“နိုင်ငံရေး လောကသားတွေပဲဖြစ်ကြပေမယ့် မိမိတို့ကိုယ် မိမိတို့ နိုင်ငံရေးအာဏာနဲ့ ချိတ်ဆက်ထားခြင်းမရှိကြတဲ့ (တစ်နည်း) လွှတ်တော်ပြင်ပ နိုင်ငံရေးကိုပဲလုပ်ဖို့ အားသန်နေကြဆဲဖြစ်တဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားအုပ်စုတို့လို နိုင်ငံရေးအင်အားစုတွေကလည်း ဒီမိုကရေစီစနစ် ပီပြင်သထက် ပီပြင်လာအောင်၊ ကမ္ဘာတည်သရွေ့ အရှည်တည်တံ့ ခိုင်မြဲရလေအောင် မိမိတို့နည်း မိမိတို့ဟန်နဲ့ …”
ပြီးခဲ့တဲ့အပတ်ထုတ် ကျွန်တော်တို့ရဲ့ ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂)၊ အမှတ် (၈၀) မှာ အယ်ဒီတာချုပ်က “မြန်မာ့ နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်း စတင်ပြီ” လို့ အယ်ဒီတာ့အာဘော်ကနေ ရေးလိုက်တာ ဖတ်မိကြမယ်ထင်ပါတယ်။
အဲဒီခေါင်းကြီးပိုင်းမှာ လွတ်လပ်ရေးခေတ်ဦးကနေ ၁၉၆၂ ခုနှစ်အထိကို ပထမပိုင်း၊ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လအထိကို ဒုတိယပိုင်းလို့သတ်မှတ်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ ပေါ်ထွက်လာချိန်ကစကာ တတိယပိုင်း စတင်နေပြီဖြစ်တယ်လို့ ဆိုလိုက်တာဖြစ်တယ်ဗျ။ ခေါင်းကြီးဆရာရဲ့ သတ်မှတ်ချက်က ခေတ်သစ်မြန်မာ့သမိုင်းရဲ့ အင်မတန်မှ ထူးခြားတဲ့ သမိုင်းဆိုင်ရာ အချိုးအကွေ့ကြီးတွေကို နယ်သပ်မျဉ်း သဘောထားပြီး သတ်မှတ်ထားတာမို့ ကျွန်တော်တို့အနေနဲ့ ဘာမှသဘောမတူစရာ မရှိဘူးဗျ။
သဝေထိုးသွားတာကို ပြန်သိမ်းတာ
အားလုံးသိကြတဲ့အတိုင်း မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းဟာ ပထမပိုင်းရဲ့အဆက်လို့ ပြောရင်လည်း မမှားဘူးထင်တယ်ဗျ။ ဆိုလိုတာက ကျွန်တော်တို့ နိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှသည် ၁၉၆၂ ခုနှစ်အထိ ကိုယ်စွဲကျင့်သုံးခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးဖို့ အားယူပြင်ဆင်လိုက်တာကြောင့် ဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို စွန့်ခွာကျောခိုင်းပြီး တစ်ပါတီစနစ်ကို ကျင့်သုံးခဲ့တဲ့ လမ်းကနေ ဂငယ်ကွေ့ ပြန်ကွေ့ပြီး ‘တွင်းဟောင်းရေကြည် အေးမြသည်’ ဆိုသလို ပါတီစုံစနစ်ဟောင်းကို လက်တွေ့ကျကျ ပြန်လည်ကျင့်သုံးဖို့ စိုင်းပြင်းနေတာ ဖြစ်တယ်ဗျ။ စက်ဝိုင်းဆွဲနေရင်း သဝေထိုးဖြစ်သွားတဲ့အစကို ပြန်သိမ်းပြီး စက်ဝိုင်းရဲ့ မူလအစနဲ့ ပြန်ဆုံအောင်လုပ်ပေးဖို့ စတင်ကြိုးပမ်းအားထုတ်နေခဲ့ကြတာလို့ ပုံခိုင်းချင်တယ်ဗျ။
ခွန်အားတွေ ယုတ်လာပြီ
မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ ဇာတ်လမ်းတွဲ ပထမပိုင်းကို ကောင်းကောင်းကြီး သိမီလိုက်သူတွေဟာ အခုဆိုရင် အသက်အရွယ်အရ အကြမ်းဖျင်းပြောရရင် ၇၀ အထက်တွေ ရောက်နေကြပြီဗျ။ အဲဒီကာလကို ဆယ်ကျော်သက်အရွယ်နဲ့ ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ ကျွန်တော်တို့ မျိုးဆက်တောင် ‘ဆံဖြူသွားကျိုး ခါးရိုးကကုန်း’ လို့ မဆိုနိုင်ရင်တောင် ကိုယ်ကာယ ခွန်အားရှုထောင့်က ပြောမယ်ဆိုရင် အတော်ယုတ်လျော့လာနေကြပြီဗျာ။
ပျော်စရာ ဇာတ်ပေါင်းခန်းလား
သိကြတဲ့အတိုင်း ဇာတ်လမ်းတွဲ တတိယပိုင်းက ‘ပျော်ရွှင်စွာ ဇာတ်ပေါင်းကြလေသတည်း’ ဆိုတဲ့ ဝါကျနဲ့ အဆုံးသတ်မယ့် ဇာတ်သိမ်းပိုင်းလည်း ဖြစ်နိုင်ချေရှိနေတာကြောင့် ဇာတ်လမ်းတစ်လျှောက်လုံး (အထူးသဖြင့် ပထမပိုင်းမှာ) ကပြအသုံးတော်ခံခဲ့ကြတဲ့ ဇာတ်ဆောင်တွေပါ ပြန်လည်ပေါ်ထွက်လာကြပြီး မိမိတို့ သက်ဆိုင်ရာ အခန်းကနေ တာဝန်ကျေအောင် ပြန်လည်ဖျော်ဖြေတင်ဆက်နေတာမို့ ဇာတ်ရုပ်တွေ တစ်ရုပ်နဲ့တစ်ရုပ် ရောထွေးမသွားရလေအောင် ကျွန်တော်တို့လို ပထမပိုင်းကိုကြည့်ခဲ့ဖူးသူတွေတောင် မနည်းကြိုးစားမှတ်သားနေကြရတယ်ဗျ။
အကျိုးမဖြစ် ဥပဒေတွေ ဖျက်သိမ်း
မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းမှာကြည့်လေရာ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်နေတာမျိုးမရှိဘဲ လှုပ်ခတ်ရွေ့လျားနေကြတယ်ဗျာ။ ‘ရှေ့တိုးနောက်ဆုတ်တွေ ရှိနေသေးပေမယ့်’ အစိုးရအဖွဲ့က အုပ်ချုပ်ရေး ယန္တရားဟာ ပြည်သူတွေကို အထိရောက်ဆုံး အလုပ်အကျွေးပြုနိုင်တဲ့ ယန္တရားဖြစ်လာအောင် ကြိုးပမ်းလုပ်ဆောင်နေတာတွေရသလို လွှတ်တော်အရပ်ရပ်ကလည်း ပြည်သူတွေအတွက် အကျိုးမဖြစ်နိုင်တဲ့ ဥပဒေတွေ ဖျက်သိမ်းဖယ်ရှားပြီး ပြည်သူတွေ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ ရှာဖွေစားသောက်နေထိုင်နိုင်ရေးကို အထောက်အကူဖြစ်စေမယ့် ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းနိုင်ဖို့ အားထုတ်နေကြတာကို တွေ့ရတယ်ဗျ။
ဒီမိုကရေစီ ပီပြင်လာအောင်
တစ်ချိန်တည်းမှာ ဒီမိုကရေစီရဲ့ သော့ချက်ကျ ပါဝင်ပစ္စည်းတွေဖြစ်ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း မဲဆန္ဒရှင် ပြည်သူတွေရဲ့ အသည်းနှလုံးကို ယူကျုံးဖမ်းစားနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားလုပ်ဆောင်နေကြသလို နိုင်ငံရေး လောကသားတွေပဲဖြစ်ကြပေမယ့် မိမိတို့ကိုယ် မိမိတို့ နိုင်ငံရေးအာဏာနဲ့ ချိတ်ဆက်ထားခြင်းမရှိကြတဲ့ (တစ်နည်း) လွှတ်တော်ပြင်ပ နိုင်ငံရေးကိုပဲလုပ်ဖို့ အားသန်နေကြဆဲဖြစ်တဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားအုပ်စုတို့လို နိုင်ငံရေးအင်အားစုတွေကလည်း ဒီမိုကရေစီစနစ် ပီပြင်သထက် ပီပြင်လာအောင်၊ ကမ္ဘာတည်သရွေ့ အရှည်တည်တံ့ ခိုင်မြဲရလေအောင် မိမိတို့နည်း မိမိတို့ဟန်နဲ့ အားသွန်ကြိုးပမ်းနေကြတာပဲဗျ။
ကိုယ့်ကိုယ်ကိုယ် သွေးနေကြသူတွေ
ဒီအချိန်မှာ အနာဂတ်တိုင်းပြည် ခေါင်းဆောင်တွေဖြစ်လာကြမယ့် နိုးကြားတက်ကြွတဲ့ လူငယ်တွေကလည်း နောက်ချန်မနေတာကို တွေ့ရတယ်ဗျ။ ကျောင်းသားလူငယ်တွေက ဒီမိုကရေစီစနစ်ရဲ့ ကျက်သရေတစ်ပါးဖြစ်တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ ပေါ်ပေါက်လာအောင် ကြိုးပမ်းနေကြသလို အခြားသောလူငယ်တွေကလည်း တွေ့ဆုံဆွေးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ ဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေကတစ်ဆင့် လူငယ်ချင်း ရင်းနှီးချစ်ကြည်မှုရအောင်၊ နိုင်ငံရေးအတွေးအခေါ်တိုးတက်မြင့်မားလာအောင် ကိုယ့်ကိုယ်ကို ‘သွေး’နေကြတာ တွေ့ရတယ်ဗျ။
အခွင့်အရေးတွေ မဆုံးရှုံးစေဖို့
နိုင်ငံတစ်နိုင်ငံရဲ့ အရေးအကြီးဆုံး အင်အားစုကြီးနှစ်ခုဖြစ်ကြတဲ့ အလုပ်သမားတွေနဲ့ လယ်သမားတွေကလည်း ဒီမိုကရေစီ အလေ့အကျင့်တွေကို စတင်စမ်းသပ် ကျင့်သုံးလာနေကြတယ်ဗျ။ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့ကို ဦးထိပ်ထား အားကိုးအားထားပြုပြီး မိမိတို့ရဲ့ တရားသဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကြိုးပမ်းနေကြသလို မိမိတို့လူတန်းစားကို ကိုယ်စားပြုတဲ့သမဂ္ဂများ ဖွဲ့စည်း နိုင်ရေးအတွက် ကနဦးခြေလှမ်းများ စလှမ်းနေကြပြီဆိုတဲ့သတင်းတွေကိုလည်း ကြားနေရတယ်ဗျ။
သတင်းတွေ ‘လှိုင်ပေါလယ်’
အဲသလို မြန်မာ့နိုင်ငံရေးလောကမှာ အရာအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြ၊ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေး (Inclusive politics) တစ်စတစ်စ ပီပြင်ပုံပေါ်လာနေချိန်မှာ ကျွန်တော်တို့ မီဒီယာ (အထူးသဖြင့် ပုံနှိပ်မီဒီယာ) လောကသားအားလုံးဟာလည်း တရစပ် မရပ်မနား ပြေးလွှားလှုပ်ရှားနေကြရတယ်ဗျာ။ မကြာသေးခင်အချိန်ကအထိ တစ်ပတ်ကို သတင်း သုံးလေးပုဒ်ရေးတင်နိုင်ဖို့ ခက်ခက်ခဲခဲ ရှာကြံဖန်တီးနေခဲ့ကြရတဲ့ သတင်းဂျာနယ် သတင်းထောက်လေးတွေဟာ အခုဆိုရင် သတင်းတွေ ‘လှိုင်ပေါလယ်’ ဖြစ်နေကြပြီ ဗျ။ ဒီချုပ်ကို သတင်းလုပ်မလား၊ ရှစ်ဆယ့်ရှစ်ကို သတင်းလုပ်မလား၊ ပြည်ခိုင်ဖြိုးကို သတင်းလုပ်မလား၊ တစညကို သတင်းလုပ်မလား။ နောက်ဆုံး ကုန်ကုန်ပြောရရင် အငြိမ်းစား ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လှုပ်ရှားမှုကတောင် သတင်းဖြစ်နေပြီဗျာ။ တစ်ချိန်က သူ့ရဲ့ လှုပ်ရှားမှုတွေ နေ့စဉ်လိုလို သတင်းစာမှာပါခဲ့တုန်းက သတင်းမဖြစ်ခဲ့ပေမယ့် အခုတော့ သူ့ဇာတိပြန် ဘုရားဖူးတာတောင် သတင်းဖြစ်နေပြီဗျာ။ သတင်းဆိုတာရဲ့ အခြေခံကိုက ပြည်သူတွေ စိတ်ဝင်စားရင် သတင်းဖြစ်တာကိုးဗျ။
သတင်းထောက်တွေမှာ သတင်းတွေပေါတော့ အယ်ဒီတာတွေလည်း အရင်လို ဒူးကလေးနှံ့ပြီး ‘ငြိမ့်’ နေလို့၊ ‘နှပ်’ နေလို့ မရတော့ဘူးပေါ့ဗျာ။ ဒီမိုကရေစီဆိုတာကိုက အပြိုင်အဆိုင်ကိုးဗျ။
ဖားတစ်ပိုင်း ငါးတစ်ပိုင်းဘဝ
အကုန်လှုပ်နေတဲ့ မြန်မာ့နိုင်ငံရေးဇာတ်လမ်းတွဲ တတိယပိုင်းမှာ ကျွန်တော်တို့လို “ဖားတစ်ပိုင်း ငါးတစ်ပိုင်း” နိုင်ငံရေးသမား တစ်ပိုင်း၊ သတင်းစာဆရာ တစ်ပိုင်း လူမျိုးတွေဟာ ပိုတောင် အနားမရဘူးလား မပြောတတ်ပါဘူးဗျာ။ စာတွေ မပြတ်ရေးနေရတဲ့ကြားထဲ စာပေဟောပြောပွဲ လိုက်ရ၊ နိုင်ငံရေးပညာပေး ဟောပြောရ၊ အင်တာဗျူးတွေ ဖြေရ၊ စာတမ်းပြုစုရ၊ အစည်းအဝေးတွေ အခမ်းအနားတွေ တက်ရ၊ ငြင်းရ ခုံရ ဖြေရှင်းရ၊ ခေါင်းခံရ စတဲ့ များလှတဲ့ ဗာဟီရတွေကြောင့် တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို “ငါဘာလဲဟ” ဆိုပြီး မေးခွန်းတောင် ထုတ်မိလောက်အောင် ဦးနှောက်စားရသားဗျ။ သို့ပေမယ့် ပြည်သူ့ခေတ် ခေါင်းကြီးဆရာက ရည်ညွှန်းလိုက်တဲ့ မြန်မာနိုင်ငံရေး ဇာတ်လမ်းတွဲ တတိယပိုင်းကို “ထိုသို့ တပြီးကား နောက်ဆုံးတွင်မူ မြန်မာပြည်သူတိုသည် ဒီမိုကရေစီပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်ဖြင့် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြလေသတည်း” ဆိုတဲ့ ဝါကျနဲ့သာ အဆုံးသတ်နိုင်မယ်ဆိုရင် ပင်ပန်းရကျိုး၊ ခေါင်းစားရကျိုးနပ်ပါပြီဗျာ။
maungwuntha@gmail.com
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ ပြောချင်လွန်းလို့ မောင်ဝံသ ဆောင်းပါး။
No comments:
Post a Comment