Wednesday, March 21, 2012

သမဂ္ဂတွေ ဖွဲ့စည်းခွင့် (မောင်ဝံသ)

ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုများနဲ့ ကန့်လန့်ကာဖွင့်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ခေတ်သစ်သမိုင်းဟာ တစ်လျှောက်လုံး ကျောင်းသားတွေနဲ့ ဆက်စပ်နေတဲ့သမိုင်းဖြစ်တယ်ဗျ။ သူ့ကျွန်မခံလိုတဲ့ မြန်မာ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တော်လှန်ပုန်ကန်မှုတွေ၊ ဘုရားကျောင်းကန် ပရဝုဏ်များအတွင်းဘယ်သူမှ ဖိနပ် မစီးရေး၊ အင်္ဂလန်နိုင်ငံက ထုတ်လုပ်တင်သွင်းလာတဲ့ ကုန်ပစ္စည်းများ မသုံးစွဲရေး၊ ဗြိတိသျှ ဘုရင်ခံအစိုးရနဲ့ မဆက်ဆံရေး (ဘူးအသင်း) လှုံ့ဆော်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းလှုပ်ရှားမှုတွေရှိခဲ့ပေမယ့် ၁၉၂၀ ပြည့်နှစ်မှာပေါ်ထွက်ခဲ့တဲ့ နိုင်ငံရဲ့အညွန့်အဖူး တက္ကသိုလ်ကျောင်းသားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကို အထင်အရှားမြင် တွေ့ခဲ့ကြရတဲ့ ပထမကျောင်းသားသပိတ်ကသာ ခေတ်သစ်မြန်မာ့သမိုင်းအပေါ် သက်ရောက်မှုအကြီးဆုံး အဖြစ်အပျက်၊ တနည်းပြောရရင် အနာဂတ်မြန်မာနိုင်ငံ လျှောက်လှမ်းရမယ့် ခရီးလမ်းကြောင်းကို ညွှန်ပြလိုက်တဲ့ အချိုးအကွေ့ အလှည့်အပြောင်းဖြစ်ခဲ့တယ်ဆိုတာ အားလုံးအသိ ဖြစ်တယ်ဗျ။ 
 
ဒါကြောင့်လည်း “အမျိုးသားအောင်ပွဲနေ့” သတ်မှတ်ဖို့ စဉ်းစားရွေးချယ်ကြတဲ့အခါ အခြားနေ့ရက်တွေကို ကျော်လွှားပြီး သပိတ်မှောက်ထွက်ခွာလာကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို တညီတညွတ်တည်း ရွေးချယ် သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်ဗျ။

မတရားတာ ငုံ့မခံတဲ့ စိတ်ဓာတ် 

အဲဒီကစလို့ ကျောင်းသားတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ တစသားတည်း တစ်ဆက်တစ်စပ်တည်း ရှိလာခဲ့ကြတာ ယနေ့ထိတိုင် ဖြစ်တယ်ဗျာ။ ရှုပ်ထွေးသိမ်မွေ့နက်ရှိုင်းပြီး အသိရခက်တဲ့ နိုင်ငံရေးဝန်းကျင် အနေအထားအပေါ်မူတည်ပြီး အချို့သော သမိုင်းကာလ အခိုက်အတန့်တွေမှာ ကျောင်းသားတွေရဲ့ ရပ်တည်လှုပ်ရှားမှုတွေဟာ လွန်ကျွံတာ၊ အစွန်းရောက်တာတွေ ရှိခဲ့ကောင်းရှိခဲ့မှာဖြစ်ပေမယ့် မြန်မာကျောင်းသားထုတစ်ရပ်လုံးရဲ့ မတရားတာကို ငုံ့မခံနိုင်တဲ့ စိတ်ဓာတ်၊ မိဘပြည်သူတွေရဲ့ခံစားချက်ကို မေ့လျော့လျစ်လျူရှုခြင်း မပြုနိုင်တဲ့ စိတ်ဓာတ်၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဓာတ်တွေကတော့ သမိုင်းတစ်လျှောက် ဘယ်တော့မှ ဖုံးဖိဖျောက်ဖျက်ထားလို့မရအောင် ထင်ထင်ရှားရှား ငွားငွားစွင့်စွင့် တည်ရှိနေခဲ့တာ ဖြစ်တယ်ဗျ။

ဒါကြောင့်လည်း “လူတစ်ယောက်ရဲ့ တန်ဖိုးကိုသူ့ပခုံးပေါ် ကျရောက်လာတဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်သလား၊ မထမ်းဆောင်ဘူးလား ဆိုတဲ့ အချက်နဲ့ပဲတိုင်းတာရမယ်” ဆိုတဲ့ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ စကားအတိုင်း သမိုင်းခေတ်တိုင်းရဲ့ခေါ်သံကို ပထမဆုံးထူးသူတွေဟာ ကျောင်းသားတွေ ဖြစ်တယ်ဆိုတာကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်သူတိုင်း မြင်တွေ့ဝန်ခံကြရတာ ဖြစ်ပါတယ်ဗျ။

ခေတ်တိုင်းမှာရှေ့တန်းက 

ကိုလိုနီလက်အောက် မြန်မာ့သမိုင်းမှာအရေးပါတဲ့ စာမျက်နှာတွေကိုသပိတ်လုံးလုံးနဲ့ ရေးသားမှတ်တမ်းတင်ခဲ့ကြတဲ့ မြန်မာကျောင်းသားတွေဟာ ကျွန်ခေတ်ကိုတစ်ဆစ်ချိုးပစ်ခဲ့တဲ့ ရဲဘော်သုံးကျိပ် ဖွဲ့စည်းရာမှာလည်း ရှေ့ဆုံးတန်းက ပါဝင်ခဲ့ကြတယ်ဗျာ။ 

လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုဟာ အစောပိုင်းမှာ ဖဆပလအဖွဲ့ကြီး၊ နောက်ပိုင်းမှာ နိုင်ငံရေးပါတီများ လက်ထဲသို့ရောက်ရှိသွာပြီး ကျောင်းသားတွေရဲ့ အခန်းကဏ္ဍ (နှိုင်းယှဉ်ချက်အရ) သဘာဝကျစွာပဲ မှေးမှိန်ဖျော့တော့သွားခဲ့ရပေမယ့် မြန်မာ့နိုင်ငံရေးခေတ် တစ်ခေတ်ပြောင်းခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ အရေးအခင်း အဆက်ဆက်မှာ မြန်မာကျောင်းသားတွေဟာ ရှေ့တန်းကို ပြန်ထွက်လာခဲ့ကြပြန်တယ်ဗျ။ 

အခုအချိန်မှာတော့ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ နှစ်ငါးဆယ်ကြာ လျှောက်လှမ်းခဲ့တဲ့လမ်းပေါ်ကနေ ဂငယ်ကွေ့ပြန်ကွေ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို တစ်ကျော့ပြန် ကျင့်သုံးနေပြီဖြစ်တယ်ဗျ။ 

ဒီအပြောင်းအလဲဟာ ဦးခေါင်း စတဲ့ အပြောင်းအလဲ (Head-Start change) ဖြစ်တဲ့အပြင် အဲဒီ ဦးဆောင်ပြောင်းလဲနေတဲ့သူ အားလုံးလိုလိုဟာ အစိုးရဟောင်းရဲ့ ထိပ်တန်းအဖွဲ့ဝင်တွေဖြစ်ကြတာမို့ အစပိုင်းမှာ သံသယတွေ ကြီးကြီးမားမားရှိခဲ့ကြပေမယ့် အခုနောက်ပိုင်း တစ်စတစ်စ တိုးတက်မြင်တွေ့လာနေကြရတဲ့ ပကတိ အရှိတရားတွေကြောင့် ပြည်သူများအတွင်း အဲဒီသံသယတွေ တဖြည်းဖြည်းချင်း လွင့်ပြယ်စပြုလာနေတာကို ကျွန်တော် ခံစားရတယ်ဗျ။

အလုပ်သမားသမဂ္ဂတွေ ပေါ်လာတော့မယ် 

မကြာသေးခင်ကတည်း အလုပ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေနည်းဥပဒေတွေ ထွက်ပေါ်လာခဲ့ပြီး အဲဒီဥပဒေ မတ်လ ၉ ရက်နေ့ကစပြီး အာဏာတည်ကြောင်းသမ္မတရဲ့ အမိန့်လည်း ထွက်ပေါ်လာတာကြောင့် မကြာခင်မှာ အလုပ်သမားသမဂ္ဂတွေ အလျှိုလျှို အပြိုင်းအရိုင်း ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်ဗျ။ 

အဲဒီလိုပဲ တစ်လျှောက်လုံး ဗဟိုဦးစီးစနစ်နဲ့ ဖွဲ့စည်းတည်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဟာလည်း မကြာခင် ရုပ်ရှင်လောကသားများကို အမှန်တကယ် ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်လာတော့မယ်ဆိုတဲ့ အသံတွေ ကြားနေရတယ်ဗျ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ စာပေနဲ့ စာနယ်ဇင်းလောကမှာလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိမယ့် သမဂ္ဂတွေ မကြာခင် ပေါ်ထွက်လာတော့မှာ ဖြစ်တယ်ဗျ။ 

ဒီအချိန်မှာ မြန်မာနိုင်ငံတစ်ဝန်းမှာ တက်ကြွထက်သန်တဲ့ ကျောင်းသားတွေက ဦးဆောင်ပြီး ဒေသဆိုင်ရာ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေကြပြီဆိုတဲ့သတင်းတွေ တစ်ခုပြီးတစ်ခု ကြားလာနေရတယ်ဗျ။

ဒီမိုကရေစီနဲ့ အရပ်ဘက်အဖွဲ့များ

တကယ်တော့ လွတ်လပ်အမှီအခိုကင်းတဲ့ သမဂ္ဂတွေဆိုတာ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေထဲမှာ ပါဝင်တယ်ဗျ။ ဒီမိုကရေစီဆိုတာကလည်း လူထုဆန္ဒကိုအလေးထားတဲ့ နိုင်ငံရေးစနစ် ဖြစ်တာမို့ လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေ လွတ်လပ်တက်ကြွစွာ ရှင်သန်လှုပ်ရှားခွင့်မရှိတဲ့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီလို့ မခေါ်နိုင်သလို ဒီမိုကရေစီစနစ်မရှိဘဲ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေလည်း လွတ်လပ်တက်ကြွစွာ ရှင်သန်နိုင်ခြင်း မရှိဘူးဗျ။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းမယ်ဆိုရင် ဦးဆောင်သူတွေဟာ သမဂ္ဂ၊ ဖောင်ဒေးရှင်း စတဲ့ လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းတွေကို ရှင်သန်ခွင့်ပြုရုံသာမက တက်နိုင်သမျှ အားပေးကူညီရမှာဖြစ်တယ်ဗျ။ 

ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်းမှာတော့ ကျောင်းသားသမဂ္ဂဆိုတာ အုပ်ချုပ်သူလူတန်းစားအတွက် သရဲတစ္ဆေ သို့မဟုတ် မစင်ဘင်ပုတ် ဖြစ်ခဲ့တယ်ဗျာ။ ကျောင်းသားသမဂ္ဂဆိုတာ အားအားရှိ ဆူချင်ပူချင် ပြဿနာရှာချင်တဲ့ လူ့အမှိုက်သရိုက်ကလေးတွေ စုဝေးရာနေရာအဖြစ် ယခင်အုပ်စိုးသူတွေက မြင်ခဲ့ကြတယ်ဗျာ။

ဒါပေမယ့် ဒီကနေ့လို ခေတ်ပြောင်းသွားချိန်မှာတော့ အဲဒီအတွေးအခေါ်ကို အမှိုက်ပုံထဲ ပစ်ထည့်လိုက်ကြတော့မှာ ဖြစ်တယ်ဗျ။ ဒီအခြေအနေမှာ တာဝန်ရှိသူများအနေနဲ့ မသိလိုက်ဘာသာနေမလား၊ ကူညီပံ့ပိုးမလားဆိုတဲ့ လမ်းနှစ်လမ်းအနက် လမ်းတစ်လမ်းကို ရွေးချယ်ကြရဖွယ် ရှိတယ်ဗျာ။

မတ် ၁၉ ထုတ် The Messenger အတွဲ (၂) အမှတ် (၄၄) မှ …


 

No comments: