Wednesday, March 14, 2012

နိုင်ငံအကြီးအကဲ၏ မိန့်ခွန်း (မောင်ဝံသ)

ကျွန်တော်တို့နိုင်ငံမှာ ကြီးမားတဲ့ နိုင်ငံရေးအချိုးအကွေ့ အလှည့်အပြောင်းကြီးတစ်ခုဖြစ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့ ဒီကနေ့အထိ ပြည်သူတွေဟာ နိုင်ငံအကြီးအကဲ ၇ ဦးနဲ့ ကြုံတွေ့ခဲ့ကြရပြီး ဖြစ်တယ်ဗျာ။ နိုင်ငံအကြီးအကဲများဟာ သူတို့ရဲ့ ရပ်တည်ချက် သဘောထားအမြင် မျှော်မှန်းချက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို အခါအားလျော်စွာ ထုတ်ဖော်ရှင်းလင်း ပြောကြားခဲ့တာတွေရှိခဲ့တယ်ဆိုတာ အားလုံးအသိ ဖြစ်တယ်ဗျ။

အဲဒီလို ပြောကြားခဲ့တဲ့ မိန့်ခွန်းပေါင်းများစွာ၊ စကားပေါင်းများစွာအနက် ပြည်သူတွေရင်ထဲ အသည်းထဲ စွဲမြဲနေအောင် မှတ်မှတ်သားသားဖြစ်ခဲ့ကြတဲ့စကားတွေ ပါဝင်ခဲ့တာလည်း အမှန်ဖြစ်တယ်ဗျ။

မိုးပေါ်ထောင်မပစ်ဘူး

ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဖြုတ်ချဖယ်ရှား အာဏာသိမ်းပြီး တက်လာခဲ့တဲ့ ပထမဆုံး နိုင်ငံ့အကြီးအကဲဟာ သူ အုပ်ချုပ်သွားခဲ့တဲ့ကာလအတွင်း တိုင်းပြည်ကို ပြောကြားသွားတဲ့ မိန့်ခွန်းပေါင်းများစွာအနက် ပြည်သူတွေ မေ့မရနိုင်အောင် စွဲနေကြတဲ့ စကားတွေကတော့ စတက်တက်ချင်းနှစ် ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့ညမှာပြောခဲ့တဲ့ “ဓားဓားချင်း လှံလှံချင်း” ဆိုတဲ့စကားနဲ့ ၁၉၈၈ ဇူလိုင်လ ၂၃ ရက်နေ့မှာပြောခဲ့တဲ့ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး။ ပစ်ရင် တည့်တည့်ပစ်တယ်” ဆိုတဲ့ စကားပဲ ဖြစ်တယ်ဗျ။ ဒီစကားကြောင့် ပြည်သူတွေ ဘယ်လိုခံစားခဲ့ကြရတယ်။ အကျိုးဆက်အဖြစ် အဲဒီပုဂ္ဂိုလ်ကြီးအပေါ် ပြည်သူတွေက ဘယ်လို သဘောထားခဲ့ကြတယ်ဆိုတာတွေကိုတော့ ရှင်းပြစရာ လိုမယ်မထင်ဘူးဗျာ။

သူ့ရဲ့နောက်တက်ခဲ့တဲ့ အကြီးအကဲ သုံးယောက်ရှိပေမယ့် နောက်ဆုံး တစ်ယောက်ဖြစ်တဲ့ ဥပဒေပညာရှင်ကြီးကတော့ “အာဏာဟာ လူကို ဖျက်ဆီးတယ်၊ အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ဖျက်ဆီးတတ်တယ်” ဆိုတဲ့ အတွေးအခေါ်စကားမျိုး၊ “သုံးလအတွင်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးမယ်” ဆိုတဲ့ ကတိစကားမျိုး၊ “တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြရအောင်” ဆိုတဲ့ လျော်ကြေးစကားမျိုးကို ပြောသွားတဲ့အတွက် မှတ်မိနေကြတယ်ဗျာ။

စစ်တန်းလျားကို ပြန်မယ်

၁၉၈၈ ခုနှစ်မှာ နိုင်ငံတော် အာဏာကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရထံကနေ တပ်မတော်က လွှဲပြောင်းရယူခဲ့ပြီးနောက် နိုင်ငံတော် အကြီးအကဲဖြစ်လာခဲ့တဲ့ တပ်မတော်အကြီးအကဲ နိုင်ငံကို တာဝန်ယူ အုပ်ချုပ်နေစဉ်ကာလအတွင်း ပြောသွားခဲ့တဲ့ စကားတွေထဲမှာ ပြည်သူတွေ အမှတ်ရပြီး ကျန်ရစ်ခဲ့တာတွေကတော့ “I Saved Burma” “I Keep my Promise” “ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်” ဆိုတဲ့ စကားများ ဖြစ်တယ်ဗျ။ တပ်မတော်ရဲ့ ပင်မမူလတာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေးသာဖြစ်တာမို့ အဲဒီအချက်ကို ထင်ရှားစွာညွှန်းဆိုခဲ့တာဖြစ်တဲ့ အဲဒီစကားကြောင့် ပြည်သူတွေ ကျေနပ်အားရဖြစ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ အဲဒီစကား လက်တွေ့ အကောင်အထည်ဖော်မလာတဲ့အတွက် ရင်ထဲမှာ စိတ်မသက်မသာဖြစ်ခဲ့ရမှုနဲ့အတူ အဲဒီနိုင်ငံတော် အကြီးအကဲအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကလည်း ပျက်ယွင်းခဲ့ရတယ်ဗျာ။

တိုက်ရိုက်မိန့်ခွန်း မပြောသူ

၁၉၉၂ ကနေ ၂၀၁၁ နှစ်ဦးပိုင်းအထိ တာဝန်ယူသွားခဲ့တဲ့ နိုင်ငံတော် အကြီးအကဲကတော့ နည်းနည်း ထူးခြားတယ်ဗျ။ နိုင်ငံတော်အကြီးအကဲဆိုပေမယ့် သူ အုပ်ချုပ်သွားခဲ့တဲ့ အနှစ်နှစ်ဆယ်နီးပါး ကာလအတွင်း (ကျွန်တော်ကပဲ အမှတ်အသား အားနည်းလို့လား မသိဘူး) တိုင်းပြည်ကို တိုက်ရိုက်မိန့်ခွန်းပြောတာမျိုး တစ်ခါမှ မရှိခဲ့ဘူးထင်တယ်ဗျ။ အဲဒီတော့ အဲဒီ နိုင်ငံတော်အကြီးအကဲရဲ့ ဘယ်စကားမှ ကျွန်တော်တို့ ပြည်သူတွေရင်ထဲ အမှတ်ထင်ထင်ကျန်ခဲ့တာမျိုး မရှိဘူးဗျာ။ (အစိုးရအဖွဲ့ အစည်းအဝေးတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ညီလာခံတွေမှာပြောတဲ့ မိန့်ခွန်းတွေတော့ ရှိတာပေါ့ဗျာ။) တိုင်းပြည်ကို တိုက်ရိုက်စကားမပြောပေမယ့် လုပ်ရပ်တွေကတော့ရှိခဲ့တာမို့ လုပ်ရပ်တွေအပေါ်မှာပဲ ပြည်သူတွေက အဆိုပါ နိုင်ငံအကြီးအကဲအပေါ် အကဲဖြတ်ခဲ့ကြရတယ်ဗျ။

ပြည်သူတွေ စိတ်ဝင်စားသူ

လက်ရှိသမ္မတကြီး ဦးသိန်းစိန်ကတော့ တာဝန်ယူခဲ့တဲ့ တစ်နှစ်တာကာလအတွင်း သူ့ရဲ့ ရပ်တည်ချက် သဘောထားတွေကို လွှတ်တော်မှတစ်ဆင့် တိုင်းပြည်သို့ တိုက်ရိုက်ပြောကြားတဲ့ မိန့်ခွန်းများမှ လည်းကောင်း၊ လွှတ်တော်သို့ပေးပို့တဲ့ သဝဏ်လွှာများမှ တစ်ဆင့်လည်းကောင်း၊ သတင်းဌာနများနဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းများမှ တစ်ဆင့်လည်းကောင်း ပြည်သူတွေ သိရှိခဲ့ရတယ်ဗျာ။ သတင်းစာဆရာတစ်ယောက်အနေနဲ့ ပြည်သူတွေကြားက ထွက်ပေါ်လာတဲ့အသံအချို့ကို ပြန်ပြောရရင် လက်ရှိ နိုင်ငံတော်အကြီးအကဲပြောတဲ့ မိန့်ခွန်းတွေအပေါ် ပြည်သူတွေဟာ စိတ်ဝင်စားမှု ရှိတယ်။ ဂရုတစိုက် နားထောင် ဖတ်ရှုကြတယ်။ ပြီးတော့ ဘယ်တုန်းကနဲ့မှမတူအောင် နှစ်ထောင်းအားရဖြစ်ခဲ့ကြတယ်လို့ သိရတယ်ဗျာ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုကိုကြီးက “အရင် နှစ် ၂၀ ကျော်အတွင်းမှာ မကြားခဲ့ရဖူးတဲ့ အသုံးအနှုန်းတွေ၊ ဖွင့်ဟဝန်ခံချက်တွေကို တွေ့ရတဲ့အတွက်ကြောင့် ဒါဟာ ပြုပြင်ပြောင်းလဲမှု လက္ခဏာအဖြစ်နဲ့ ကြိုဆိုပါ တယ်” လို့ ပြောကြားတဲ့အကြောင်း လျှပ်တစ်ပြက်ဂျာနယ်၊ ၃ မတ် ၂၀၁၂ ထုတ်မှာ ဖတ်လိုက်ရတယ်ဗျ။

ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းလိုက်သလို

အဲသလို ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ဆန်းစစ်အဖြေရှာကြည့်လိုက်တော့ စနစ်နဲ့ခေတ် ပြောင်းလဲဖို့ တာစူနေတာကြောင့်ဆိုတဲ့အချက်က အဓိကဖြစ်ပေမယ့် ဗိုလ်ချုပ်ကြီးသိန်းစိန်ဘဝကနေ ဦးသိန်းစိန်ဘဝကို တစ်မုဟုတ်ချင်းပြောင်းလဲလာခဲ့တဲ့ နိုင်ငံတော်သမ္မတဟာ ကာလ၊ ဒေသ၊ အခြေအနေများနဲ့အညီ မိမိရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်များကိုပါ အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲပစ်ခဲ့တယ်လို့ ယူဆနိုင်ဖွယ်ရှိခဲ့တာကြောင့် ဆိုတဲ့အချက်ကလည်း အရေးပါလိမ့်မယ်လို့ ကျွန်တော် ယူဆတယ်ဗျ။

အားလုံးသိကြတဲ့အတိုင်း ရာထူးလက်ခံမိန့်ခွန်း၊ လွှတ်တော်သို့ ပြောကြားတဲ့ မိန့်ခွန်းများနဲ့ မကြာသေးခင်က ပြောကြားခဲ့တဲ့ အစိုးရသစ် တစ်နှစ်ပတ်လည် မိန့်ခွန်းတို့ဟာ အချိန်အခါနဲ့ သင့်တင့်လျောက်ပတ်တဲ့ sensible မိန့်ခွန်းတွေဖြစ်တယ် ဆိုတာကို တွေ့ကြရမှာဖြစ်တယ်ဗျ။ ပြောရရင် နှစ်ပေါင်းငါးဆယ်ကာလအတွင်း ကျွန်တော်တို့ ပြည်သူတွေဟာ စစ်တပ် ကျောထောက်နောက်ခံပြုမူ ထင်ထင်ရှားရှားရှိနေဆဲဖြစ်တဲ့ အစိုးရအဖွဲ့တစ်ခုရဲ့ အကြီးအကဲတစ်ဦးနှုတ်ကနေ ဒီလို မိဘပြည်သူများ၊ မိဘပြည်သူများ ဆိုပြီး နူးညံ့သိမ်မွေ့စွာပြောဆိုတဲ့ စကားမျိုးတွေ ကြားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ရဲခဲ့ကြဘူးဗျာ။ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး” ဆိုတဲ့ စကားမျိုးတွေအပေါ် ခံပြင်းနေခဲ့ကြတာ ကြာပြီမဟုတ်လားဗျာ။ ပြောရရင် နိုင်ငံအကြီးအကဲတစ်ဦးထံကနေ ရိုးသား နှိမ့်ချမှုလည်း ရှိ၊ ပြည်သူတွေအပေါ် ရိုသေလေးစားမှုလည်း ရှိ၊ ပကတိ အရှိတရားများကိုလည်း ထင်ဟပ်မှုရှိတဲ့ စကားမျိုးတွေကြားရဖို့ နှစ်ပေါင်းများစွာ မျှော်လင့်နေခဲ့ကြတဲ့ ပြည်သူတွေရဲ့ဆန္ဒကို သမ္မတဦးသိန်းစိန်က ဖြည့်ဆည်းပေးလိုက်သလို ဖြစ်ခဲ့တယ်လို့ ဆိုရမယ်ဗျ။

မိန့်ခွန်းထဲက အရေးကြီးတဲ့အချက်တွေ

ဒါပေမယ့် ကျွန်တော်တို့ ပြည်သူတွေဟာ သမ္မတကြီးရဲ့မိန့်ခွန်းအပေါ် နှစ်ထောင်းအားရဖြစ်နေကြတဲ့ တစ်ချိန်တည်းမှာ မိန့်ခွန်းထဲမှာပါတဲ့ အရေးကြီးတဲ့အချက်တွေကိုလည်း ဆန်းစစ်သုံးသပ်နေမိကြတယ်ဗျာ။ အဲဒါတွေထဲက တစ်ခုကတော့ “ကျွန်တော်တို့ အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေရှိသလို စိန်ခေါ်မှုတွေလည်း အများအပြား တွေ့ကြုံ ရင်ဆိုင်ခဲ့ရပါတယ်” ဆိုတဲ့ စကားဖြစ်တယ်ဗျ။ သမ္မတကြီးက ‘စိန်ခေါ်မှု’ လို့ ထိန်းထိန်းသိမ်းသိမ်း သုံးနှုန်းခဲ့ပေမယ့် ကျွန်တော်ကတော့ အဲဒါတွေကို ‘ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းစဉ်အား ခုခံဆန့်ကျင် တွန်းလှန်ရာရောက်တဲ့ အပြောအဆို အပြုအမူများ’ လို့ နားလည်မိတယ်ဗျ။

အပြောအဆို အပြုအမူတွေ

ကျွန်တော်တို့နိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာခဲ့ပြီးနောက်ပိုင်း တစ်နှစ်အတွင်းမှာ အကောင်းဘက်ကို ဦးတည်တဲ့ အပြောင်းအလဲတွေ အများကြီးဖြစ်ထွန်းလာခဲ့တာ ဘယ်သူမှငြင်းလို့မရတဲ့အချက်ဖြစ်တယ်ဗျ။ ဒါပေမယ့် ဒီမိုကရေစီ တောင်တက်ခရီးကိုနှင်နေတဲ့ ကားကြီး နောက်ပြန်လန်ကျသွားလောက်အောင် မဖြစ်ခဲ့ပေမယ့် အရှိန်နှေးသွားစေခဲ့တဲ့ အခုအခံ အတားအဆီးတချို့ကို တွေ့ခဲ့ရ တွေ့နေရဆဲဖြစ်တာလည်း အမှန်ပဲဗျ။ အထူးသဖြင့် တာဝန်ရှိသူတချို့ရဲ့ အပြောအဆို အပြုအမူတွေကြောင့် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားအားထားမှုကို အနည်းနဲ့ အများ ထိခိုက်စေခဲ့တာတွေရှိခဲ့တာ အမှန်ပဲဗျာ။ ပြည်သူအများ သိခဲ့ကြပြီးသား အပြောအဆို အပြုအမူတွေကို ပြန်ကောက် မနေတော့ပါဘူး။ မြစ်ဆုံရေကာတာကိစ္စ၊ အတွင်းဝန်ရုံးဟောင်းကြီးကိစ္စ စတာတွေမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီး ဖြစ်တယ်ဗျ။ 

လတ်တလောကိစ္စတွေထဲက သီးခြားထုတ်နုတ်ပြောဆိုရရင် အခုတလော နိုင်ငံရေးပါတီဥက္ကဋ္ဌတစ်ဦးရဲ့ စည်းရုံးရေးခရီးစဉ်တချို့မှာ အနှောင့်အယှက် အဟန့်အတားတွေနဲ့ ကြုံခဲ့ရတယ်ဆိုတဲ့သတင်းတွေအရ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတဲ့စကားလုံးကို လိုသလိုအသုံးပြုပြီး ဒီမိုကရေစီရေစီးကို လက်ဖဝါးနဲ့ တားဆီးဖို့ ကြိုးစားနေသူတွေများ လုပ်ပိုင်ခွင့်ရှိသူတွေထဲမှာ ရှိနေသလားဆိုတဲ့ ပြည်သူတွေရဲ့ သံသယကို ပိုမိုကြီးထွားလာစေတယ်ဗျ။

အပြုအမူဆိုတာ အတွေးအခေါ်က ထွက်လာတာ

“ကျွန်တော်တို့ အစိုးရဟာ အများပြောနေကြသလို ခေါင်းမာဂုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိပါဘူး” လို့ အဲဒီမိန့်ခွန်းထဲမှာ အာမခံပြောကြားခဲ့ပြီး “လူတစ်ယောက်ရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြားခြားနားတာကလွဲလို့ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုံ ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။ စင်စစ်အားဖြင့် လူတစ်ယောက်ရဲ့ အပြောအဆိုနဲ့ အပြုအမူ (ဝစီကံ၊ ကာယကံ) ဆိုတာ သူ့ရင်ထဲရှိ အတွေးအခေါ် (မနောကံ) ကနေ ထွက်ပေါ်လာတဲ့ အရာတွေသာဖြစ်တာမို့ ကျွန်တော်တို့ပြည်သူတွေကတော့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့တစ်ခုလုံးကိုရော အဖွဲ့ဝင်တစ်ယောက်ချင်းကိုပါ သူတို့ရဲ့ အပြောအဆို အပြုအမူတွေကို ကြည့်ပြီး အကဲဖြတ်အမှတ်ပေးနေကြမှာပဲ ဖြစ်တယ်ဗျာ။ အထူးသဖြင့် သမ္မတကြီးရဲ့ အစိုးရအဖွဲ့ဝင်များဟာ သမ္မတကြီးလိုပဲ စစ်ကောင်စီဝင်တုန်းက ဘဝနဲ့ အတွေးအခေါ်ကို အပြီးတိုင်စွန့်ပစ်ပြီး ပြည်သူ့ဆန္ဒကို အလေးထားတဲ့ နိုင်ငံရေးသမားဘဝကို ခံယူနိုင်ခဲ့ကြခြင်း ရှိမရှိ မျက်ခြည်မပြတ် စောင့်ကြည့် စစ်ဆေးနေကြမှာပဲ ဖြစ်ကြောင်းပါဗျာ။ 

၆၊ ၃၊ ၁၂
maungwuntha@gmail.com 

ပြည်သူ့ခေတ်ဂျာနယ် ယခုအပတ်ထုတ်မှ မောင်ဝံသ/ ပြောချင်လွန်းလို့ ဆောင်းပါး။


 

No comments: