း ဖျောက်ပစ်ဖို့ လိုတယ်။ ဒါ့အပြင် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ အကျင့်ပါခဲ့ကြတဲ့ ..."

ကျောင်းဆရာလုပ်တုန်းက တပည့်ဖြစ်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အခုအချိန် ပြန်တွေ့ကြတဲ့အခါမှာ သူတို့အားလုံးလိုလိုဟာ ကျောင်းသားမိဘတွေဖြစ်နေကြပြီ။ အိမ်နားက သံရုံးမှာဖွင့်ထားတဲ့ အင်္ဂလိပ်စာသင်တန်းကို ကလေးတွေလိုက်ပို့ရင်း ဝင်ဝင်လာတတ်ကြတယ်။

သူတို့လို မဖြစ်စေချင်လို့

တပည့်ဟောင်းတွေနဲ့ စကားပြောရင်း သိလိုက်ရတာတစ်ခုက သူတို့အားလုံးလောက်နီးပါးဟာ သားသမီးတွေကို အစိုးရကျောင်းတွေမှာ မထားကြတော့ဘူးဆိုတာပဲ။ နိုင်ငံခြားသားတွေ လာသင်တယ်ဆိုတဲ့ ရန်ကုန်က နိုင်ငံတကာ ကျောင်းတွေမှာ ထားသူကထားကြပြီး စင်္ကာပူကကျောင်းတွေ သွားထားသူက ထားကြတယ်။ ဘယ်မိဘမဆို သားသမီးကို အကောင်းဆုံးပညာ ပေးချင်ကြတာကတော့ ဘယ်ခေတ်ဖြစ်ဖြစ် အတူတူပါပဲ။ တပည့်တွေက သူတို့လိုဘွဲ့ရပြီး ဘာမှမသိ၊ ဘာမှမတတ်တဲ့သူတွေ မဖြစ်စေချင်လို့ ငွေကုန်ကြေးကျ အများကြီးခံပြီး သားသမီးတွေကို ပညာပေးနေရတာ ဖြစ်ကြောင်း ပြောကြတယ်။

ကျုရှင်ကျမှ သင်တယ်

ကလေးတွေ အကြောင်းကစပြီး ပညာရေးအကြောင်းပြောကြတော့ အစိုးရကျောင်းတွေကတော့ တော်တော်ဆိုးနေပြီ။ ဆရာဆရာမတွေက ကျောင်းမှာ ကောင်းကောင်းမသင်ဘဲ၊ ကျူရှင်ကျမှ သေသေချာချာ သင်ကြတယ်။ ကျူရှင်မယူတဲ့ ကလေးတွေဆို မျက်နှာကောင်းမရဘူး။ အဲဒီ ကျူရှင်လခနဲ့ ဝိုင်းကျူရှင်လခနဲ့ ဂိုက်အတွက်ပေးရတာနဲ့ အားလုံး ပေါင်းလိုက်ရင် အပြင်ကျောင်းကုန်ကျစရိတ်နဲ့ သိပ်မကွာလှတော့ဘူးလို့ ဆိုကြတယ်။ အစိုးရကျောင်းမတက်တော့ တက္ကသိုလ်တက်ရင် ဘယ်လိုလုပ်မလဲလို့မေးတော့ ဒီက တက္ကသိုလ်တွေ ဘာလုပ်မှာလဲ၊ နိုင်ငံခြားတက္ကသိုလ်တွေ တက်ကြမှာပေါ့တဲ့။ ခြုံစရာရှိလို့ ချမ်းကြတာမို့ ဘာမှမပြောချင်ပါဘူး။ ဒါပေမယ့် ဆရာ၊ဆရာမတွေရဲ့ကျူရှင်ကြောင့် အစိုးရကျောင်းတွေပျက်တာ ဆိုတဲ့စကားကိုတော့ တယ်ပြီး ဘဝင်မကျချင်ဘူး။

မ တစ်ရာသားတွေ 

မှန်ပါတယ်။ ဒီခေတ်မှာ မူကြိုအရွယ်ကနေ ဘွဲ့ရပြီးတဲ့အရွယ်ထိ ကျူရှင်နဲ့ဘယ်သူမှ မကင်းနိုင်ကြဘူး။ ဘွဲ့ရပြီးတော့လည်း အလုပ်ခွင်ဝင်ခွင့်ကျူရှင်ဆိုတာ တက်ကြရသေးတယ်။ ကျူရှင်တွေကို ဆရာ၊ ဆရာမတွေက တမင်မွေးထုတ်လိုက်တာ မဟုတ်တာတော့ သေချာတယ်။ ကျောင်းမှာ တစ်နေ့လုံး ‘မ တစ်ရာသား’ တွေကို တဟဲ့ဟဲ့နဲ့ ထိန်းကျောင်းခဲ့ရပြီး၊ အနားယူရမယ့် အချိန်ကလေးမှာလည်းဆက်ပြီး ထိန်းရင်းကျောင်းရင်း စာသင်ပေးရတာမျိုးကို ဘယ်ဆရာ၊ ဆရာမမှ လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ တပည့်လေးတွေကို တတ်စေချင်၊ အောင်စေချင်တဲ့ စေတနာကြီးမားလွန်းလို့သာ သင်ကြရရှာတာပါ။

ငါ့ဝမ်းပူဆာ မနေသာ

ကျူရှင်မယူရင် ဆူပူကြိမ်းမောင်းတယ်ဆိုတာကလည်း ‘စုန်းပြူး’ တစ်ယောက်တစ်လေဖြစ်မှာပါ။ ရတဲ့လခလေး မဖြစ်စလောက်မို့ ‘ငါ့ဝမ်းပူဆာ မနေသာ’ တာကြောင့် ကျူရှင်ပေးရလည်း အရင်းခံကတော့ စေတနာပါ။ ဘွဲ့ရပြီးဘာမှမတတ် ဘာမှမသိဖြစ်ရတဲ့ကိစ္စကို ကျူရှင်အပေါ် ပုံချ၊ ဆရာ ဆရာမတွေကို အပြစ်ဖို့လုပ်ရုံနဲ့ ပြဿနာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ပြဿနာရဲ့အရင်းအမြစ်ကို မှန်မှန်ကန်ကန် ရှာဖွေနိုင်မှ အဖြေရမှာ ဖြစ်တယ်။ အရင်းအမြစ်ကို ရှာတဲ့အခါမှာလည်း အစည်းအဝေးခန်းမကြီးတွေထဲမှာတင် ရှာဖွေနေလို့ကတော့ ပကတိအဖြစ်မှန်၊ အခြေအနေမှန်ကို ဘယ်နည်းနဲ့မှ မရနိုင် မသိနိုင်ဘူး။

နောက်တော်ပါတွေနဲ့ 

အောက်ခြေဆင်းတယ်ဆိုပြီး နောက်တော်ပါ တစ်ပြုံကြီးနဲ့ သွားကြည့်ရင်လည်း ပကတိအခြေအနေမှန်ကို မသိနိုင်ဘူး။ သနပ်ခါးလိမ်း၊ ပန်းပန်ပြထားတာတွေပဲ တွေ့ရလိမ့်မယ်။ တကယ့်အဖြစ်မှန်၊ အခြေအနေမှန်ကိုသိချင်ရင် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို တွေ့ဆုံမေးမြန်းမှပဲ ဖြစ်လိမ့်မယ်။ ကျောင်းထဲမှာ အစည်းအဝေးခေါ်ပြီး ပြောပါဆိုရုံနဲ့တော့ ဘယ်သူမှပြောမှာမဟုတ်တာ သေချာတယ်။ အတိုင်ခံရသူတွေက ဘာမှမဖြစ်ဘဲ၊ တိုင်ကြားသူသာ အရေးယူခံရတဲ့အဖြစ်မျိုးတွေ ကြုံဖူးပေါင်းများပြီဆိုတော့ လူတွေက ရှေ့ထွက်ပြီး လူစွမ်းကောင်း မလုပ်ချင်ကြတော့ဘူး။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဆိုတာကလည်း သိသိသာသာဖြစ်လာတာ မတွေ့ မမြင်ရသေးဘူး။

အဆင့်မြင့်ပါတယ်

ဆရာ၊ ဆရာမတွေရဲ့ ကျူရှင်ကြောင့်မဟုတ်ဘူးဆိုတော့ ပြဋ္ဌာန်းတဲ့သင်ရိုးညွှန်းတမ်း စာအုပ်တွေကြောင့်လားဆိုပြီး သူငယ်တန်းကနေ ဆယ်တန်းအထိစာအုပ်တွေ လှန်လှောကြည့်တော့ တော်တော်တောင် အံ့အားသင့်သွားတယ်။ စာအုပ်တွေမှာပါတဲ့ သင်ခန်းစာတွေဟာ အတော်ကို အဆင့်အတန်းမြင့်ကြပါတယ်။ မူလတန်းစာအုပ်ထဲက စာတွေဟာ မူလတန်းအရွယ်ကလေးတွေနဲ့တောင် မလိုက်အောင် အဆင့်မြင့်ပါတယ်။ ကိုးတန်း၊ ဆယ်တန်းမှာသင်တဲ့ သင်္ချာ၊ ဓာတု၊ ရူပ သင်ခန်းစာတချို့ဆိုရင် ကျွန်တော်တို့ခေတ် အိုင်အက်စ်စီ (စီနီယာ)တန်းရောက်မှ သင်ရတာတွေဖြစ်တာ တွေ့ရတယ်။ တက္ကသိုလ်အတန်းအသီးသီးက စာတွေလည်း အဆင့်မနိမ့်ပါဘူး။

လေ့လာဆန်းစစ်ဖို့ လို

ဆရာတွေနဲ့ ကျူရှင်ကြောင့်လည်း မဟုတ်၊ သင်ရိုးညွှန်းတမ်းကြောင့်လည်း မဟုတ်ဆိုရင်တော့ ဘာကြောင့် ဒီနေ့ လက်ရှိအခြေအနေမျိုး ဖြစ်နေရတာလဲ။ သေသေချာချာ စနစ်တကျလေ့လာ ဆန်းစစ်ကြဖို့ လိုပါတယ်။ ပညာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားကြီးတွေအားလုံး ပါဝင်တက်ရောက်တဲ့ နှီးနှောဖလှယ်ပွဲတွေ၊ ဝပ်ရှော့တွေ အများကြီးလုပ်ကြဖို့ တိုက်တွန်းလိုတယ်။ ဘေးက ပညာရေး စိတ်ဝင်စားသူတစ်ယောက်ရဲ့ အမြင်ကိုပြောရရင်တော့ ဟိုနား နည်းနည်းပြင်လိုက်၊ ဒီနား နည်းနည်းဖာထေးလိုက်လုပ်ရုံနဲ့ လုံလောက်လိမ့်မယ် မထင်ဘူး။ အလုံးစုံ တစ်ခုလုံးကို ပြင်ပစ်မှာပဲရတော့မယ်လို့ ထင်မိတယ်။

အားလုံးကောင်းပါသည် ခင်ဗျား

နောက်တော်ပါ ခြွေရံသင်းပင်းတွေ တစ်ပြုံကြီးနဲ့ စစ်ဆေးရေးသွားတဲ့အကျင့်တွေ လုံးဝ ဖျောက်ပစ်ဖို့လိုသလို၊ လူကြီးလာမယ်ဆိုမှ အကျည်းတန်တွေအားလုံး သနပ်ခါးလိမ်း၊ ပန်းပန်၊ မရှိတာတွေ အရှိလုပ်ပြ၊ မေးသမျှ မေးခွန်းတိုင်း အားလုံးကောင်းပါသည် ခင်ဗျား လုပ်ကြတဲ့ ဝန်ထမ်းလက်စွဲ အစဉ်အလာအားလုံးကိုလည်း ဖျောက်ပစ်ဖို့ လိုတယ်။ ဒါ့အပြင် မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ အကျင့်ပါခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေကို ထစ်ခနဲဆို ပါတီက ခေါ်ခိုင်း၊ အရေးအကြောင်းဆို ကောင်စီက ခေါ်ခိုင်း၊ ဘာမှခိုင်းစရာမရှိရင် ကောင်စီမှာ ကင်းစောင့် ခိုင်းတယ်။ တယ်လီဖုန်းစောင့်ခိုင်းဆိုတဲ့ ခေါက်ရိုးကျိုး စိတ်ဓာတ်တွေလည်း လုံးဝ ပျောက်ကွယ်သွားဖို့လိုတယ်။

အားနာနာနဲ့ ဖြေရတာ

မြန်မာ့ဆိုရှယ်လစ် တစ်ခေတ်လုံး ဆရာ၊ ဆရာမတွေမှာ ကျောင်းအလုပ်နဲ့ မဆိုင်တာတွေနဲ့ချည်း အချိန်ကုန်နေရတဲ့အတွက် ကျောင်းမှာ စာကောင်းကောင်း မသင်နိုင်ခဲ့ကြဘူး။ ပြီးတော့ အတန်းတစ်တန်းမှာ လူ ၆၀၊ ၇၀ ပြွတ်သိပ်ညပ်နေတာတွေလည်း ပြုပြင်ဖို့ လိုတယ်။ ဗလာစာအုပ်ဝယ်ရ ရောင်းရ၊ ကျောင်းဝတ်စုံ ဝယ်ရ ရောင်းရ၊ စာသင်ခုံတွေ ရှာရဖွေရ၊ မြေဖြူခဲတွေရှာရ ဆိုတဲ့ ဒုက္ခပေါင်းစုံကလည်း ကင်းလွတ်အောင်လုပ်ပေးဖို့ လိုတယ်။ ဒါဆိုရင် ရပြီလား၊ ကောင်းသွားမှာလားမေးရင် ဒီလောက်နဲ့လည်း မရသေးဘူးလို့ အားနာနာနဲ့ ဖြေရတာကို ခွင့်လွှတ်ပါ။

တွန်းအားပေးကြဖို့ 

စနစ်တစ်ခုက တစ်ခုကို ပြောင်းမယ်ဆိုရင် တစ်နေရာတည်း တစ်ခုတည်းကွက်ပြီး ပြောင်းလို့မရနိုင်ဘူး။ တစ်စုံလုံး ပြောင်းပစ်မှဖြစ်မှာ။ ပျက်တာကလည်း ပညာရေးတစ်ခုတည်း မဟုတ်ဘူး။ အားလုံးပြုပြင်ဖို့ လိုနေတာချည်းပဲ။ ဒါကြောင့် အားလုံး တစ်စုံလုံး ပြုပြင်ပြောင်းလဲမှု မလုပ်ဘဲနဲ့ ပညာရေးကဏ္ဍတို့၊ ကျန်းမာရေးကဏ္ဍတို့ချည်း ကွက်ပြီးလုပ်ဖို့ မဖြစ်နိုင်ဘူး။ အားလုံးပြင်နိုင်အောင် ဝိုင်းပြီး တွန်းအားပေးကြဖို့ အထူးလိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

၂၆- ၀၂- ၂၀၁၂ ရက်က ထုတ်ဝေတဲ့ True News Journal မှာပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။


 

No comments: