“မင်းကိုနိုင် သရက်ထောင်က လွတ်လာတော့ မြို့လူထုက ခွပ်ဒေါင်းအလံ တလူလူလွှင့်ပြီး ကြိုဆိုကြတယ်။ အဓိပ္ပာယ် အများကြီးရှိတယ်။ ခွပ်ဒေါင်းအလံ မိုးယံမှာ လွင့်ပျံနေပါစေ။ မြေမှာချပြီး နင်းချေမပစ်ပါနဲ့။ သူများနောက်က နောက်မြီးဆွဲလုပ်ပြီး မလိုက်ပါနဲ့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါလိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ခွပ်ဒေါင်းကို သူ့နေရာမှန်မှာပဲ လွင့်ပျံပြီး အိုးဝေသံကျူးရင့်ပါစေဆိုတဲ့ …”
၂၅. ၁. ၂၀၁၂ နေ့ခင်းက မင်းကိုနိုင်ရောက်လာပြီး နှုတ်ဆက်ပါတယ်။ သူနဲ့အတူ သူ့ရဲဘော်နှစ်ယောက် ပါလာတယ်။ ဂျာနယ်တွေ မပြတ်ဖတ်နေရလို့ ပြင်ပအခြေအနေတွေ သိသင့်တာမှန်သမျှ သိထားတာ တွေ့ရလို့ ဝမ်းသာရတယ်။ အထူးသဖြင့် ကျန်းကျန်းမာမာနဲ့ လူလုံးမပျက် ပြန်ရောက်လာတာ တွေ့ရလို့ ပိုပြီးဝမ်းသာရတယ်။
တစ်လေသံတည်း ထွက်
အတော်ကြာကြာ စကားစမြည်ပြောပြီးတဲ့အခါက ဆုံးမစကားတွေ ကြားပါရစေဦးလို့ ပြောလာတယ်။ ပြောစရာ မလိုပါဘူး။ ထောင်ထဲမှာ အကြာကြီးနေပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ကြမှာဖြစ်ပေမယ့် ပြည်သူတွေကြားမှာနေပြီး၊ ပြည်သူတွေအတွက် နိုင်ငံရေးဆက်လုပ်မယ်ဆိုတဲ့ ရပ်တည်ချက်ကတော့ တစ်ဆံချည်လောက်တောင် ရွေ့လျားမသွားခဲ့ဘူး။ သရက်ထောင်က လွတ်တဲ့သူရော၊ တောင်ကြီးထောင်က လွတ်တဲ့သူရော၊ ကလေး၊ ခနီး္တ စတဲ့ ထောင်တွေကလွတ်တဲ့သူရော၊ တိုင်ပင်မနေရဘဲနဲ့ တစ်ခွန်းတည်းသောစကားကို တညီတညွတ်တည်း ပြောကြတယ်။ ပါတီ မထောင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး၊ ဒီမိုကရေစီအရေးဆောင်ရွက်သူအားလုံးနဲ့ လက်တွဲလုပ်ကိုင်သွားမယ်တဲ့။
အမြော်အမြင်ရှိတဲ့ စကား
လိမ္မာလိုက်ကြတာ။ လူငယ်တွေဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးခံစားချက်တွေနဲ့ အာလဘတတွေ ရှေ့တန်းမတင်ဘူး။ ပြည်သူတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ အကြောက်တရားအားလုံးက ကင်းဝေးတဲ့ဘဝမျိုးနေနိုင်ဖို့အတွက် လုပ်ဆောင်နေသူမှန်သမျှနဲ့ ပူးပေါင်းဆောင်ရွက်မယ်တဲ့။ ပြည်သူအားလုံးချစ်ကြတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရင်ကအတိုင်း ဆက်လက်ထောက်ခံပြီး ဘေးကဝန်းရံသွားမယ် တဲ့။ ဘယ်လောက် အမြော်အမြင်ရှိတဲ့ စကားလဲ။ ဝန်းရံတယ်ဆိုတဲ့စကားကို တမင်ရွေးပြီး ပြောလိုက်တာကိုက သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးကို ဖော်ပြနေတာဖြစ်တယ်။
မငြိုငြင်နဲ့၊ မစော်ကားနဲ့
လိမ္မာပြီးသားတွေမို့ အထွေအထူး ဆုံးမစကားပြောစရာမရှိပါဘူး ပြောပေမယ့် သူတို့က သိပ်ပြောစေချင်နေတာကြောင့် စကားနှစ်ခွန်း ပြောလိုက်တယ်။ ပထမ တစ်ခွန်းက ပြည်သူကို အမြဲဦးထိပ်ထားပါ။ ဘယ်တော့မှ မငြိုငြင်နဲ့၊ ဘယ်တော့မှ ကိုယ်နှုတ်၊ နှလုံးနဲ့ စော်ကားသလို မပြုမိစေနဲ့ ဆိုတဲ့ စကားဖြစ်တယ်။ ဘာကြောင့် ဒီစကားပြောရသလဲဆိုတော့ ပြည်သူလူထုက သူတို့ချစ်တဲ့သူတွေဆိုရင် သိပ်ကို မြင်ချင်တွေ့ချင်ကြတာ။ အပြင်ထွက်လာတာကိုတွေ့ရင် ပြေးပြီး နှုတ်ဆက်ချင်တယ်။ လက်ကလေးကို ထိရထိရ ထိချင်တယ်။ စကားပြောသံလေးတစ်ခွန်းဖြစ်ဖြစ် ကြားချင်တယ်။ လူတွေသိပ်များပြီး လမ်းပိတ်နေရင် စိတ်ထဲမှာငြိုငြင်လာတတ်တယ်။ ငြိုငြင်တော့ ကိုယ်၊ နှုတ်၊ အမူအရာ ပြောင်းသွားတယ်။ ဒီအချိန်မှာ ကိုယ့်ဘေးကလိုက်ပါလာတဲ့ ‘အနားပြာ’ တွေက လူတွေကို တွန်းထုတ်ဖယ်ရှားပြီး မာမာကျောကျောနဲ့ မောင်းမဲတာမျိုး လုပ်လေ့ရှိတယ်။
အိုးဝေသံ ကျူးပါစေ
လူတွေ ဝိုင်းအုံလာတာက ချစ်လို့ပါ။ မုန်းတဲ့သူဆို မျက်စောင်းတောင်ထိုး မကြည့်ဘူး။ ဒါကို မောက်မောက်မာမာနဲ့ တွန်းထုတ် ဖယ်ရှားလုပ်တာက ပြည်သူကို စော်ကားတဲ့ သဘောသက်ရောက်တယ်။ အဲဒီလို ‘စွမ်းအားရှင်’ မျိုးတွေကို ဘယ်သွားသွား ခေါ်မသွားပါနဲ့လို့ ပြောလိုက်တယ်။ ဒုတိယစကားကတော့ မင်းကိုနိုင် သရက်ထောင်က လွတ်လာတော့ မြို့လူထုက ခွပ်ဒေါင်းအလံ တလူလူလွှင့်ပြီး ကြိုဆိုကြတယ်။ အဓိပ္ပာယ် အများကြီးရှိတယ်။ ခွပ်ဒေါင်းအလံ မိုးယံမှာ လွင့်ပျံနေပါစေ။ မြေမှာချပြီး နင်းချေမပစ်ပါနဲ့။ သူများနောက်က နောက်မြီးဆွဲလုပ်ပြီး မလိုက်ပါနဲ့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါလိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ခွပ်ဒေါင်းကို သူ့နေရာမှန်မှာပဲ လွင့်ပျံပြီး အိုးဝေသံကျူးရင့်ပါစေဆိုတဲ့ စကားပြောလိုက်ပါတယ်။
ရှေ့တန်းက ဦးဆောင်
ခွပ်ဒေါင်းဆိုတာ မြန်မာ့သမိုင်းမှာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့တာဖြစ်တယ်။ တို့ဗမာအစည်းအရုံးခေတ်မှာလည်း ခွပ်ဒေါင်းကိုယ်စားပြုတဲ့ သခင်အောင်ဆန်းတို့၊ သခင်ဗဟိန်းတို့ ဦးဆောင်ကဏ္ဍက ပါဝင်ခဲ့တယ်။ ဖဆပလ ခေတ်မှာလည်း ခွပ်ဒေါင်းကိုယ်စားပြု ခေါင်းဆောင်တွေ ရှေ့တန်းက ပါခဲ့တယ်။ ဂျပန်တော်လှန်ရေးမှာလည်း ရှေ့တန်းကပဲ။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်မှာ ခွပ်ဒေါင်းအလံဟာ ရှေ့တန်းက ငွားငွားစွင့်စွင့် ပါဝင်ခဲ့တာချည်းဖြစ်တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီးကို စတင်ခဲ့တာလည်း ခွပ်ဒေါင်းကိုယ်စားပြု လူငယ်တွေပဲ ဖြစ်ကြတယ်။
နားခွက်က မီးတောက်ပြီးသား
ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့က ၈၈ မျိုးဆက်တွေမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒုတိယစကားကို ပြောလိုက်တာ ဖြစ်တယ်။ တစ်ဦး တစ်ယောက်၊ ဒါမှမဟုတ် တစ်သင်းတစ်ဖွဲ့ရဲ့ နောက်ကလိုက်ပါပြီိး နောက်မြီးဆွဲလုပ်ရင် ခွပ်ဒေါင်းရဲ့သမိုင်းကို ရိုက်ချိုးပစ်လိုက်သလို ဖြစ်သွားလိမ့်မယ်။ ‘တို့ခေတ်ကျမှ ညံ့ကြတော့မှာလား” လို့ အပြစ်တင်စရာ ဖြစ်သွားလိမ်မယ်။ ပြောမယ့်သာပြောတာပါ သူတို့လူငယ်တွေက ချက်ဆို နားခွက်က မီးတောက်ပြီးသားတွေပါ။ နှစ်ဆယ့်တစ်ရာစု လူငယ်တွေ မဟုတ်လား။
မေးခွန်း မမေးရဲဘူး
အခုအချိန်မှာ ပြည်သူလူထုအတွက် အဓိက လိုအပ်နေတာက သူတို့အရေးကိစ္စမှန်သမျှကို ရှေ့က မားမားမတ်မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့်သူ ဖြစ်တယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး တစ်သွေးတစ်သံ တစ်မိန့် အာဏာရှင်စနစ် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ကြရလေတော့ ပြည်သူတွေဟာ အရပ်ထဲက ဆယ်အိမ်ခေါင်းမင်း ပြောသမျှ နာခံကြရတယ်။ ထည့်ဆိုသမျှ ထည့်ကြရတယ်။ လုပ်ဆိုသမျှ လုပ်ကြရတယ်။ ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းမျိုး ပြန်မမေးရဲကြဘူး။ ဒါကြောင့် သူတို့ရှေ့ကရပ်ပြီး သူတို့ကိုယ်စား ပြောပေး လုပ်ပေးမယ့်သူကို လိုချင်ကြတယ်။
မြစ်ဆုံရေကာတာ သာဓက
နိုင်ငံရေးပါတီတွေ ရှိနေပြီးသားမဟုတ်လားလို့ မေးစရာရှိတယ်။ နိုင်ငံရေးပါတီဆိုတာက အခါခပ်သိမ်းအားကိုးလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပါတီတွေအတွက် လုပ်ဆောင်ရတဲ့ တာဝန်တွေက တစ်ဖက်ရှိသေးတယ်။ ပြီးတော့ နိုင်ငံရေး ကစားရတာတွေလည်း ရှိတယ်။ မှန်တိုင်း မပြောနိုင်ဘဲ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေ ရှိတယ်။ မချစ်ပေမယ့် အောင့်ကာနမ်းရတာတွေ ရှိတယ်။ မနမ်းပေမယ့် ပင့်သက်ရှူပြရတာတွေ ရှိတယ်။ ထင်ရှားတဲ့သာဓကပြရရင် မြစ်ဆုံရေကာတာကိစ္စကို ကြည့်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ စမပြောကြဘူး။ သူတို့နဲ့မဆိုင်သလိုဘဲ နေကြတယ်။ မနေနိုင်တဲ့ စာနယ်ဇင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသမားတွေက ဝင်ပြီးပြောကြ၊ ဆိုကြ၊ ရေးသားကြတွေ လုပ်တော့မှ အစိုးရက အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်တယ်။
တိုင်တွန်းစကား
အဲဒီနောက် မီးရထားခတွေ ဆယ်ဆတက်၊ မီတာခတွေတက်၊ ရေခွန်မီးခွန်တွေတက်ဆိုတဲ့ ကိစ္စတွေရှိလာတာကိုလည်း ဘယ်ပါတီ အဖွဲ့အစည်းကမှ ဝင်မပြောကြဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတဲ့အတွက် အရပ်သူအရပ်သားတွေ မြေဇာပင်ဖြစ်နေကြရတာတွေကိုလည်း မသိသလိုဘဲ နေကြတယ်။ အဲဒါတွေကို ပြည်သူလူထုက အားမလို အားမရဖြစ်ကြတယ်။ ဒီလိုအချိန်မှာ ၈၈ တွေလွတ်လာပြီး ပါတီ မထောင်ဘူး၊ ရွေးကောက်ပွဲ မဝင်ဘူး၊ ပြည်သူတွေကြားမှာနေပြီး ပြည်သူတွေအတွက် နိုင်ငံရေးလုပ်မယ်လို့ပြောကြတော့ သိပ်ပြီး အားရဝမ်းသာဖြစ်ကြတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ကြပါစေလို့ တိုက်တွန်းစကား ဆိုလိုက်ရပါတယ်။
လူထုစိန်ဝင်း
၂၅. ၀၁. ၂၀၁၂
ယခုအပတ် True News Journal အတွက်ရေးခဲ့သော ဆောင်းပါးဖြစ်ပါတယ်။ ဆင်ဆာထိလို့ အဖြုတ်ခံရတာကြောင့် FB မှာ တင်လိုက်တာပါ။
No comments:
Post a Comment