“ဘုံအကျိုးစီးပွားချင်းတူရင် တွဲလုပ်တယ်။ မတူရင် တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါ သဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်က ကိုယ်ကြိုက်တဲ့လမ်းကသွားသလို၊ သူလည်း သူကြိုက်တဲ့လမ်းက သွားပါစေ။ ဒါ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်း သူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး …”
“မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ” နိုင်ငံရေး အလုပ်ကိုမနှစ်မြို့တဲ့ လူစားများရဲ့ပါးစပ်က အမြဲတမ်းကြားရလေ့ရှိတဲ့ စကားဖြစ်တယ်။
မြန်မာမှာ မကွဲတာမရှိတဲ့
သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်တွေလည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်း ကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်း ကွဲ၊ သခင်တွေလည်း ကွဲ၊ မကွဲဘူးတဲ့ အဖွဲ့အစည်းတစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလိုပြောကြတာလဲလို့ ကြည့်လိုက်ရင်၊ အများစုဟာ ဘယ်ခေတ်၊ ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့ မရှိဘဲ ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထားလုပ်ဆောင်လေ့ရှိသူတွေဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။
သက်သက်ရမယ်ရှာတာ
တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုးရွာကျိုး သူတို့မလုပ်တာကို ခုခံကာကွယ်ဖို့အတွက် သက်သက်မဲ့ ရမယ်ရှာပြီး ပြောကြတာဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်းခွဲမရအောင် တူတယ်ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တစ်ထပ်တည်း တစ်သားတည်းကျအောင် တူတယ်ဆိုတာ မရှိဘူး။ ဒါ သဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အမြွှာချင်းတောင်မှ စိတ်ချင်းအတော်တူပေမယ့် အားလုံးတစ်သားတည်းကျအောင် တူတာတော့မဟုတ်ဘူး။ မတူတဲ့နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့သားသမီးလည်း အလားတူပဲ။ စရိုက်မတူတာတွေရှိသလို အကြိုက်မတူတာတွေလည်း ရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲ။ အဆန်းမဟုတ်ဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။
စစ်မဖြစ်ဖူးတဲ့ နိုင်ငံမရှိ
မြန်မာလူမျိုးတွေမှ သူများထက်ထူးပြီး ကွဲကြတာမဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုမှမရှိပါဘူး။ တိုးတက်ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာလည်း အယူအဆမတူ ကွဲပြားကြလို့ သူ့ပါတီ၊ ကိုယ်ပါတီဆိုပြီး သီးခြားခွဲထောင်ထားကြတာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အာဏာရပါတီကြီးဖြစ်တဲ့ အယ်လ်ဒီပီပါတီဆိုရင် ပါတီတစ်ခုတည်းမှာကို သီးခြားအုပ်စုကွဲတွေ တစ်ဒါဇင်လောက် တရားဝင်တည်ရှိနေတာ ဖြစ်တယ်။
လူလားမမြောက်သေးလို့
ကွဲကြ၊ ပြဲကြတယ်ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း မတူလို့မဟုတ်ဘူး။ ဦးနှောက်လူလား မမြောက်သေးလို့နဲ့ နိုင်ငံရေး မရင့်ကျက်သေးလို့ဖြစ်တာ။ လူလားမြောက်ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ လူ့သဘာဝပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင်ကိုင်နိုင်တယ်။ လူ့ဘုံလူ့လောကဆိုတာ မတူတဲ့လူတွေအတူတွဲပြီး မတူတဲ့အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်။
ထင်းစည်း ဥပမာ
တစ်သွေးတစ်သားတည်း ပေါင်းစည်းညီညွတ်တယ်၊ ရေကိုသားလို့ အကြားမထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကားအဖြစ်ပြောတာ သက်သက်ပဲ။ တကယ်လက်တွေ့ တည်ရှိနိုင်တာမျိုး မဟုတ်ဘူး။ ထင်းစည်းတစ်စည်းလို စည်းလုံး ညီညွတ်တယ်ဆိုတဲ့ ပုံဆောင်စကားကမှ လူလောကမှာ သဘာဝကျစွာဖြစ်နိုင်တဲ့ ပေါင်းစည်းညီညွတ်ရေး ဖြစ်တယ်။ ထင်းစည်းတစ်စည်းမှာ အမျိုးအစားမတူတဲ့၊ အတိုအရှည်မညီတဲ့ ထင်းချောင်းတွေကို ကြိုးတစ်ချောင်းနဲ့ စုပြီးစည်းထားလိုက်တာ ဖြစ်တယ်။ ပေါင်းစည်းထားတဲ့အတွက် လိုရာအရပ်ရောက်အောင် သက်သက်သာသာ လွယ်လွယ်ကူကူနဲ့ သယ်ပိုးသွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။
ဘုံအကျိုးစီးပွားအတွက်
လူ့လောကဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ်မတူ ကွဲပြားခြားနားတဲ့ လူအများအပြားဟာ တူညီတဲ့ ပန်းတိုင်တစ်ခုကိုရောက်ဖို့အတွက် ဘုံအကျိုးစီးပွားဆိုတဲ့ ကြိုးနဲ့စုစည်းပြီး ခရီးသွားနေတာဖြစ်တယ်။ တူညီတဲ့ပန်းတိုင် ဆိုတာကတော့ အေးချမ်းသာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ မကြောင့်မကြ လွတ်လွတ်လပ်လပ် နေထိုင်နိုင်တဲ့ သာယာရွှေပြည်ဖြစ်ပါတယ်။ အဲဒီ သာယာရွှေပြည်ကိုရောက်ရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားရောင်မရွေး၊ လူသားအားလုံး ခံစားရမှာဆိုတော့ ကိုယ်လည်း ခံစားရမယ်။ သူလည်း ခံစားရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွားဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက ညီညွတ်ရေးဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွားတစ်ခုအတွက် ပူးတွဲ နေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်တယ်။
ဒီမိုကရေစီကျင့်စဉ်
ဘုံအကျိုးစီးပွားချင်းတူရင် တွဲလုပ်တယ်။ မတူရင် တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါ သဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်က ကိုယ်ကြိုက်တဲ့လမ်းကသွားသလို၊ သူလည်း သူကြိုက်တဲ့လမ်းက သွားပါစေ။ ဒါ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်း သူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး သူ့အခွင့်အရေးကို တန်ဖိုးထား လေးစားတာ၊ သူ့အခွင့်အရေး သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီကျင့်စဉ် ဖြစ်တယ်။
လူသုံးမျိုး
ဒီလိုပြောတဲ့အတွက် အားလုံးဟာ မိတ်ဆွေဖြစ်တယ်၊ ရန်သူမရှိဘူးလို့ ပြောတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ လူကောင်း၊ လူဆိုး၊ လူယုတ်မာဆိုတာကတော့ ဘယ်ခေတ်ဘယ်အခါမဆို ရှိနေတာပဲဖြစ်တယ်။ လူကောင်းကို မိတ်ဆွေအဖြစ် သဘောထားရမယ်ဆိုတာကတော့ ပြောစရာမလိုဘူး။ လူတိုင်း သိတယ်။ လူဆိုးကျတော့ ခွဲခြားစဉ်းစားစရာရှိတယ်။ တချို့က အရက်သေစာ သောက်စားမူးရစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံလုပ်သူကို လူဆိုးလို့ ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့စွဲလို့ သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ဘယ်သူ့ကိုမှဒုက္ခမပေးဘူး ဆိုတဲ့သူမျိုးကိုတော့ မိတ်တွေအဖြစ် မပေါင်းသင်းချင်ရင်တောင် ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ်နေစရာတော့ မလိုဘူး ထင်ပါတယ်။
အမှားကိုမြင်လို့ ပြုပြင်ရင်
တချို့ ဆင်းရဲလွန်းလို့ ကြံမိကြံရာကြံရင်းနဲ့ ခါးပိုက်နှိုက်ဖြစ်၊ သူခိုးဖြစ်သွားတာမျိုးရှိတယ်။ သူတို့ဟာ လူဆိုးတော့ လူဆိုးပဲ၊ ဒါပေမယ့် မတရား နိုင်ထက်စီးနင်းနဲ့ နှိပ်စက်ညှဉ်းပန်း မလုပ်ဘူး။ သူတစ်ပါးသားပျို၊ သမီးပျိုကို ထိပါးစော်ကား မပြုဘူးဆိုရင်တော့ လူယုတ်မာလို့ခေါ်တဲ့အဆင့် မရောက်သေးဘူးလို့ ဆိုချင်တယ်။ သူတို့အမှားကိုသိလို့ နောင်တတရားရ ပြုပြင်တယ်ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင်ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်၊ ရှေးအခါ နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆစ်တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန်သားကောင်း၊ သမီးကောင်းတွေဖြစ်လာခဲ့ကြတဲ့ သာဓကရှိပါတယ်။
ငတေမာပြီးရော
တချို့ကျတော့ သောက်စားမူးယစ်မှု မရှိဘူး၊ လောင်းကစား မလုပ်ဘူး၊ ဓားပြလည်းမတိုက်ဘူး၊ ဒါပေမယ့် ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့စိတ်နဲ့ တစ်ရွာလုံးငတ်ပြီး သေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ ထုတ်ရောင်းမပေးနိုင်ဘူးဆိုပြီး လူတွေ တစ်ယောက်ပြီးတစ်ယောက် သေသွားတာကို ငုတ်တုတ်ထိုင်ကြည့်နေနိုင်တယ်။ တချို့ နိုင်တုန်းဖိထောင်းထားတယ်ဆိုတဲ့စိတ်နဲ့ အားနည်းသူတွေကို နိုင့်ထက်စီးနင်းညှဉ်းပန်းနှိပ်စက်တတ်တယ်။ တချို့ကျတော့ မသိနားမလည်သူတွေကို လိမ်ညာလှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေးစုပ်တတ်တယ်။ တချို့က သူတော်ကောင်းဟန်ဆောင်ပြီး လူမသိအောင် မတော်မတရားအလုပ်တွေ လုပ်တတ်တယ်။
မောရုံသာ အဖတ်တင်
ဒီလူစားမျိုးတွေကိုတော့ လူဆိုးဓားပြထက်တောင် ကြောက်စရာကောင်းလို့ လူယုတ်မာဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ ဘယ်အခါမှ အပေါင်းအသင်း မလုပ်အပ်သူတွေဖြစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ်သားသား သတ်မှတ်ပြီး ခေါင်းမဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာတရားကို ဘယ်တော့မှတန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ်တင်ပါလိမ့်မယ်။
၂၁. ၀၂. ၂၀၁၂ ထုတ် News Watch Journal မှာပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
No comments:
Post a Comment