Thursday, February 16, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂၂)


ကေအဲန်ယူနဲ့ ဆက်သွယ်ပြီ

မအူပင်ရောက်တော့ သူတို့ ဆက်သွယ်ခိုင်းတဲ့ အေပီအမ် ကျောင်းဝင်းထဲလည်းရောက်ရော ကေအဲန်ယူ ဗိုလ်မှူးပဲ ထင်တယ်။ သူ့နာမည်က စောကျော်စိန် တဲ့။ သူက အဖိုးကို ဘာကိစ္စရှိလို့လဲမေးတော့ ...

“ဥက္ကဋ္ဌကြီး မန်းသာဒင်က မှာထားလို့ပါ။ ကျနော် ကေအဲန်ယူထဲ ဝင်မလို့”

“ဟာ ဒါဆိုရင်တော့ ခင်ဗျား နောက်ကျသွားပြီ။ မရတော့ဘူး။ ကျနော်တို့ မနေ့ကပဲ တပ်ဖျက်ပစ်လိုက်ပြီး။ ခင်ဗျားနောက်ကျသွားပြီ” လို့ သူက ပြောတယ်။

“သူတို့ မှာထားလို့ ကျနော်လာတာ အခု မသွားရရင်လည်း နောက်ဘယ်တော့ သွားရမလဲ” လို့ အဖိုးက မေးတော့ သူက “မသေချာဘူး” တဲ့။

အဲဒါနဲ့ အဖိုးလည်း စိတ်ဓာတ်ကျပြီး အိမ်ကိုပြန်သွားတယ်။

အိမ်ပြန်ရောက်တော့ အဖိုးဇနီးရဲ့ အဒေါ်က အိမ်ဝကနေ “ဘာဖြစ်လာတာလဲ” လို့ ဆီးပြီးမေးတယ်။ အဖိုးက အကျိုးအကြောင်းပြောပြတော့ အဒေါ်က မင်းမြို့ကိုသွားတဲ့အချိန်မှာ အိမ်ကို လူတယောက်လာတယ်။ မန်းသာလင်းဖြူ၊ မန်းလှဒင်တို့ဆီက လွှတ်လိုက်တာ တဲ့။ ကျော်သောင်းကို အမြန်လာခိုင်းပါလို့ ပြောတယ်လို့ သူတို့က အဖိုးကို ပြန်ပြောပြတာပေါ့။

တခုခုတော့ လွှဲနေပြီလို့ အဖိုးထင်တယ်။ ဒါနဲ့ အဖိုးလည်း ကောက်ခါငင်ခါနဲ့ ပြန်သွားတော့ သူတို့နဲ့ တန်းတိုးတာပဲ။ အဖိုးကို မြင်တာနဲ့ သူတို့က ...

“မင်းကို ငါတို့စောင့်နေတာ” တဲ့။


“ကျနော် လာတာပဲ။ စောကျော်စိန်က လက်မခံတော့ဘူး။ ပိတ်ပြီဆိုလို့ ပြန်သွားတာ”

လို့ အဖိုးက ပြောတော့ စောကျော်စိန်ကို သူတို့ဆူတာ အကြီးအကျယ်ပဲ။ စောကျော်စိန်ကို "မင်း လူကြည့်ရင် မသိဘူးလား။ ဒီလောက်တောင် လူကဲခတ်ညံ့ရလား" နဲ့ ဆူတာပေါ့။

နောက်တော့ မန်းလှဒင်က ...

“မင်း ဒီမှာ အသင့်စောင့်နေ။ ကြေးနန်းရတာနဲ့ မင်း ခရီးထွက်ရမယ်။ စောကျော်စိန် သူ့ကို ငွေငါးရာ ထုတ်ပေးလိုက်” လို့ ပြောတယ်။

အဖိုးက “ကျနော့်ဆီမှာ ပါတယ်။ မလိုဘူး”

“ယူသွား။ ဒါတို့ စည်းကမ်းအတိုင်းပဲ” လို့ မန်းသာဒင်က ပြောတယ်။ အဲဒီတုန်းက ငွေငါးရာက တန်ဖိုးတော်တော်ရှိတယ်။ စပါးတရာကို လေးငါးခြောက်ဆယ်၊ ခုနှစ်ဆယ်လောက်ရှိမယ် ထင်တယ်။

“တို့ကြေးနန်းပို့ထားပြီး။ မင်းကို သင်္ဘောဆိပ်မှာ လာကြိုလိမ့်မယ်”

“မင်း သူ့နောက်သာ လိုက်သွားလိုက်”

အဲဒါနဲ့ အဖိုး ညောင်ပင်လေးဆိပ်ရောက်သွားတော့ လာကြိုတယ် အဟုတ်ပဲ။ ကားက ကြပ်နေတာပဲ။ လူက များတာကိုး။ အဖိုး အင်းစိန်ကိုရောက်သွားတာ ၁၉၄၇ နှစ်ကုန်ခါနီးပြီ။

ပထမတော့ သုဝဏ္ဏတိုင်း ရောက်သွားတယ်။ ရုံးတရုံးမှာပေါ့။ အဲ့ဒီမှာ သတင်းစာတွေ ရှိတယ်။ အဲဒါနဲ့ အဖိုးက “သတင်းစာ ကြည့်မယ်နော်” ပြောတော့

“ကြည့်လေ။ ရတယ်” တဲ့။

အဲဒီထဲမှာ ကရင့်တော်လှန်ရေးအကြောင်းတွေ ရေးထားတော့ အဖိုး တော်တော်သဘောကျတယ်။ အဲဒီမှာ ထူးထူးလေး (ယခု ဗိုလ်မှူးကြီးထူးထူးလေး) အဖေနဲ့ တွေ့တာပေါ့။ သူက အဖိုးကို မေးတယ်။ “မင်း ဘယ်ကလာလဲ”

“ပန်းတနော်က။ ကျနော် အိမ်ထောင်ကျတာ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ပေကုန်း၊ သတင်းကျွန်း”

“ဘယ်သူ လွှတ်လိုက်တာလဲ”

“မအူပင်က ဆရာမန်းလှတင်ပါ”

သူက “အေး အေး ကောင်းပြီ လောလောဆယ်တော့ ဒီမှာ ခဏနေဦး”

သူပြောပြီး အဖိုးကို နေရာချထားပေးတယ်။ သူနေတဲ့နေရာနဲ့ သိပ်မဝေးဘူး။



သုဝဏ္ဏတိုင်းဂျာနယ်

အဲဒီမှာ အဖိုးကို စာအုပ်တွေ ပေးဖတ်တာပဲ။ အဖိုးကလည်း ဖတ်တာပေါ့။

ကရင်အကြောင်း၊ နိုင်ငံရေးအကြောင်းတွေ စိတ်ဝင်စားတာကိုး။ အဖိုး လေ့လာတာပေါ့။

အဲဒီမှာ အဖိုး သုဝဏ္ဏတိုင်းဂျာနယ်ကို အရင်ဆုံး ဖတ်ရတာပဲ။

ဒီဂျာနယ်ထဲမှာ တို့ကရင်အမျိုးသားအဖွဲ့ကြီးဖြစ်တဲ့ ဒေါကလူအသင်းကြီး ကေအဲန်အေ (Karen National Association) ကို ဘယ်အချိန်က စပြီးဖွဲ့တယ်။ ဘာကြောင့်ဖွဲ့ရသလဲ။

ကရင်ခေတ်ပညာတတ်တွေ အမျိုးသားရေး နိုးကြားလာမှုနဲ့ စောဘဦးကြီးအကြောင်းတွေ သိလာရတာပေါ့။ ဒေါကလူအသင်းကြီးကို စဖွဲ့တာက ၁၈၈၁ ခုနှစ်မှာ။

ဒေါက်တာတီသံပြာ၊ ဒေါက်တာရောဘတ်ဖိုးကေ၊ ဆာစံစီဖိုး၊ ဝတ်လုံတော်ရ စောဘမောင် စတဲ့ ပုဂ္ဂိုလ် ၇ ဦးနဲ့ ဖွဲ့ခဲ့ကြတာ။ နောက် ကရင်ဗုဒ္ဓဘာသာအဖွဲ့ချုပ်ဆိုတာလည်း ရှိသေးတယ်။ ဒီအဖွဲ့ကတော့ ဘီကေအဲန်အေလို့ ခေါ်တယ်။ (Buddhist Karen National Association) ဒီအဖွဲ့ကိုတော့ ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက်က ဆရာတော်နဲ့ အလယ်တိုက်ကျောင်းဆရာတော် ဦးအဂ္ဂတို့က ဦးဆောင်ပြီး ဖွဲ့တာပေါ့။

နောက်တဖွဲ့လည်း ရှိသေးတယ်။ ကေစီအို (Karen Central Organization) လို့ ခေါ်တဲ့ ကရင်ဗဟိုအဖွဲ့။ ဒီအဖွဲ့မှာ စောသာဒင်က ဥက္ကဋ္ဌ။ ၁၉၄၃ ခုနှစ်မှာ ရန်ကုန်၊ ကြည့်မြင်တိုင်မှာ ဖွဲ့ကြတာ။

နောက်ပိုင်းမှာတော့ ဒီအဖွဲ့ထဲမှာ ဥက္ကဋ္ဌကြီး စောဘဦးကြီးတို့၊ မန်းဘခင်တို့၊ ဆရာသာထိုတို့ ပါလာကြတယ်။ နောက်ကေဝိုင်အို (Karen Youth Organization) ကရင်လူငယ်အဖွဲ့လည်း ရှိသေးတယ်။

ဒီအဖွဲ့ ၁၉၄၅ မှာ စဖွဲ့တာ။ မန်းဘခိုင်၊ မန်းဝင်းမောင်၊ စောစိန်တင်တို့ပါတယ်။ ဒီအဖွဲ့ကြီး ၄ ဖွဲ့ပေါင်းပြီးတော့မှ ကေအဲန်ယူကို ပြန်ဖွဲ့တာကိုးကွ။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရန်ကုန် အလုံမှာ ဒီအဖွဲ့ ၄ ဖွဲ့က ကိုယ်စားလှယ်တွေ ညီလာခံတရပ်ခေါ်ပြီးတော့ ကရင်အမျိုးသားလွတ်မြောက်ရေး၊ ကရင်ပြည်ရရေး ဦးတည်ပြီး ဖွဲ့ခဲ့ကြတာ။

ပထမဆုံး ဥက္ကဋ္ဌက စောစံဖိုးသင်ပဲ။

စောဘဦးကြီး၊ မန်းဘဇန်၊ ဗိုလ်ချုပ်စိုင်းကေ၊ မန်းဘခင်၊ မန်းဝင်းမောင်အားလုံး ၁၇ ဦးပါတဲ့ ကေအဲန်ယူ အလုပ်အမှုဆောင်အဖွဲ့ကို ဒီညီလာခံက ရွေးချယ်ခဲ့ကြတာ။

ဒီဂျာနယ် တော်တော်ကောင်းတယ်။ ဘာသာရေး၊ လူမှုရေး ဘာမှမပါဘူး။ အမျိုးသားစည်းလုံး ညီညွှတ်ရေး။ မျိုးချစ်စိတ်ရှိရေး။

ကရင်တွေ နိုင်ငံရေးနိုးကြားဖို့အရေးတွေကို ရေးထားတာ တော်တော်ဖတ်လို့ ကောင်းတယ်။ အဖိုး အဲဒီမှာ တလလောက်ကြာတာ စာတွေ တော်တော်ဖတ်လိုက်ရတယ်။ ကေအဲန်ယူရဲ့ မူလမ်းစဉ်၊ လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံတွေလည်း လေ့လာရတယ်။

အဲဒါတွေ ဖတ်ပြီးမှ အဖွဲ့ဝင်ဖြစ်ကြောင်း လက်မှတ်ထိုးရတာ။

ဒါနဲ့ ကေအဲန်ယူအဖွဲ့ဝင် ဖြစ်သွားတာပေါ့။

ကိုယ်ပိုင်နံပါတ်တွေ ရှိတယ်။ အဖိုးကတော့ မေ့သွားပြီ။

ဆက်လက်ဖော်ပြပါမယ်။ 



 

No comments: