Tuesday, February 7, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၉)

နှမ ထိရင် တုတ်မိမယ်

ထိန်ကုလားကုန်း အဖိုး ဇာတိချက်မြှုပ်ပေါ့။ အဲဒီရွာမှာ အဖိုး အမျိုးတွေ ရှိတယ်။ အဖိုးညီမ မကြည် ဆိုတာ ရှိတယ်။ အဖိုး ညီမဝမ်းကွဲပေါ့။ အဲဒီရွာက ဆရာကိုထွန်းမြတ်က အသက်ကြီးနေပြီ။ ၄ဝ လောက်ရှိပြီ။ အဖိုးညီမက ၁၇ နှစ်လောက်ပဲ ရှိဦးမယ်။

ဆရာထွန်းမြတ်က မကြည်ကို ကြိုက်လို့တဲ့။ ဒါကို အဖိုးကသိတော့ ဝမ်းကွဲအကိုတွေကို ပြောတယ်။

“ဟေ့ကောင် မောင်လှ။ ဆရာဦးထွန်းမြတ် တို့ညီမကို ပိုးနေပြီတဲ့”

“ဟင်း သူ့အသက် ဒီလောက်ကြီးတာ။ တို့နှမကို ပိုးနေသေးတယ်”

အဖိုးတို့ ညီအကိုတွေကလည်း ဒီလိုပြောကြတယ်။

အဖိုးကတော့ ဘာမှ မပြောဘူး။ ညနေလောက်ကျတော့ မကြည်တို့အိမ် အဖိုး သွားတာပဲ။ သိပ်မဝေးဘူး။ ၅ မိနစ်လောက်ပဲ လမ်းလျှောက်ရတယ်။

မကြည် အမေက “နင့်အကို လာတယ်ဟေ့” လို့ မကြည်ကို လှမ်းပြောတယ်။

အဖိုးလည်း အိမ်ပေါ်တက်သွားပြီး မကြည်ကို မေးတယ်။

“နင် ငါ့ကို မှန်မှန်ပြော။ ငါ့ကို မောင်လှတို့၊ လှကျော်တို့ ပြောတယ်။ ဆရာဦးထွန်းမြတ် နင့်ကို စာပေးတယ်ဆို ဟုတ်လား”

သူကလည်း “ဟုတ်တယ်” တဲ့။

“နင် ကြိုက်သလား” လို့မေးတော့ ...

“ဘယ်ကြိုက်မလဲ” တဲ့။ 

သူက အဲဒီလိုပြောပြီး မျက်ရည်တွေ ကျတယ်။ အဖိုးလည်း စိတ်မကောင်းဘူး။

“တိတ် တိတ် မျက်ရည်တွေ သုတ်လိုက်။ နင် မကြိုက်ဘူးဆိုတာ သေချာတယ်နော်” 

အဖိုးက သေချာအောင် ပြန်မေးတာ။

“ အကိုကလည်း မကြိုက်ဘူး”

“မကြိုက်ရင်ပြီးရော ငါပြန်မယ်” ဒီလိုပြောပြီး အဖိုး ပြန်လာတယ်။

အဖိုးစိတ်ထဲမှာတော့ ဒီဆရာကို ငါချမယ်။ ဒီလို ကြိမ်းတာ။

အဖိုးတို့နေတဲ့အိမ်က မောင်ဖေတင်ဆိုတာ သူ့ ‘ဇာဝီတုတ်’ ရှိတယ်။ ငါးမူးလုံးလောက် ရှိတယ်။ ဆိုင်းတွေ ဘာတွေ တီးတဲ့ တုတ်ပေါ့။ အဲဒီတုတ်က အဖျားမှာ ကြိမ်လုံးကို သံနဲ့ လောင်းထားတာ။ အရှည် တတောင့်ထွာလောက် ရှိမယ်။ ဒီတုတ်ကို သူက အိမ်ခေါင်မိုးထုပ်တန်းမှာ တင်ထားတာ။ အဖိုးက ဆွဲချတာပေါ့။

“ဟေ့ ညီလေး ဒါ ဘာလုပ်ဦးမလို့လဲ”

“ငါ ခဏပဲ ကိုင်မှာပါကွ။ မင်းဟာ ငါ ပြန်ယူလာမယ်”

“မင်း ဘာလုပ်မလို့လဲ။ မင်းတော်တော် ဂွကျတဲ့ကောင်ပဲ။ ဘယ်မှာသွားပြီး ပြဿနာရှာဦးမလဲ”

“ဘယ်မှာမှ မရှာပါဘူး အစ်ကိုရ” ဒီလိုပြောတော့ သူက အဖိုး လက်ကို ဖမ်းဆွဲထားတယ်။

“မင်း ဘယ်ယူသွားမလို့လဲ”

“တို့ညီမကို ဆရာဦးထွန်မြတ်က စာပေးလို့။ မကြည်ကို ငါ သွားမေးတော့ သူ ငိုတယ်။ သူ မကြိုက်ဘူးလို့ ပြောတယ်။ ဒီဆရာကို ဒီည ငါ ရိုက်မလို့”

ဒီတော့ အကိုက “အေး သွားသွား မင်းသေအောင်တော့ မလုပ်နဲ့” လို့ ပြောတယ်။

အဖိုးသွားတော့ နည်းနည်းမှောင်နေပြီ။ လမ်းမှာ လူတွေနဲ့ အတွေ့မခံဘူး။ ဦးထွန်းမြတ်အိမ်ရှေ့ရောက်တော့ အဖိုးက အမှောင်ထဲကနေ ကြည့်နေတယ်။

၁၁ နာရီ ထိုးခါနီးပြီ။ အဲဒီအချိန်မှာ ဒီဆရာက အလှူက ပြန်လာတာ။

အဖိုးက အသာလေး နောက်ယောင်ခံပြီးတော့လိုက်တာ။ သူ လှေခါးပေါ်တက်တော့ အသာလေး သူ့နောက်ကနေပြီး လိုက်တယ်။ နောက်တော့ ခေါင်းကို ‘ဒုတ်ခနဲ’ ရိုက်ချလိုက်တာ။ အဖိုး နားထဲမှာ ‘ခွပ်ခနဲ’ အသံကြားလိုက်ရတယ်။ သွေးတွေကျလား ဘာလား မပြောတတ်ဘူး။ သူ အဖိုးကို လက်လှမ်းဆွဲသေးတယ်။
အဖိုးက လှေကားကနေ နောက်ပြန်လှန်ချလိုက်တော့ အိမ်အောက်ကို ပြန်ကျသွားတာပေါ့။ အဖိုး ပြန်လာတော့ အကိုက အိပ်နေပြီ။

အဖိုး အခန်းထဲဝင်တော့ “မင်း ပြန်လာပြီလား”

“ပြန်လာပြီ”

“မင်း ရိုက်ပြီးပြီလား။ မင်း ဘယ်လိုလုပ်လိုက်လဲ” တဲ့။

အဖိုးက ပြောပြတာပေါ့။ ဒီတော့ သူက စိတ်ပူတယ်။

“မင်းလုပ်တာ သေများသေသွားပြီလားကွာ”

“မသိဘူး။ နားထဲမှာတော့ ‘ခွပ်ခနဲ’ အသံတချက်တော့ ကြားတာပဲ”

မနက်လင်းတော့ ဆရာထွန်းမြတ်ကို အိမ်ပေါ်မှာ တက်ရိုက်လို့ဆိုပြီး သတင်းထွက်တာပဲ။ သေတော့ ဘယ်သေမလဲ။

ကျောင်းဆရာ မောင်တင့်ကို ချပြန်ပြီ

ကျောင်းဆရာတယောက် ရှိသေးတယ်။ ကရင်နဲ့ ဗမာကပြား ဆရာမောင်တင့်။ သူ့အမေက ကရင်၊ သူ့အဖေက ဗမာပေါ့။ ကျွန်းကျောင်းရွာမှာ အဖိုးတို့က ဘာစောင့်နေလဲဆိုတော့ ရန်သူတွေ ပြန်ထွက်လာမှာကို စောင့်နေတာ။ အဲဒီတုန်းက အသက် ၂၂ နှစ်ပေါ့။ တော်လှန်ရေးထဲ ရောက်နေပြီ။

ဟို ကျောင်းဆရာ ဦးထွန်းမြတ်ကို ရိုက်တုန်းက တော်လှန်ရေးထဲ မရောက်သေးဘူး။

အဖိုးတို့က လှည်းလမ်းကြောင်းမှာ နေရာယူထားတယ်။ အဖိုးက လှည်းလမ်းကြောင်း အလယ်ခေါင်တည့်တည့် နေရာယူထားတယ်။ ဒီကောင်တွေလာရင် ချမယ်လို့။ အဖိုးနဲ့အတူ အကိုဝမ်းကွဲ အစ်ကိုကြီး ညွန့်မောင်လည်း ပါတယ်။

အဖိုးဆီကို သူက ‘ဖောက်-ဖောက်-ဖောက်’ နဲ့ ပြေးချလာတာ။

အနားရောက်တော့ ဘာဖြစ်တာလဲ မေးတော့ “ဆရာမောင်တင့်တယောက်တော့ ဆူးချောင်းမှာ ဆဲဆိုတာကွာ မကြားရဲဘူး”

ပထမတော့ အဖိုးက စိတ်ထိန်းသေးတယ်။ ဒီကျောင်းဆရာကလည်း ခပ်ဆိုးဆိုးပဲ။ နောက်တော့ “ဒီလောက်ဆိုးတဲ့ ဆရာ ချပစ်လိုက်” လို့ပြောတော့ ကိုညွန့်မောင်က သေနတ်ဆွဲပြီး ပြန်ဆင်းသွားတယ်။

အဲဒီအချိန်မှာ ရန်သူတွေ ရေကူးပြီးတော့ ဖြတ်လာတယ်။ အဲဒီမှာ အဖိုးတို့ တိုက်ပွဲဖြစ်ကြတာပေါ့။ အဖိုးတို့ သေနတ်တွေ ရလိုက်တယ်။

နောက်တော့ ကိုညွန့်မောင် သေနတ်နှစ်လက်နဲ့ ပြန်ရောက်လာတယ်။ သူ ယူသွားတာ တလက်။ နောက်တလက်ပါ သူ ပြန်ထမ်းလာတယ်။

“မင်း ဆရာ မင်းပြောသလိုပဲ ငါ ချလိုက်ပြီ။ ဧရာဝတီမြစ်ထဲ မျောလိုက်ပြီ” တဲ့။

အဖိုးတို့က အဲဒီလိုလုပ်တာ။ မတရားတာ မဟုတ်တာလုပ်ရင် နည်းနည်းလေးမှ မခံချင်ဘူး။ အဲဒီခေတ်တုန်းက အဖမ်းအဆီးမရှိဘူး။ သတ်နေ၊ ရိုက်နေတာတွေ ဖြစ်နေကြတာပဲ။ ခေတ်ပျက်နေတာကိုး။
ထိန်ကုလားကုန်းက ပန်းတနော်မြို့နယ်ထဲမှာ။ အဲဒီက ရိုက်ပြီးရင် ဝါးခယ်မမြို့နယ်ထဲကို ကူးသွားတာပဲ။ အဲဒီတုန်းက တမူးလား၊ တပဲလား ဒါပဲ ပေးရတယ်။ ဝါးခယ်မမြို့နယ်မှာ ရိုက်ပြီးရင် ပန်းတနော်မြို့နယ်ကို ပြန်တက်လာတာပဲ။ စုန်ချီ၊ ဆန်ချီနဲ့ တခါတလေ ကုန်းကြောင်းပဲ လျှောက်တာပဲ။ ကုန်းကြောင်းလျှောက်ရင် သိပ်မနီးဘူး။ လမ်းမှာ တညအိပ်ရတယ်။

ဆက်လက်ဖော်ပြပါမယ်။ 


 

1 comment:

Anonymous said...

He was not a good character according to his words, nothing to impress kyaw thaung, you chatted up with everyone you like but you can not let other people do to your sister, what a coward.