အတာ မမည်တဲ့။
အသစ်ပြောင်းတယ်ဆိုတာ
စနစ်ဟောင်းကို ခြွေချ
လောကအဝှမ်း
အဝါရောင်လွှမ်းလို့မို့
မေတ္တာရေစင်ဖြန်းမှ
ပန်းပေါင်းအသင်္ချာ ပွင့်နိုင်မယ်။
နေဝါဖြာလို့ လျှမ်းတဲ့မှာ
ဒေါင်းဝါ ဝဠာသို့ သန်းတယ်
ပိတောက်ဝါ သာတဲ့လမ်းက
ငြိမ်းချမ်းတဲ့ အနောဝတတ်ရေကို။
နှစ်ပေါင်းများစွာပေါ့
မေတ္တာကင်းခဲ့တယ်
ချစ်တင်းမနှောနိုင်ပါ
အပြစ်ကင်းသော ရှင်သန်ခြင်းမရှိ
ပကတိအရာရာ
ကြမ္မာထံ လက်မြှောက်
အကြောက်တရားနဲ့ ဖြစ်တည်
လူရယ်လို့ မပီပြင်ခဲ့ဖူးပါ။
နှစ်ပေါင်းများစွာပေါ့
ထားရာနေ စားစရာမရှိ
လားရာမသိ ဘဝတာ
ကြီးစွာသော ငတ်မွတ်ခြင်းနဲ့
အလင်းကို တောင့်တခဲ့ကြ
အလင်းကို ကြောင့်ကြခဲ့ကြ။
အပြောင်းအလဲ
မြောင်းထဲက ပိုးလောက်တွေက
ပေါက်မြောက်တဲ့ဉာဏ်နဲ့
ခလောက်ဆန် ရန်ပြုလည်း
မနက်ဖြန်ကို အန်တုလို့ မတားနိုင်။
ပိတောက် မပါ
အတာ မမည်ပါလ
ရာသီပြောင်းခြင်းမှာ
အဟောင်းအမြင်း
ကျဉ်းမြောင်းနိမ့်ကျတဲ့
စိတ္တဇ ဝန်တိုမှုရောဂါ
ဦးစွာဆေးကြောမှ တော်မယ်။
သမိုင်းမျက်နှာကို
အခါခါ အိုးမည်းသုတ်လိုက်
အခါခါ ထုံးသုတ်လိုက်
စရိုက်ဟောင်းက ရွာပျက်ကြီးမှာ
စာမျက်နှာသစ်သတဲ့
ညစ်ထေးခဲ့ပေါင်း များပြီ။
ဟော
သမိုင်းလှုပ်သံ ကြားတယ်
ပထဝီလှုပ်သံ ကြားတယ်
ခရုသင်းမှုတ်သံ ကြားတော့မယ်
သိကြားလက်နက် မှုန်းတော့မယ်
အသူရာတို့ ကျရှုံးတော့မယ်
လောကအလုံး အေးစေကြောင်း
သောကအားလုံး ဝေးစေကြောင်း။
ဒေါင်းဖန်ဝါ
အာဏာလျှမ်းတော့မယ်
မြေလွှာ သာလို့ လွှမ်းတဲ့အောင်
ပွင့်စမ်းပါ့ဝါဝါ
ဟောဒီ အတာမှာပေါ့။ ။
စောငို
မတ်လ ၁၂၊ ၂၀၁၂
No comments:
Post a Comment