“ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ အရောင်အသွေး အမျိုးအစားစုံ ပန်းတိုင်းပွင့်စေရမယ်။ အတွေးအခေါ် အယူအဆပေါင်းစုံ လွတ်လွတ်လပ်လပ် ထွန်းကားစေရမယ်။ အားလုံး လွတ်လွတ်လပ်လပ် ငြင်းခုန်ဆွေးနွေးဖို့ အားပေးရမယ်။ ငြင်းခုန်ခြင်းဟာ ရန်ဖြစ်တာ မဟုတ်ဘူး …”
ညီညွတ်ရင် အလုပ်တွင်တယ်။ ကောင်းတယ်။ မညီညွတ်ရင် အလုပ်မတွင်ဘူး။ ဖင့်နှေးတယ်။ ဒါပေမယ့် မညီညွတ်တာ မကောင်းဘူးလို့တော့ တထစ်ချပြောလို့ မရဘူး။ ညီညွတ်တိုင်း ကောင်းတယ်လို့ ပြောမရနိုင်တာမျိုးရှိသလို မညီညွတ်လို့ ကောင်းသွားတာမျိုးလည်း ရှိတယ်။
ကျွန်အဖြစ်တော့ မနေဘူး
အင်္ဂလိပ်လက်အောက်မှာ နေရတာကောင်းတယ်။ အဘက်ဘက်က တိုးတက်တယ်လို့ လူတိုင်းတညီတညွတ်တည်း သဘောထားနေကြရင် လွတ်လပ်ရေးဆိုတာ ရှိခဲ့မှာတောင် မဟုတ်ဘူး။ မျက်နှာဖြူတွေကို သခင်ခေါ်၊ ရှိခိုးဦးတင်လုပ်ပြီး သူတို့ စားကြွင်းစားကျန် အရိုးအရင်းကိုက်ရတဲ့ ကျွန်အဖြစ်နဲ့တော့ မနေဘူး။ ကိုယ့်မင်းကိုယ့်ချင်း သခင်ဘဝနဲ့ ထမင်းကြမ်းပဲ ယပ်ခတ်စားနေမယ်ဆိုတဲ့ သဘောကွဲသူတွေကြောင့်သာ အခုလို လွတ်လပ်တဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ အင်္ဂလိပ်လက်အောက် နေရတာကောင်းတယ် ဆိုသူတွေက လွတ်လပ်ရေးရပြီးမှ ဘယ်မှာ ကောင်းကောင်းနေရတာရှိလို့လဲလို့ အပြစ်ပြောကြတယ်။
ဒုက္ခတွေ များကြ
မှန်တယ်။ လွတ်လပ်ရေးရပြီးနောက်ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြောင့် အိပ်ကောင်ခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရနဲ့ ဒုက္ခတွေများကြရတယ်။ တောသူတောင်သားတွေ လယ်တွေယာတွေ စွန့်ပစ်ပြေးကြရပြီး မြို့မှာ ကြုံရာကျပန်း အလုပ်ကြမ်းတွေ လုပ်ကြရတယ်။ အာရှတိုက်ရဲ့ အချမ်းသာဆုံးနိုင်ငံအဖြစ်ကနေ အဆင်းရဲဆုံးနိုင်ငံအဖြစ် လျောကျသွားခဲ့ရတယ်။ ဒါပေမယ့် ဒါတွေဟာ လွတ်လပ်ရေးကြောင့်ဖြစ်ရတာ မဟုတ်ဘူး။ အများပြောနေကြသလို မညီညွတ်လို့ဖြစ်ရတာ မဟုတ်ဘူး။ ညီညွတ်ရေးဆိုတဲ့စကားကို အဓိပ္ပာယ်ကောက်လွဲလို့ ဒီမိုကရေစီရဲ့ အနှစ်သာရလို မျက်ကွယ်ပြုကြလို့ဖြစ်တယ်။
လူ ၁၀ ယောက်၊ အကြိုက် ၂၀
ညီညွတ်ရေးအကြောင်း ပြောကြတဲ့အခါမှာ ‘ရေကိုသားလို့ အကြားမထင်’ ဆိုတဲ့စကားနဲ့ တင်စားပြောဆိုလေ့ရှိတယ်။ ဒါက စကားအဖြစ်သာပြောတာ။ လက်တွေ့လူ့လောကမှာ ဖြစ်နိုင်တာမျိုး မဟုတ်ဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးရှိခြင်းဟာ ဓမ္မတာတရားဖြစ်တယ်။ လူ ၁၀ ယောက်ရှိရင် စိတ် ၁၀ မျိုးနဲ့ အကြိုက် ၂၀ တောင် ရှိနိုင်သေးတယ်။ တစ်မိတည်းဖွားတဲ့ ညီအစ်ကိုမောင်နှမများတောင် စိတ်သဘောထားချင်း တစ်ထပ်တည်းကျတယ်လို့ မရှိနိုင်ဘူး။ တစ်ယောက်အကြိုက် တစ်မျိုးရှိကြမှာပဲ။ ဒါပေမယ့် အိမ်ဆိုတဲ့ အမိုးတစ်ခုတည်းအောက်မှာ အတူနေနိုင်ကြတယ်။ အတူနေရင်း ကိုယ်နှစ်သက်ရာ ဝါသနာပါရာ လုပ်ကြမြဲဖြစ်တယ်။
စိတ်ကြိုက် ရွေးချယ်ခွင့်
တင်းနစ်ရိုက်ဝါသနာပါတဲ့ အစ်ကိုအကြီးဆုံးက တခြားညီတွေ၊ နှမတွေကို တင်းနစ်မကစားလို့ဆိုပြီး ရန်လုပ်လို့ ဘယ်ဖြစ်မှာလဲ။ ဘောလုံးကန်ချင်သူ ကန်ပါစေ၊ ဘတ်စကက်ဘော ကစားချင်သူ ကစားပါစေ၊ ကရာတေး ကစားချင်သူ ကစားပါစေလို့ သဘောထားရမှာပဲ။ ဘာအားကစားမှ ဝါသနာမပါဘူးဆိုပြီး ဘာမှ မလုပ်ချင်သူလည်း နေပါစေပေါ့။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့လူတိုင်း လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတာကို အသိအမှတ်ပြုရမှာပါ။ လူတိုင်း လူတိုင်း ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ်၊ စိတ်ကြိုက်ရွေးချယ် လုပ်ပိုင်ခွင့်ရှိခြင်းဟာ လွတ်လပ်ခြင်းရဲ့ သဘောသဘာဝ ဖြစ်တယ်။ ဒါမှမရှိရင် လွတ်လပ်ခြင်းဆိုတာ အဓိပ္ပာယ်မရှိတော့ဘူး။
ဇွတ်အတင်း ဆွဲသွင်းလို့
ညီညွတ်ချင်းဆိုတာ တစ်ဦးချင်းလွတ်လပ်မှုတွေကို နားလည်လက်ခံပြီး တည်ဆောက်ရတာဖြစ်တယ်။ မညီမညွတ်ဖြစ်ပြီး ကွဲကြ၊ ပြဲကြတယ်ဆိုတာဟာ တစ်ဦးချင်းရဲ့ လွတ်လပ်မှုကို အသိအမှတ်မပြုလို့ဖြစ်တယ်။ ဂျီစီဘီအေလည်း ကွဲတယ်။ တို့ဗမာအစည်းအရုံးလည်း ကွဲတယ်။ ဖဆပလလည်း ကွဲ၊ ကွန်မြူနစ်လည်း ကွဲတယ်၊ ဆိုရှယ်လစ်လည်း ကွဲ၊ ပြည်သူ့ရဲဘော်လည်း ကွဲ၊ တည်မြဲသန့်ရှင်းလည်း ကွဲဆိုတဲ့ အကွဲအပြဲဇာတ်လမ်းတွေဟာ တစ်ဦးချင်းလွတ်လပ်ခွင့်ကို အသိအမှတ်မပြုဘဲ တစ်သွေး တစ်သံ တစ်မိန့်အောက်ကို ဇွတ်အတင်းဆွဲသွင်းလို့ ပေါ်ပေါက်လာရတာ ဖြစ်တယ်။ ဖဆပလ အဖွဲ့ကြီးဆိုတာဟာ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ တပ်မတော်သားတွေ၊ ပြည်သူ့ရဲဘော်တွေအပြင် ဘယ်ပါတီမှမပါတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေလည်း ပူးပေါင်းပါဝင်ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုကြီးဖြစ်တယ်။
ဂျပန်က ပါတီကြီး
တပ်ပေါင်းစုရဲ့သဘောက ရည်ရွယ်ချက်တူတာတွေကို အတူလက်တွဲလုပ်ဆောင်ပြီး မတူတာတွေကို ကိုယ့်ပါတီနဲ့ကိုယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိခြင်းဖြစ်တယ်။ ဒီအတိုင်း လက်တွေ့မကျင့်သုံးနိုင်ခဲ့လို့ ကွဲကြခွဲကြရတာ ဖြစ်တယ်။ ဂျပန်နိုင်ငံက ‘အယ်လ်ဒီပီ’ ဆိုတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ စစ်ပြီးကတည်းက အာဏာကို အကြာကြီးဆုပ်ကိုင်ထားနိုင်တဲ့ သက်တမ်းအရှည်ဆုံးပါတီကြီးဖြစ်တယ်။ အဲဒီပါတီကြီးအတွင်းမှာ ဂိုဏ်းဂဏအုပ်စုပေါင်း တစ်ဒါဇင်လောက် အတိအလင်းတည်ရှိနေခဲ့တယ်။ ပါတီတွင်းက အာဏာလုပွဲတွေ ခဏခဏဖြစ်ပြီး ပါတီဥက္ကဋ္ဌတွေ တစ်နှစ်တစ်ယောက်လောက် ပြောင်းလေ့ရှိတယ်။ ဒါပေမယ့် ပါတီထဲက တစ်ယောက်စ၊ နှစ်ယောက်စထွက်သွားပြီး သီးခြားပါတီထောင်တာမျိုးရှိပေမယ့် ပါတီအကြီးအကျယ်ကွဲသွားတယ် ဆိုတာမျိုးတော့မရှိခဲ့ဘူး။ ဂိုဏ်းအုပ်စုအားလုံးက ‘အယ်လ်ဒီပီပါတီ’ ကို စွဲစွဲမြဲမြဲဖက်တွယ်ထားကြတယ်။
မတူသူများရဲ့ ပေါင်းစည်းမှု
အယ်လ်ဒီပီစိတ်ဓာတ်ဟာ ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီကျင့်စဉ်ဖြစ်တယ်။ အမြင်မတူသူများရဲ့ ပေါင်းစည်းညီညွတ်မှုဖြစ်တယ်။ တစ်သွေးတစ်သံတစ်မိန့်ကို နာခံဖို့ အတင်းအကြပ် မတောင်းဆိုဘူး။ လူတိုင်း ကိုယ့်သီးခြားအမြင်၊ မတူတဲ့ အယူအဆကို ဆုပ်ကိုင်ထားပြီး ပါတီတွင်းမှာ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရှိတယ်။ စည်းရုံးတာလည်း လုပ်နိုင်တယ်။ ပါတီဝင်အများစုက ထောက်ခံရင် ပါတီခေါင်းဆောင် ဖြစ်လာနိုင်တယ်။ ပါတီခေါင်းဆောင်ဆိုတာ ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်လည်း ဖြစ်တယ်။ ပါတီဝင်အများစုက မကြိုက်တော့ဘူးဆိုရင်လည်း လပိုင်းနဲ့ ပြုတ်ကျသွားနိုင်တယ်။
ကြောက်လို့ ငြိမ်နေရတာ
နိုင်ငံရေးစကားပြောကြတဲ့အခါတွေမှာ လူတိုင်းညီညွတ်ရေးစကား ပြောမြဲဖြစ်တယ်။ ညီညွတ်တာ ကောင်းတယ်။ ဒါပေမယ့် ဘယ်လိုညီညွတ်ရေးမျိုး ဖြစ်သင့်တယ်ဆိုတာကိုလည်း ရှင်းလင်းပြောကြားသင့်တယ်။ အာဏာရှင်စနစ်အောက်မှာ ကြောက်လို့ငြိမ်နေရတဲ့ တစ်သွေးတစ်သံတစ်မိန့် ညီညွတ်ရေးမျိုးမဖြစ်ဖို့တော့ လိုပါတယ်။ ဝါသနာချင်း၊ အကြိုက်ချင်း၊ စရိုက်ချင်းမတူကြတဲ့ ညီအစ်ကိုမောင်နှမတွေ တစ်အိမ်တည်းမှာ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ပါးပါး နေထိုင်ကြတဲ့ ညီညွတ်ရေးမျိုးသာ ဖြစ်သင့်တယ်။ တစ်အူထုံ့ဆင်းမောင်နှမ ရင်းချာတွေဖြစ်ပေမယ့် စိတ်ချင်းတစ်ထပ်တည်းကျတယ် ဆိုတာမျိုး မရှိနိုင်တာကို အားလုံးနားလည်လက်ခံပြီး နေထိုင်ကြတဲ့ညီညွတ်ရေးမျိုးသာ ဖြစ်သင့်တယ်။
ပန်းတိုင်း ပွင့်စေရမယ်
အတင်းအကြပ် ပေါင်းစည်းခိုင်းရင် ပိုပြီးဝေးကွာသွားမှာ သေချာတယ်။ မတူတာကို တူအောင် ဇွတ်ညှိရင် နှစ်ဦးနှစ်ဖက် ထိခိုက်မှာ သေချာတယ်။ မတူတဲ့အတိုင်း ပေါင်းစည်းနေထိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားခြင်းဟာ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိတဲ့ သဘောဖြစ်တယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ အရောင်အသွေး အမျိုးအစားစုံ ပန်းတိုင်းပွင့်စေရမယ်။ အတွေးအခေါ် အယူအဆပေါင်းစုံ လွတ်လွတ်လပ်လပ် ထွန်းကားစေရမယ်။ အားလုံး လွတ်လွတ်လပ်လပ် ငြင်းခုန်ဆွေးနွေးဖို့ အားပေးရမယ်။ ငြင်းခုန်ခြင်းဟာ ရန်ဖြစ်တာ မဟုတ်ဘူး။ မတူတဲ့ အယူအဆတစ်ခုကို ထုတ်ဖော်တင်ပြတာ ဖြစ်တယ်။ ရှေးခေါမခေတ် လူသားတွေအပြန်အလှန် ဆွေးနွေးငြင်းခုန်လုပ်ကြရာက ဒီမိုကရေစီသဘောတရားတွေ ပေါ်ထွန်းလာရတာမဟုတ်လား။
Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment