Friday, March 30, 2012

နေရာထက် သိက္ခာက အရေးကြီးပါတယ် (လူထုစိန်ဝင်း)

(ဒီရက်ပိုင်း ဆင်ဆာအဖြုတ်ခံရတဲ့ နောက်ထပ်ဆောင်းပါး တစ်ပုဒ်ပါ။ 
True News ဂျာနယ်အတွက် ၁၇၊ ၀၃၊ ၂၀၁၂ က ရေးခဲ့တာပါ။)

မနေ့က နိုင်ငံခြားသား သတင်းထောက်တစ်ယောက်နဲ့ စကားပြောရင်း သူက ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်သလားလို့ မေးလိုက်တယ်။

ဇာတ်ညွှန်းရေးသူဖြစ်ခဲ့ရင်

အခြေခံဥပဒေကို မထောက်ခံဘူး၊ ရွေးကောက်ပွဲကိုလည်း မထောက်ခံဘူး၊ ဦးသိန်းစိန် အစိုးရကိုလည်း အခုချိန်ထိ မထောက်ခံသေးဘူးဆိုတဲ့ ကိုယ့်သဘောထားကို စောစောကတည်းက သူ့ကို ပြောထားပြီးဖြစ်တယ်။ ဒါကြောင့် ဒီမေးခွန်းရဲ့အဖြေကိုလည်း သူက ခန့်မှန်းပြီးသားဖြစ်မှာပါ။ သူက ဘယ်လို ခန့်မှန်း ခန့်မှန်း မေးလာတော့လည်း ဝတ္တရားအတိုင်းဖြေရတယ်။

“ကျုပ်သာ ဒီဇာတ်ညွှန်းရေးတဲ့သူနေရာမှာ ဆိုရင်တော့ ၄၈ နေရာလုံး NLD ကို အနိုင်ပေးလိုက်မှာပဲ” 

“ဘာကြောင့်လဲ”

“၄၈ လုံး ပေးလိုက်ရလို့ အာဏာရပါတီအနေနဲ့ ဘာမှ ထိခိုက်မသွားဘူး၊ ဒါပေမယ့် ပြန်ရလိုက်မယ့် အမြတ်ကတော့ အဖိုးမဖြတ်နိုင်လောက်အောင်ကို ကြီးမားတယ်”

“ဘယ်လိုအမြတ်လဲ”

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ညစ်ပြီး အနိုင်ယူခဲ့တယ်လို့ ပြောခဲ့တာတွေ ရှိတယ်။ ဒီတစ်ခါ အသန့်ရှင်းဆုံးလုပ်ပြီး နေရာအားလုံး အနိုင်ပေးလိုက်ရင်၊ အရင်ကကျခဲ့တဲ့ သိက္ခာတွေပါ ပြန်ပြီး အဖတ်ဆယ်သလို ဖြစ်သွားမယ်။ လွှတ်တော်တစ်ခုလုံးရဲ့ သိက္ခာမြင့်တက်သွားမယ်”

နေရာနဲ့ သိက္ခာ

ကိုယ်ကသာ ဒီလိုတွေးပေမယ့် ဇာတ်ညွှန်းရေးသူကတော့ ဒီလိုတွေးချင်မှ တွေးမှာပါ။ ၄၈ နေရာလုံးအနိုင်ယူပြီး NLD ကို လုံးဝ သိက္ခာကျသွားအောင် လုပ်ပစ်ရမယ်လို့ တွေးချင်လည်းတွေးမှာဖြစ်တယ်။ သမိုင်းပြောင်းပြန်ကြည့်တဲ့အခါ ဒီလိုအတွေးမျိုးတွေပဲ တွေးလေ့ရှိတာ အထင်အရှား မြင်တွေ့နိုင်ကြတယ်။ ဒါကြောင့် မမှားသင့်တဲ့ အမှားမျိုးတွေ ထပ်ခါထပ်ခါ ပြန်လုပ်ခဲ့ကြတယ်။ ဒီကိစ္စကို နိုင်ငံရေးအမြင်နဲ့ စဉ်းစားမယ်ဆိုရင် ‘ထောင်မြင် ရာစွန့်’ လုပ်ရမယ့်ကိစ္စမျိုး ဖြစ်တယ်။ ရာဂဏန်းတောင်မရှိတဲ့ ၄၈ နေရာလေးကို စွန့်လိုက်တာနဲ့ ပြန်ရမှာက ထောင်ဂဏန်းမက သိန်းတန်၊ သန်းတန်တဲ့ သိက္ခာဖြစ်တယ်။ နေရာယူမလား၊ သိက္ခာယူမလား ရွေးချယ်ရမှာဖြစ်တယ်။

လူသေတာတောင် နာမည်ကျန်

အစိုးရအလုပ်မှာ၊ စစ်တပ်ထဲမှာ ရာထူးနေရာက အရေးအကြီးဆုံး၊ အခရာအကျဆုံး ဖြစ်ပေမယ့်၊ နိုင်ငံရေးမှာတော့ သိက္ခာက အရေးကြီးဆုံးဖြစ်တယ်။ လခစားအလုပ်မှာ တော်ရုံ အမှားမျိုးကို ရာထူးနေရာနဲ့ ဖုံးကွယ်ထားလို့ရပေမယ့်၊ နိုင်ငံရေးမှာတော့ ‘ပိစိညှောင့်တောင့်’ အမှားလေးမျိုးတောင် ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ လူသေတာတောင် နာမည်ဆိုးက ကျန်ရစ်နေလေ့ရှိတယ်။ ‘မီးခွက်မှုတ်’ သခင်ဘယ်သူဆိုတာမျိုး၊ ‘ခွေးကတက်’ သခင်ဘယ်ဝါ ဆိုတာမျိုးတွေ အခုထိ လူတွေက ပြောဆိုနေကြတုန်းဖြစ်တယ်။ လူငယ်တွေဆို အဲဒီသခင်ကြီးတွေ ဘယ်သူဘယ်ဝါဆိုတာ မသိကြဘူး။ ဒါပေမယ့် သူတို့ဇာတ်လမ်းတွေတော့ သိနေကြတယ်။ အဆင့်ဆင့် လက်ဆင့်ကမ်းပြောခဲ့ဆိုခဲ့ကြတာကိုး။

ဂဃနဏ မသိကြ

ဒီနေ့ နိုင်ငံရေးဇာတ်ခုံပေါ် တက်ရောက်ကပြနေသူတွေ အများစုက နိုင်ငံရေးနယ်ပယ်က လူတွေမဟုတ်ဘူး။ အထူးသဖြင့် အာဏာရပါတီနဲ့ အစိုးရအဖွဲ့ဝင်တွေ အများစုက၊ အရင်အစိုးရမှာလည်း အလားတူ တာဝန်ကြီးတွေယူခဲ့ကြတဲ့ စစ်တပ်အရာရှိကြီးတွေနဲ့ အစိုးရဝန်ထမ်းအရာရှိကြီးတွေ ဖြစ်ကြတယ်။ အဲဒီတော့ နိုင်ငံရေးမှာ သိက္ခာက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို ဂဃနဏ မသိနိုင်ကြဘူး။ စစ်အာဏာရှင်ပုံစံအုပ်ချုပ်တဲ့ အစိုးရခေတ်မှာဆိုတော့ ပြည်သူလူထုရဲ့ဆန္ဒက အလေးထားစရာမှ မဟုတ်တာ၊ အခုတော့ ဒီမိုကရေစီပုံစံကိုပြောင်းလဲဖို့ စတင် လုပ်ဆောင်နေပြီဆိုတော့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားက ဦးထိပ်ထားရမယ့်နေရာကို ရောက်ရှိသွားပြီ။ တစ်သွေး တစ်သံ တစ်မိန့်နဲ့ အုပ်ချုပ်လို့ မရတော့ဘူး။

ပြည်သူက အဆုံးအဖြတ်ပြု

ဒီမိုကရေစီစနစ်မှာ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဖြစ်တယ်။ အရာရာကို ပြည်သူကသာ အဆုံးအဖြတ်ပြုရတယ်။ အစိုးရက ဘယ်လောက်ကောင်းတယ်လို့ ထင်ထင်၊ ပြည်သူက ကောင်းတယ်လို့မမြင်ရင် လုပ်လို့မရဘူး။ ပြည်သူက ကောင်းတယ်လို့မြင်လာအောင် စည်းရုံးလှုံ့ဆော်ရမှာက အစိုးရရဲ့တာဝန်ဖြစ်တယ်။ လွှတ်တော်ဆိုတာ အဲဒီလုပ်ဖို့နေရာ ဖြစ်တယ်။ အစိုးရက လုပ်စရာကိစ္စမှန်သမျှ လွှတ်တော်ကို တင်ပြပြီး ခွင့်ပြုချက် တောင်းခံရတယ်။ လွှတ်တော်ကိုယ်စားလှယ်များက မဲဆန္ဒရှင် ပြည်သူလူထုကိုယ်စား၊ စောကြောဝေဖန်လုပ်ပြီး ခွင့်ပြုချက်ပေးသင့်တာ ပေး၊ ငြင်းသင့်တာ ငြင်း၊ ဖြတ်သင့်တာ ဖြတ် လုပ်ရတယ်။ လွှတ်တော်ကိုယ်စားလှယ်များ ဆုံးဖြတ်ရုံနဲ့ မလုံလောက်အောင်၊ အင်မတန် အရေးကြီးတဲ့ကိစ္စအဖြစ် လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့ကိစ္စမျိုးဆိုရင် ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ပြီး တစ်နိုင်ငံလုံးက မဲဆန္ဒရှင် ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို တောင်းခံရပါတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံတိုင်းကျင့်သုံးတဲ့ အစဉ်အလာ ဖြစ်တယ်။

တစ်မိပေါက် တစ်ယောက်ထွန်း

ပြည်သူ့ဆန္ဒက ‘အခရာ’ ဖြစ်တဲ့ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထူရဲ့ ‘ယုံကြည်မှု’ ကိုရဖို့ နိုင်ငံရေးသမားတိုင်း၊ နိုင်ငံရေးပါတီတိုင်း ကြိုးစားအားထုတ်ကြရတယ်။ ဘယ်လိုယုံကြည်မှုမျိုးလဲ ၊ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်တဲ့ ယုံကြည်မှုမျိုးလားလို့ထင်ပြီး ‘တွန့်’ မသွားပါနဲ့။ လူထုဆိုတာ စိတ်ကူးယဉ်အိပ်မက် မက်တတ်သူတွေ မဟုတ်ဘူး။ အင်မတန် လက်တွေ့ကျတယ်။ ဗိုလ်ချုပ်လိုလူမျိုးက ‘တစ်မိပေါက် တစ်ယောက်ထွန်း’ ဆိုသလို နှစ်တစ်ရာရှိမှ တစ်ယောက်လောက် ပေါ်လာတတ်သူမျိုးဖြစ်တယ်ဆိုတာ ကောင်းကောင်းသိကြတယ်။ ဒါကြောင့် ဗိုလ်ချုပ်လို ဝတ်စုံ ၃ စုံပဲရှိရမယ်လို့ မတောင်းဆိုပါဘူး။

ဘိုးဘိုးအောင်ဖြစ်ဖို့ မမျှော်လင့်

လူထုက အင်မတန် လက်တွေ့ကျပါတယ်။ စီးပွားရေးသမားတွေကို ဇောတိက သူဌေးကြီးလို အလှူရေစက် လက်နဲ့မကွာဖြစ်ဖို့ မတောင်းဆိုပါဘူး။ စီးပွားရေးသမားရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားတဲ့ စီးပွားရေးသမားဖြစ်ဖို့ပဲ လိုချင်ပါတယ်။ ဆရာဝန်တိုင်းကို ဇီဝကဖြစ်ဖို့ မတောင်းဆိုပါဘူး။ ဆရာဝန်ရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ဆရာဝန်ပဲ ဖြစ်စေချင်တာပါ။ အစိုးရကိုလည်း ဘိုးဘိုးအောင်လို ကယ်တင်ရှင်ဖြစ်ဖို့ မျှော်လင့်မထားပါဘူး။ အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံဖို့ပဲ လိုချင်ပါတယ်။ နိုင်ငံရေးသမားကိုလည်း ဗိုလ်ချုပ်လို တစ်မတ်တန်းက ရုပ်ရှင်တိုးကြည့်ဖို့ မတောင်းဆိုပါဘူး။ နိုင်ငံရေးသမားကောင်းတို့ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံလုပ်ကိုင်ဖို့ပဲ လိုချင်ပါတယ်။ နေရာထက် သိက္ခာကို တန်ဖိုးထားတဲ့ နိုင်ငံရေးသမားတွေ များများပေါ်ထွက်လာစေချင်ပါတယ်။ 

လူထုစိန်ဝင်း
17. 3. 2012


 

No comments: