Friday, February 3, 2012

အဆင့်အတန်းမြင့်တဲ့ လူ့အဖွဲအစည်းဆိုတာ (မောင်ဝံသ)

လူသာမန်တွေက မိမိတို့ရဲ့သားသမီးတွေကို ချစ်ကြတယ်။ ကြီးမြတ်သူတွေကတော့ မိမိတို့ရဲ့မိဘတွေကို ချစ်ကြတယ်ဆိုတဲ့ အဆိုအမိန့်တစ်ခုကို ဖတ်ဖူးခဲ့တယ်ဗျ။ အဲဒီအဆိုအမိန့်နဲ့ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစား တွေးတောကြည့်လိုက်တဲ့အခါ လူတွေမှာ ခံစားသိ (conceptual knowledge) နဲ့ ကြံဆသိ (perceptional knowledge) ဆိုပြီး အခြေခံအသိနှစ်မျိုးရှိတဲ့အနက် ခံစားသိဆိုတာက အဆင့်နိမ့်တဲ့အသိဖြစ်တယ်။

ဥပမာ မီးကိုကိုင်ကြည့်ပြီးမှ ပူမှန်းသိတဲ့အသိမျိုးပေါ့ဗျာ။ ဒါမျိုးဟာ ဘာမှန်းစဉ်းစားဆင်ခြင် တွေးတောနေစရာမလိုဘဲ အာရုံငါးပါးနဲ့ ထိတွေ့ပြီးတော့မှ သိတဲ့အသိမျိုးဖြစ်တာမို့ လူတိုင်းမှာရှိတဲ့ အဆင့်အနိမ့်ဆုံး အသိဖြစ်တယ်ဗျ။ ဆင်ခြင်သိဆိုတာကတော့ မိမိမှာရှိထား၊ လေ့လာဆည်းပူးသိရှိထားတဲ့ အတွေ့အကြုံ ဗဟုသုတ အသိပညာများပေါ်မှာ အခြေခံပြီး အရာကိစ္စတစ်ခု ကောင်း၏၊ ဆိုး၏၊ မှန်၏၊ မှား၏ဆိုတာကို တွေးတော ဆင်ခြင်သုံးသပ်ဖော်ထုတ်ရတဲ့အသိမျိုးဖြစ်လို့ လူတစ်ယောက်ရဲ့ ဉာဏ်ပညာ အဆင့်နဲ့ တိုက်ရိုက် အချိုးကျနေတဲ့ အဆင့်မြင့်အသိမျိုးဖြစ်တယ်ဗျ။

အတ္တကိုချစ်တဲ့ အဆင့်နိမ့်အချစ်

ဒါကြောင့် မိမိရဲ့သားသမီးကို ချစ်တဲ့အချစ်ဆိုတာ မိမိကိုယ်တိုင်ရဲ့ အသွေးအသား ငါးဆယ်ရာခိုင်နှုန်းနဲ့ မိမိဇနီး၊ ခင်ပွန်းရဲ့ အသွေး အသား ငါးဆယ်ရာခိုင်နှုန်းတို့ ပေါင်းစပ်မိရာက ပေါ်ပေါက်လာတဲ့အရာ (တစ်နည်း) မိမိရဲ့အာရုံငါးပါးနဲ့ မိမိဇနီး၊ ခင်ပွန်းရဲ့ အာရုံငါးပါးတိုးတိုက် ထိတွေ့ပေါင်းစပ်မိရာက ပေါ်ပေါက်လာတဲ့အရာဖြစ်တာကြောင့် မိမိသားသမီးကို ချစ်တဲ့ အချစ်ဆိုတာ မိမိကိုယ်ကို (တစ်နည်း) မိမိအတ္တကို မိမိချစ်တဲ့ အဆင့်နိမ့်အချစ်မျှသာ ဖြစ်တယ်ဗျာ။ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ ဘာဆင်ခြင်တုံတရားမှ မလိုဘူးဗျ။

တစိမ့်စိမ့်တွေးပြီး ချစ်စိတ်ပေါ်မှ

မိဘကို ချစ်တဲ့အချစ်ကျတော့ အဲသလို မဟုတ်ဘူးဗျ။ မိဘကိုချစ်ဖို့ဆိုတာ မိမိကို ကလလရေကြည် သန္ဓေတည်ကတည်းကစလို့ ဖဝါး လက်နှစ်လုံး၊ ပခုံးလက်နှစ်သစ် အရွယ်ကနေ လူလားမြောက်ပြီး လူ့လောကထဲမှာ နေရာတစ်ခုရတဲ့အထိ ဒုက္ခမျိုးစုံခံပြီး ပြုစုယုယကျွေးမွေး စောင့်ရှောက်လာခဲ့ပုံတွေကို စိတ်အတွေးထဲမှာ မြင်အောင် ပြန်ကြည့်နိုင်မှ (တစ်နည်း) တစိမ့်စိမ့် ပြန်လည်တွေးတောဆင်ခြင်နိုင်မှသာ ပေါ်ထွန်းလာတဲ့ အဆင့်မြင့် အချစ်မျိုးဖြစ်တယ်ဗျ။ ကျေးဇူးကို တစိမ့်စိမ့် ဆင်ခြင်သုံးသပ်တာမျိုးမရှိဘဲ မိဘအပေါ် ထားရှိတဲ့အချစ်မျိုး မပေါ်ပေါက်နိုင်ဘူးဗျ။ အဇာတသတ်ဘုရင် သူ့ရဲ့သားတော်လေး မွေးဖွားလာတဲ့အခါ သူ့ရင်ထဲမှာ တဖွားဖွားပေါ်ပေါက် လာတဲ့အချစ်နဲ့ အဲဒီက တစ်ဆက်တည်း ဆင်ခြင်မိပြီး သူ့ဖခင် ဗီမ္မိသာရမင်းကြီးအပေါ် ချစ်တဲ့စိတ်ပေါ်ပေါက်လာပုံ ဇာတ်ကွက်နှစ်ခုဟာ အဲဒီသိစိတ်နှစ်ခုရဲ့ ထင်ရှားတဲ့ ဥပမာဖြစ်တယ်ဗျ။

ပစ္စုပ္ပန်နဲ့ အတိတ်

ခံစားသိနဲ့ ဆင်ခြင်သိဆိုတာကို နောက်တစ်ဆင့်တက်ပြီး စဉ်းစားလိုက်တဲ့အခါ ခံစားသိဆိုတာ ပစ္စုပ္ပန်ကို ချစ်တဲ့ အချစ်ဖြစ်ပြီး ဆင်ခြင်သိဆိုတာ အတိတ် သို့မဟုတ် သမိုင်းကိုချစ်တဲ့အချစ်ဖြစ်တယ်ဆိုတာကို တွေ့ကြရမှာဖြစ်တယ်ဗျ။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်တယ်ဗျ။ အဲဒါရဲ့ အဓိပ္ပာယ်က ခုချိန်ခါမှာ ကျွန်တော်တို့နိုင်ငံဟာ ဘယ်တိုင်းတစ်ပါးလူမျိုးခြားနိုင်ငံတစ်ခုရဲ့ သိမ်းပိုက် ကျွန်ပြုမှုအောက်မှာမှ ရှိမနေတဲ့ နိုင်ငံဖြစ်တယ်ဗျ။ လွတ်လပ်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ ဘယ်လူမျိုးခြားကိုမှ သခင်ခေါ်စရာမလိုဘူးဗျ။ ဘယ်လူမျိုးခြားရှေ့မှာမှ ဒူးတုပ်ဝပ်တွားစရာ မလိုဘူးဗျ။ ကျွန်တော်တို့ ပြည်သူတွေ သဘောမတူဘဲ ဘယ်နိုင်ငံခြားသားကမှ ကျွန်တော်တို့နိုင်ငံပိုင် ပစ္စည်းအစအနတစ်ခုကို တောင်းယူလို့ မရဘူးဗျ။

ဒီအနေအထားကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်း နှစ်သက်ကြတယ်၊ ချစ်ကြတယ်ဗျာ။ ဒါပေမယ့် အဲဒီအချစ်ဟာ လွတ်လပ် အချုပ်အခြာ အာဏာပိုင်စိုးမှု ရှိနေတဲ့ လက်ရှိပစ္စုပ္ပန်အနေအထားကို ခံစားခွင့်ရရှိနေမှုကနေ ပေါ်ထွက်လာတဲ့ အဆင့်နိမ့်အချစ်သာ ဖြစ်တယ်ဗျ။ ကျွန်တော်တို့နိုင်ငံကို အဆင့်မြင့်နိုင်ငံတစ်ခု ဖြစ်စေချင်တယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးကို အဆင့်မြင့်တဲ့ အချစ်နဲ့ ချစ်ကြဖို့ လိုတယ်ဗျ။ သမိုင်းကို ပြန်လည်ဆင်ခြင် တွေးတောသုံးသပ်ပြီး မြတ်နိုးလေးစား တန်ဖိုးထားကြဖို့ လိုတယ်ဗျ။

ကျေးဇူးကို ဘယ်လိုသိမလဲ

ဒီတစ်နေ့ ကျွန်တော်တို့ နိုင်ငံအတွင်း အပြင်မှာရှိနေကြတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအနက် အသက် ၈၀ ဝန်းကျင်ရောက်နေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကလွဲပြီး ကျွန်တော် အပါအဝင် ကျန်သူအားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို မြင်ဖူးတွေ့ဖူးခဲ့ကြသူတွေ မဟုတ်ဘူးဗျ။ ဝန်းသိုစော်ဘွားကြီးတို့၊ ဆရာစံတို့၊ ဆရာတော် ဦးဥတ္တမတို့၊ ဆရာတော် ဦးဝိစာရတို့ဆိုရင်တော့ ပိုတောင်ဝေးသေးတာပေါ့ဗျာ။ ဒါပေမယ့် အဲဒီ ပုဂ္ဂိုလ်ကြီးတွေရဲ့နာမည်တွေကို ကျွန်တော်တို့ ဒီကနေ့ ဘာကြောင့် တဖွဖွရွတ်ပြီး တမ်းတ တိုင်တည်နေကြသလဲ။ ဒီကနေ့ ငါတို့လွတ်လပ် အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံသားတွေအဖြစ် ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ ရပ်တည်ခွင့်ရနေကြတာ အဲဒီပုဂ္ဂိုလ်ကြီးတွေနဲ့ ကျေးဇူးကြောင့်ဖြစ်တယ်ဆိုတဲ့အချက်ကို အလေးအနက်တွေးတော ဆင်ခြင်ပြီး သူတို့မက်ခဲ့တဲ့ အိပ်မက်တွေကိုဆက်မက်ရင်း ကိုယ်စွမ်းနိုင်သလောက် ကျေးဇူးဆပ်နေကြတာ ဖြစ်တယ်ဗျ။

သမိုင်းကို အလေးမထားရင်

သမိုင်းကို အလေးမထားသူ အများကြီးရှိနေတဲ့ နိုင်ငံတစ်ခုအတွက် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်း စတဲ့ ကောင်းမြတ်ခြင်း မရှိတာတွေဟာ အမြဲတမ်းတံလျှပ်လိုပဲ မိမလိုလိုဖြစ်လိုက် ပျောက်သွားလိုက်ဖြစ်နေမှာပဲ ဖြစ်တယ်ဗျ။ သဘာဝတရားကြီးထံက မျက်နှာသာပေးမှုကို ဘယ်လောက်ပဲရထားသည်ဖြစ်စေ အဲဒီနိုင်ငံတွေဟာ အဲဒီကောင်းမြတ်ခြင်း မင်္ဂလာတွေကို ဘယ်တော့မှ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ကြမှာ မဟုတ်ဘူးဗျ။

အမှားကို တာဝန်ယူသူတွေ

အခုအချိန် အဲဒီအချက်ကို သဘောပေါက်တဲ့နိုင်ငံတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတာကို တွေ့မြင်နေရတယ်ဗျ။ မကြာသေးခင်က ဖတ်ရတဲ့ သတင်းတစ်ပုဒ်မှာ ဂွါတီမာလာ သမ္မတက သူ့နိုင်ငံရဲ့ ၃၆ နှစ်ကြာ ပြည်တွင်းစစ်အတွင်း ၁၉၈၂ ခုနှစ်က အစိုးရတပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ အစုလိုက် အပြုံလိုက် သေပွဲဝင်ခဲ့ကြရရှာတဲ့ လူ ၂၀၀ ကျော်တို့ရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို အခမ်းအနားတစ်ခုမှာ တရားဝင် ဝန်ချတောင်းပန်လိုက်တယ်လို့ ပါတယ်ဗျ။ နောက်တစ်လလောက်အကြာမှာ အယ်လ်ဆာဗေးဒို သမ္မတကလည်း သူ့နိုင်ငံရဲ့ ၁၂ နှစ်ကြာ ပြည်တွင်းစစ်အတွင်း ၁၉၈၁ ခုနှစ်က မြို့တစ်မြို့မှာ လူ ၁၀၀၀ လောက်ကို အစိုးရစစ်တပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ကို အဲဒီမြို့အထိသွားပြီး တရားဝင်ဝန်ချတောင်းပန်ခဲ့တယ်လို့ သိရတယ်ဗျ။

ဒီလုပ်ရပ်တွေဟာ နိုင်ငံရဲ့လက်ရှိခေါင်းဆောင်တွေက သမိုင်းကို အလေးထားကြောင်း၊ သမိုင်းမှာ အုပ်ချုပ်သူတွေမှားခဲ့တဲ့ အမှားအတွက် တာဝန်ယူကြောင်း ပြသတဲ့လုပ်ရပ်တွေဖြစ်တာကြောင့် ချီးကျူးသြဘာပေးကြရမှာ ဖြစ်တယ်ဗျ။ မကြာသေးခင်တစ်ရက်ကလည်း ထိုင်းအစိုးရက အတိတ်မှာ ပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ကြရသူတွေ၊ ထိခိုက်နစ်နာခဲ့ကြရသူတွေအတွက် စုစုပေါင်း လျော်ကြေး ဒေါ်လာ ၆၃ သန်းပေးမယ့် အစီအစဉ်တစ်ရပ်ကို အတည်ပြုလိုက်တယ်လို့ သိရတယ်ဗျ။ ဒီလုပ်ရပ်ဟာလည်း ချီးကျူးလေးစားသင့်တဲ့ လုပ်ရပ်ဖြစ်တယ်ဗျာ။

စွန့်လွှတ်ခဲ့ကြသူတွေ

ကျွန်တော်တို့နိုင်ငံမှာလည်း အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ရုန်းကန်မှု အဆက်ဆက်မှာ ဘဝတွေ၊ အသက်တွေ စတေး ပေးဆပ်စွန့်လွှတ်ခဲ့ကြရသူတွေ အနမတဂ္ဂရှိခဲ့တာ အားလုံးအသိဖြစ်တယ်ဗျာ။ မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် အများစုဆိုရင်လည်း သူတို့ရဲ့ လူငယ်ဘဝတစ်ခုလုံး ဆုံးရှုံးသွားခဲ့ကြရသူတွေ ဖြစ်တယ်ဗျ။ တချို့ဆိုရင်လည်း ဘဝတွေ အစိပ်စိပ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားခဲ့ကြရတယ်ဗျ။ အသက်ကိုပါ ပေးဆပ်သွားခဲ့သူတွေလည်း မနည်းမနော ရှိခဲ့တယ်ဗျာ။

ဘဝတွေ ပြန်လည်ထူထောင်ပေးဖို့

အဲသလို အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသူတွေရဲ့ ကျေးဇူးကို အမြဲသတိရဖို့ဆိုတာ အဆင့်အတန်းမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ပဲဖြစ်ပါတယ်။ တာဝန်မသိ၊ ကျေးဇူးမသိတဲ့ လူ့အဖွဲ့အစည်းဟာ အနာဂတ်မရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်ဗျ။ ဒါကြောင့် တစ်ချိန်ချိန်မှာ အဲဒီလို သူရဲကောင်းတွေရဲ့ ဘဝ ပြန်လည်ထူထောင်ရေးကိစ္စကို နိုင်ငံတော်က တာဝန်ယူတဲ့အထိဖြစ်လာစေဖို့ ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်းတွန်းအားပေးကြရမှာ ဖြစ်တယ်ဗျာ။

အဲသလို ဖြစ်မလာသေးခင် လောလောဆယ်မှာတော့ လိပ်ပြာသန့်သန့် ရပ်တည်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ သဘောချင်း တိုက်ဆိုင်သူတွေ စုစည်းပြီး ဖောင်ဒေးရှင်းကလေးတစ်ခု ထူထောင်ဆောင်ရွက် လုပ်ကိုင်နေတာလောက်နဲ့ပဲ ကျေနပ်နေရသေးတယ်ဗျာ။

၂၄၊ ၀၁၊ ၂၀၁၂

မှတ်ချက်။ ကျွန်တော်တို့လုပ်နေတဲ့ ဖောင်ဒေးရှင်းက ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဖြစ်ပါတယ်။

maungwuntha@gmail.com
Tel: 095040994

Popular News ဂျာနယ်၊ ဖေဖော်ဝါရီ ၂ ၊ ၂၀၁၂ မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။


 

No comments: