“ပြည်သူလူထုရဲ့ ‘သိပိုင်ခွင့်’ ကို မလေးစားရင် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလို့ ဆိုနိုင်မှာလဲ။ တစ်ဦးတစ်ယောက်တည်းသာ သိပြီး တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တယ်ဆိုတာက အာဏာရှင်စနစ်ဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ချမှတ်ရမှာက မဲဆန္ဒရှင်ပြည်သူတွေ ဖြစ်တယ်။ မဲဆန္ဒရှင်ပြည်သူလူထု မသိအပ်တဲ့အရာ ဘာမျှ မရှိစေရဘူး။ တိုင်းပြည်နဲ့လူမျိုးရဲ့ ကံကြမ္မာနဲ့ ပတ်သက်တာမှန်သမျှ မဲဆန္ဒရှင်ပြည်သူတွေ သိခွင့်ရှိတယ်။ နိုင်ငံရေးသမားမှန်သမျှ ပြည်သူလူထုရဲ့ ‘သိပိုင်ခွင့်’ ရှိမှုက …”
စာဖတ်ဝါသနာပါပြီး စာတော်တော်ဖတ်တဲ့ လူငယ်လေးတစ်စုနဲ့ စကားပြောရင်း ဂျာနယ်တွေမှာ စာအမြဲတမ်းရေးနေတဲ့ ကလောင်အမည်တချို့ကို ရွတ်ပြပြီး ဘယ်သူဘယ်ဝါဆိုတာ သိပါသလားလို့မေးကြတော့ မသိတဲ့အကြောင်း ပြန်ပြောလိုက်တယ်။
စာလုပ်ငန်း ယဉ်ကျေးမှု
အားလုံး အံ့သြသွားကြပုံရတယ်။ တကယ်မသိလို့ မသိဘူးလို့ပြောလိုက်တာပါ။ သူတို့ပြောတဲ့ ကလောင်အမည်တွေဟာ ပရိသတ်ကစောင့်ဖတ်ကြတဲ့အမည်တွေ ဖြစ်တယ်။ ကိုယ်တိုင်လည်း သူတို့စာတွေကို မလွတ်တမ်းဖတ်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်သူဘယ်ဝါဆိုတာတော့ တစ်ခါမှမေးမကြည့်ဖူးပါဘူး။ သူတို့ရေးနေတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေက အယ်ဒီတာတွေ ကိုယ့်ဆီမပြတ် ဝင်ထွက်သွားလာနေကြပေမယ့် စောင့်စည်းတဲ့အနေနဲ့ မေးမကြည့်ခဲ့ဘူး။ ကိုယ်တိုင် အယ်ဒီတာ လုပ်ခဲ့သူဖြစ်တော့ လူမသိစေချင်လို့ ကလောင်အမည်ခံရေးတာကို အယ်ဒီတာက ကိုယ့်သဘောနဲ့ကိုယ် ဖွင့်မပြောသင့်ဘူးဆိုတဲ့ စာလုပ်ငန်းယဉ်ကျေးမှုကို စောင့်ထိန်းခဲ့တယ်။
ကျောင်းဆရာနဲ့ အရက်
စည်းကမ်းကျင့်ဝတ်အဖြစ် အတိအကျ ရေးသားပြဋ္ဌာန်းထားတာ မဟုတ်ပေမယ့် ဘယ်လုပ်ငန်းနယ်ပယ်မှာဆို လိုက်နာမှကောင်းတဲ့ ကျင့်ဝတ်မျိုးတွေ ရှိတတ်တယ်။ ဥပမာ ကျောင်းဆရာတစ်ယောက်ဟာ ကျောင်းချိန်ပြင်ပမှာတောင် အရက်သေစာသောက်စားခြင်းမပြုရလို့ တားဆီးပိတ်ပင်ထားတဲ့ ဥပဒေမရှိဘူး။ စည်းကမ်းကျင့်ဝတ်လည်း မရှိဘူး။ ဒါပေမယ့် မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ ဆရာလုပ်ပြီး အရက်မူးနေတာကို လူတွေက လက်မခံကြဘူး။ မြန်မာပြည်မှာနေပြီး ကျောင်းဆရာလုပ်ရင်တော့ ဒီကျင့်ဝတ်ကို လေးစားလိုက်နာသင့်တယ်။ ဒါဟာ ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်။ ကိုယ့်ဟာကိုယ်ကြိုက်လို့သောက်တာ သူများကိုမထိခိုက်ရင်ပြီးတာပဲ မဟုတ်လားလို့ ပြောစရာရှိတယ်။
အနန္တဂိုဏ်းဝင်
အဲဒီလို ပြောသူတွေအတွက်ကတော့ ကိုယ့်ကိုကိုယ် မြန်မာပြည်မှာလူဖြစ်လာရတာကိုပဲ အပြစ်တင်ပေတော့လို့ ပြောရလိမ့်မယ်။ ဒါမှမဟုတ်လည်း ကျောင်းဆရာမလုပ်ဘဲ တခြားအလုပ် ပြောင်းလုပ်ပေါ့။ မြန်မာလူမျိုးတွေက ကျောင်းဆရာကို အနန္တော အနန္တငါးပါးထဲတောင် ထည့်သွင်းပြီး အလေးအမြတ်ပြုကြသလို ကျောင်းဆရာတွေဆီက တောင်းဆိုမှုကလည်း ကြီးမားများပြားတယ်။ အနောက်နိုင်ငံတွေမှာ ကျောင်းဆရာက ကျောင်းသူတပည့်မကို လက်ထပ်ယူတာမျိုးကို ဘယ်သူကမှ အထူးအဆန်းလုပ် ပြောမနေကြဘူး။ မြန်မာပြည်မှာလည်း ဥပဒေအရ တားမြစ်ပိတ်ပင်ထားတာ မရှိပါဘူး။ ဒါပေမယ့် ယူတာတွေ့ကြည့်ပါလား။ အများတံတွေးခွက်မှာ ပက်လက်မျောပြီးသာ မှတ်ပေရော့ပဲ။
ရိုင်းပျတဲ့ အပြုအမူ
စာပေနယ်မှာလည်း သီးခြားလက္ခဏာဆောင်တဲ့ ကျင့်ဝတ်တွေရှိပါတယ်။ အယ်ဒီတာက ကလောင်အမည်ကို ထုတ်ဖော်မပြောအပ်သလို၊ သတင်းပေးသူ သတင်းရေးသူ ဘယ်သူဘယ်ဝါဆိုတာလည်း ထုတ်ဖော်ပြောကြားခြင်း မပြုရပါဘူး။ ဂျာနယ်၊ မဂ္ဂဇင်းတိုက်ကို အလည်သွားရင်းနဲ့ အယ်ဒီတာစားပွဲပေါ်မှာတွေ့ရတဲ့ စာမူထပ်ကြီးကို ဆွဲယူ ဖတ်ရှုတာမျိုးလည်း မလုပ်ရပါဘူး။ ဒါမျိုးကတော့ စာပေနယ်မှ မဟုတ်ပါဘူး။ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် မလုပ်အပ်တဲ့အရာ ဖြစ်တယ်။ တခြားသူတစ်ဦးတစ်ယောက်ရဲ့ စားပွဲပေါ်က စာဖြစ်ဖြစ်၊ စာအုပ်ဖြစ်ဖြစ် ဆိုးခနဲ ဆတ်ခနဲ ဆွဲယူကြည့်ရှုတာ အင်မတန်ရိုင်းပျပါတယ်။ လူ့ယဉ်ကျေးမှန်သမျှ ရှောင်ကြဉ်ရပါတယ်။
အားလုံး အသိပေးပြီး
လူတစ်ဦးတစ်ယောက်က မသိစေချင်လို့ တမင်ဖုံးကွယ်လျှို့ဝှက်ထားတာကို ဇွတ်အတင်းသိအောင် မလုပ်သင့်ဘူး။ တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ (Privacy) ကို လေးစားရပါမယ်။ ဒါက ပုဂ္ဂလိက လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြောတာပါ။ နိုင်ငံရေးနယ်ပယ်မှာတော့ အဲဒီလိုမဟုတ်ဘူး။ လူမျိုးတစ်မျိုးလုံးနဲ့ သက်ဆိုင်တဲ့ တိုင်ရေးပြည်ရေးကိစ္စ မှန်သမျှကို တိုင်းသူပြည်သားအားလုံးကို အသိပေးပြီး ပြည်သူအားလုံးရဲ့ အဆုံးအဖြတ်ကို တောင်းခံရပါတယ်။ ပြည်သူမသိအောင် ဘာမှမလုပ်ရပါဘူး။ အရေးကြီးတဲ့ကိစ္စ မှန်သမျှကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုတင်ပြပြီး အဆုံးအဖြတ် ရယူရတယ်။ ပိုပြီးအရေးကြီးတဲ့ကိစ္စမျိုးဆိုရင် တစ်မျိုးသားလုံးရဲ့ဆန္ဒကို ပြည့်သူ့ဆန္ဒခံယူပွဲကျင်းပပြီး တောင်းခံရပါတယ်။
ပြည်သူ့အဆုံးအဖြတ် နာခံ
ဒါက ဒီမိုကရေစီရဲ့အနှစ်သာရ ဖြစ်တယ်။ အရာရာမှာ အကြွင်းမဲ့ အာဏာပိုင်စိုးသူဟာ ပြည်သူလူထုသာဖြစ်တယ် ဆိုတဲ့သဘော ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် တိုင်းပြည်ရဲ့အခြေအနေကို တိုင်းသူပြည်သားအားလုံး သိရှိရအောင် အစိုးရက ပုံမှန်ရှင်းလင်းတင်ပြမှုတွေ လုပ်ကြတယ်။ တချို့က တစ်လတစ်ကြိမ်၊ တချို့က တစ်ပတ်တစ်ကြိမ် ပြုလုပ်ကြတယ်။ အရာရာကို ပြည်သူလူထုကို အသိပေးပြီး ပြည်သူ့အဆုံးအဖြတ်ကို နာခံတယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဒီလိုတင်ပြရုံလောက်နဲ့ မလုံလောက်သေးဘူးထင်ရင် လွှတ်တော်နဲ့ နိုင်ငံတော် မော်ကွန်းတိုက်မှာရှိတဲ့ အစိုးရ စာရွက်စာတမ်းတွေ၊ မှတ်စုမှတ်ရာတွေကို တောင်းယူစစ်ဆေးကြည့်ရှုနိုင်ကြတယ်။
သိပိုင်ခွင့်
အရေးကြီးကိစ္စအဖြစ်သတ်မှတ်တဲ့ လျှို့ဝှက်နဲ့ ကန့်သတ် စာရွက်စာတမ်း၊ မှတ်စုမှတ်ရာတွေကိုလည်း သက်တမ်း၂၅ နှစ်သာ ပိတ်ပင်တားဆီးထားတယ်။ ၂၅ နှစ်ပြည့်တာနဲ့ ကန့်သတ်စာရင်းက ပယ်ဖျက်ပြီး ဘယ်သူမဆို ကြည့်ရှုခွင့်ပေးတယ်။ တစ်ချို့ကိစ္စများဆိုရင် အစိုးရတွေက ကန့်သတ်ထားပေမယ့် အခြေခံဥပဒေခုံရုံးက တိုင်းသူပြည်သားများရဲ့ သိပိုင်ခွင့် (Rights to Know ) အရ ကန့်သတ်ချက်ကို ပယ်ဖျက်ရမယ်လို့ ဆုံးဖြတ်လို့ဖွင့်ပေးလိုက်ရတာတွေ ရှိတယ်။
လေးစားဖို့ အထူးလိုအပ်
ပြည်သူလူထုရဲ့ ‘သိပိုင်ခွင့်’ ကို မလေးစားရင် ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလို့ ဆိုနိုင်မှာလဲ။ တစ်ဦးတစ်ယောက်တည်းသာ သိပြီး တစ်ဦးတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တယ်ဆိုတာက အာဏာရှင်စနစ်ဖြစ်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ချမှတ်ရမှာက မဲဆန္ဒရှင်ပြည်သူတွေ ဖြစ်တယ်။ မဲဆန္ဒရှင်ပြည်သူလူထု မသိအပ်တဲ့အရာ ဘာမျှ မရှိစေရဘူး။ တိုင်းပြည်နဲ့လူမျိုးရဲ့ ကံကြမ္မာနဲ့ ပတ်သက်တာမှန်သမျှ မဲဆန္ဒရှင်ပြည်သူတွေ သိခွင့်ရှိတယ်။ နိုင်ငံရေးသမားမှန်သမျှ ပြည်သူလူထုရဲ့ ‘သိပိုင်ခွင့်’ ရှိမှုကို လေးစားကြဖို့ အထူးလိုအပ်ပါတယ်။
၂၀. ၀၂. ၂၀၁၂ ထုတ် Favourite News Journal မှာ ပါတဲ့ ဆောင်းပါး။
No comments:
Post a Comment