Wednesday, March 21, 2012

အကောက်ရွေးမိသူ၏ ဒုက္ခ (စိုးဘားဒိုင်)

ကျောင်းပိတ်ရက်ကလည်းဖြစ်၊ အစ်ကို နှစ်ယောက်ကလည်း တစ်ဖက်ရွာကအလှူကို သွားရောက်ကူညီနေရသည့် အချိန်လည်းဖြစ်တော့ တောထဲလိုက်ပြီး ထင်းခွေရန် ကျွန်တော် မလိုက်မဖြစ် လိုက်သွားရသည်။

အစ်ကိုတွေ မရှိချိန် အစ်မက တောထဲ ထင်းသွားခွေရမည်ဆိုတော့ အဖော်ပါမှဖြစ်မည်မို့ ကျွန်တော့်ကို ခေါ်သွားသည်။ ကျောင်းပိတ်ရက်ဆိုလျှင် တစ်နေကုန် ဆော့ရတော့မည်ဖြစ်သော ကျွန်တော် စိတ်ပျက်သွားရသည်။

ကျွန်တော်တို့ အိမ်ကနေ ရွာပြင်ရောက်ရန် လျှောက်ရသည်က တစ်မိုင်ကျော်ကျော် လောက်ရှိသည်။ ရွာအပြင်ကနေ တောစပ်ကို နောက်ထပ်တစ်မိုင်လောက် ထပ်လျှောက်ရသည်။ တောစပ်ကနေ တောင်ပေါ်ကို ဆက်တက်ရသည်။ တောထဲတိုးပြီး ထင်းခုတ်ရသည်။ ထင်းခုတ်သူတွေကများတော့ တောင်ပေါ်ကို တော်တော်တက်ယူရသည်။ တောင်အောက်ဘက် နီးသည့်နေရာတွေမှာ ထင်းဆိုက်၍ကောင်းသည့် အပင်တွေ နည်းလာနေပြီ။

တစ်ရွာလုံးက ခုတ်စားကြတော့ တောက ကျိုးတိုးကျဲတဲ ဖြစ်နေပြီ။ ကျန်နေရစ်သည့် အပင်တွေကလည်း ကောက်ကောက်ကွေးကွေးတွေပဲ များသည်။ ဖြောင့်သည့်အပင်တွေက ရှေ့လူတွေ ခုတ်သွားကြပြီ။ အပင် ဖြောင့်ဖြောင့်လိုချင်လျှင် တောထဲ ဆက်တိုးရမည်။ တောင်ပေါ်ကို ဆက်တက်ရမည်။ ဆက်သွားရမည့်ခရီးအတွက် အချိန်ပေးရမည်။ ဝိရိယ ထပ်စိုက်ရမည်။ သည်ပုံစံဖြင့် ကျွန်တော်တို့လည်း ခရီးဆက် တိုးကြရဦးမည်။ ကျွန်တော်က ဆက်မသွားချင်တော့ပေ။ အစ်မကို တွေ့တာခုတ်သွားဖို့ ကျွန်တော်က ပြောသည်။

“ဒီအပင်တွေက အကောက်တွေ မောင်လေးရဲ့။ ဖြောင့်တဲ့အပင်တွေ ရွေးခုတ်ရတယ်။ ဒါမှ သယ်ရတာလည်း လွယ်တယ်၊ ထင်းစည်းရတာလည်း ကျစ်ကျစ်လစ်လစ် ဖြစ်တယ်”

“ဖြောင့်တဲ့အပင်တွေဆီ ဘယ်လောက်သွားရဦးမှာလဲမှ မသိတာ အစ်မကလည်း၊ ကျွန်တော့်ခြေထောက်တွေတောင် ညောင်းနေပြီ။ ဒါတွေပဲ ခုတ်သွားရအောင်”

“မောင်လေးကလည်းကွယ် စိတ်ရှည်မှပေါ့။ လွယ်လမ်းမလိုက်နဲ့လေ”

“လွယ်တော့ သက်သာတာပေါ့ဗျာ”

“ကဲပါ နည်းနည်းလောက် ထပ်တက်ကြဦးစို့နော်”

အစ်မက ချော့ချော့မော့မော့နှင့် ကျွန်တော့်ကို ခေါ်သွားသည်။ နည်းနည်းဖြောင့်သည့် အပင်ကလေးတွေကိုတွေ့တော့ ကျွန်တော် ခုတ်ချင်လာပြီ။

“ဒါတွေက သိပ်ငယ်သေးတယ် မောင်လေးရဲ့။ နောက်နှစ်လောက်မှ ခုတ်ရမှာ” 

“ဟာ... အစ်မကလည်း နောက်နှစ်ဆိုရင် သူများ တွေ့သွားမှာပေါ့။ သူများ ခုတ်သွားမှာပေါ့။ ကိုယ်ပိုင်ထားတာမှ မဟုတ်တာ”

“တစ်ရွာလုံးက ပိုင်တာလေ။ သူ ဦးတော့ သူ ခုတ်ပေါ့။ ကိုယ် ဦးတော့ ကိုယ် ခုတ်ပေါ့ မောင်လေးရဲ့” 

“ဒါဆို ကျွန်တော်တို့ ဦးနေတာလေ။ ခြေထောက်တွေ ညောင်းလှပြီဗျ။ ဒါပဲခုတ်ပြီး ပြန်ရအောင်ဗျာ”

အစ်မက ကျွန်တော်ကို ချော့ခေါ်သည်။ ကျွန်တော်ကပေပြီး ရပ်နေလိုက်သည်။ နောက်တော့ အစ်မက ကျွန်တော့်ကို လျော့ပေးသည်။

“မောင်လေး မောရင်လည်း ဒီတစ်ဝိုက်ပဲ ခုတ်ကြတာပေါ့။ အပင်သေးတွေတော့ မခုတ်ရဘူးနော်။ ဒါက စည်းကမ်း။ ကြီးတဲ့အပင်တွေ ခုတ်ရမယ်”

“ကြီးတဲ့အပင်တွေက အကောက်တွေချည်းပဲ။ သူများ မခုတ်လို့ ချန်ထားတာတွေ”

“ဒါကြောင့်ပြောတာပေါ့။ နည်းနည်း ထပ်သွားရအောင်လို့။ ဒီမှာ ခုတ်ရင်တော့ ကောက်တာတွေပဲရမှာပဲ”
“ကောက်လည်း ဘာဖြစ်လဲဗျာ။ မဟုတ်လည်း မီးရှို့မှာပဲဟာ”

အစ်မက ကျွန်တော့်ကို ဘာမှ မပြောတော့ပေ။ ကျွန်တော်တို့သည် ကောက်ကွေးနေသော အပင်တွေကို ခုတ်ကြသည်။ အခက်အလက်တွေကိုလည်း ရှင်းလင်းသည်။ တစ်ပင်ပြီးတစ်ပင်ခုတ်ကာ အကိုင်းအခက် ထွင်၍ ချချပေးလိုက်သည်။ ကျွန်တော်တို့ တစ်ပိုင်တစ်နိုင်ရတော့ ခုတ်တာကို နားလိုက်ကြသည်။ ခဏနားကြပြီးနောက် ထင်းတွေကို စည်းကြသည်။ ထင်းတွေကို စုပြီးစည်းကြတော့ ကျွန်တော် ဒုက္ခရောက်တော့သည်။ 

ထင်းချောင်းတွေက ကွေးကောက်နေတော့ စုစည်းမရဘဲ ထိုးထိုးထောင်ထောင်တွေ ဖြစ်နေသည်။ ကန့်လန့်ခံနေတာတွေ အလိုက်သင့်ဖြစ်အောင် လုပ်ရ၊ ညှိရသည်။ ဟိုတိုက်ဒီတိုက်၊ ဟိုငြိဒီငြိ ဖြစ်နေတာတွေကိုလည်း အလိုက်သင့်ဖြစ်သွားအောင် ပြုပြင်နေရသည်။ ထင်းလေးတစ်စီး စည်းရတာကို အတော်ကြာအောင် နေရာချ နေရသည်။ အကောက်အချင်းချင်း၊ အကွေးအချင်းချင်း အကောက်နှင့် အကွေးတွေကို တတ်နိုင်သမျှ ညီသွားအောင် လုပ်နေရသည်။

“တွေ့လား အကောက်တွေကို စည်းရတာ ဘယ်လောက် လက်ဝင်သလဲ။ ဒါကြောင့် ထင်းခုတ်တဲ့လူတွေက အကောက်တွေကို မရွေးဘဲထားခဲ့ကြတာပေါ့”

ကျွန်တော်က ကိုယ့်အပြစ်ကိုယ်ဆိုတော့ ငြိမ်နေရသည်။ ကောက်နေ၊ ကွေးနေသော ထင်းတွေကို စည်းလို့ရအောင် ညှိပြီးစည်းလိုက်တော့လည်း ထင်းစည်းကတော့ ဖြစ်သွားသည်။ ကျွန်တော်တို့ မောင်နှမနှစ်ယောက် တောင်ပေါ်ကနေ ထင်းစည်းကိုယ်စီ ထမ်း၊ ရွက်ပြီး ပြန်ဆင်းလာခဲ့ကြသည်။ အိမ်ရောက်တော့ ကိုယ်ခုတ်လာတဲ့ ထင်းတွေကို ဖြတ်ရသည်။ ကောက်ကွေးနေသည့် နေရာတွေကို ခုတ်ဖြတ်လိုက်တော့ ထင်းချောင်းတွေက ဖြောင့်သွားသည်။

“ကောက်တဲ့နေရာကနေ ဖြတ်လိုက်တော့ ဖြောင့်သွားပြီဗျ။ နောက်ဆိုရင် ကောက်လည်း ခုတ်လို့ရပြီ။ ဒီလိုဖြတ်လိုက်တော့ ဖြောင့်သွားပြီလေ”

ကျွန်တော် အစ်မကို ဂုဏ်ယူစွာ ပြောလိုက်သည်။ အစ်မကတော့ ပြုံးနေပြီး တစ်လက်စတည်း ထင်းအလုံးတွေကို လေးစိတ် စိတ်ဖို့ ပြောသည်။ ထင်းလုံးကို နှစ်ခြမ်းခွဲကတည်းက ကျွန်တော် ဒုက္ခရောက်တော့သည်။ အကြောတွေက လုံးထွေးနေလေတော့ ထင်းခြမ်းကလည်း လိမ်ကောက်ပြီး သွားနေသည်။ ဖြောင့်သည့် ထင်းလုံးတွေလို ခွမ်းခနဲ အလွယ်တကူ ကွဲမသွားပေ။ ထင်းလုံး တစ်လုံး နှစ်ခြမ်းကွဲဖို့ ကျွန်တော့်မှာ အချက်ပေါင်းများစွာ ဆောင့်၍ ဆောင့်၍ ခွဲနေရသည်။ လက်တွေလည်း ပွန်းပဲ့ ရေအိမ် တည်ကုန်တော့သည်။

“မောင်လေး လက်တွေ့ တွေ့ပြီ မဟုတ်လား။ အကောက်ခုတ်ရတာ၊ ထွင်ရတာပိုပင် ပန်းတယ်။ စည်းတော့လည်း အလိုက်သင့်ဖြစ်ပြီး ထင်းစည်းညီသွားအောင် မနည်းလုပ်ရတယ်။ ကောက်တဲ့နေရာဖြတ်လိုက်တော့ အကောက်ပြေသွားတာပေါ့။ ဒါပေမယ့် အထဲက အသားနဲ့ အကြောတွေက ကောက်နေတော့ ဓားမတိုးနိုင်ဘူး။ ထင်းခွဲရတာ ပိုပင်ပန်းတာပေါ့”

ကျွန်တော် လက်တွေ့ကြုံနေရလေတော့ အစ်မကို စောဒကမတတ်တော့ဘဲ နေလိုက်ရသည်။ လွယ်လွယ်တွေ့သည့် အပင်ကောက်ကို ကျွန်တော် ခုတ်ခဲ့သည်။ ထိုအပင်ကောက်ကို ခုတ်လာမိသဖြင့် ထင်းဘဝ ရောက်သည်အထိ ဒုက္ခရောက် အပင်ပန်းခံ၍ လုပ်ရသည်။ မီးရှို့ပစ်တာပဲဟု တွေးလိုက်လျှင် ထင်းပင်တွေကို ကျွန်တော် ကွေးနေစရာ မလိုဟု တွက်ခဲ့သည်။ သို့သော် ကျွန်တော် ပိုပင်ပန်းရသည်။ အချိန်ပိုကုန်ရသည်။ စိတ်လည်း ညစ်ရသည်။ 

“အစ်မ ပြောတာ မှန်တယ်။ ကောက်တဲ့ အပင်ခုတ်တာ တောထဲ သိပ်မဝင်ရပေမယ့် တောထဲဝင်ရတာထက် ပိုပင်ပန်းတယ်။ အလွယ်တွေ့တာ လွယ်တယ်ထင်ပေမယ့် ဒီလွယ်တာကြီးက ခက်နေတာဗျ”

“လွယ်မယောင်နဲ့ ခက်ဆိုတာရှိတယ်လေ မောင်လေးရဲ့”

ကျွန်တော်လည်း အစ်မပြောတာကို ခေါင်းညိတ်လိုက်သည်။ ကျွန်တော်နှင့်စာလျှင် အစ်မက ပို၍ အတွေ့အကြုံ ရှိသည်။ ထင်းခုတ်သွားသည့် ခေါက်ရေကလည်း ကျွန်တော့်ထက် များစွာ ပိုသည်။ အစ်မက ကျွန်တော် ဂျီကျတာကို လက်ခံပြီး လက်တွေ့ပြလိုက်ခြင်း ဖြစ်သည်။

ကောက်ကွေးနေသည့် အပင်ကို မီးရှို့ရရင်ပြီးရောပေါ့ဟု လွယ်လွယ်တွေးခဲ့မိသော ငယ်ငယ်ကအကြောင်းလေးကို ပြန်စဉ်းစားနေမိသည်မှာ ကောက်သောအပင်ကို ရွေးမိမှာစိုး၍ ဖြစ်ပါသည်။ အကောက်ပင်ကို အလွယ်ခုတ်မိ၍ ဒုက္ခရောက်ခဲ့ရပြီးသည့်နောက် အပင်ကောက်ကို မရွေးမိဖို့ ကျွန်တော် တောထဲရောက်တိုင်း ဆင်ခြင်ရှောင်ကွင်း မိသွားသည်။ 

အကောက်ရွေးမိလျှင် ဒုက္ခရောက်မည်ကို သင်ခန်းစာရထားသော ကျွန်တော်သည် ရွေးပြီး ကောက်တတ်အောင်လည်း ခေါင်းထဲ ထည့်ရပေဦးမည်။ တွေ့ကရာ ကောက်ထည့်လာလျှင်တော့ ကောက်သာ ကောက်ခဲ့ အမှိုက်အမှောင့်တွေချည်း ဖြစ်နေမှာကို စိုးမိသည်။ သို့ဖြစ်၍ အကောက် မရွေးမိစေနှင့်၊ ရွေးကောက်ကြရအောင်ဟု သတိစကားပါးလိုက်ရပါသည်။


 Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။



 

No comments: