ကျနော်တို့ကြားဖူးနေကျ စကားတစ်ရပ်ရှိပါတယ်။ အဲဒါကတော့ “အရိပ်တကာ အရိပ်တို့ထဲမှာ မိဘအရိပ်သည်သာ အအေးမြဆုံး” ဆိုတဲ့ စကားရပ်ပါပဲ။ လောကီအတွင်း ကျင်လည်နေကြတဲ့ ကျနော်တို့အဖို့ မိဘအရိပ်၊ ကိုယ့်မိသားစု၊ ကိုယ့်သိုက်မြုံအရိပ်တို့က အအေးမြဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့အဖို့ မိဘအရိပ်၊ ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်းတို့ရဲ့အရိပ်တွေကို စွန့်ခွာပြီး ဝေးလံသီခေါင်တဲ့ အရပ်ဒေသတွေဆီကို ရောက်ရှိနေကြပါတယ်။ အဲဒီနေရာတွေမှာ အရိပ်တော့ရှိပါတယ်။ တခြားတော့ မဟုတ်ပါ။ တောရိပ်တောင်ရိပ်များပါပဲ။
ကျနော်ရောက်ရှိနေတဲ့အရပ်ဟာ မြို့ပြတွေနဲ့ဝေးကွာတဲ့ အရပ်ဒေသတစ်ခုဖြစ်နေသလို ပြင်းထန်တဲ့ ရာသီဥတုဖွဲ့တည်ရင်း အရာရာကိုချို့တဲ့မှုတွေက ဖုံးလွှမ်းထားတဲ့အရပ်လည်း ဖြစ်ပါတယ်။ ဒီနေရာဟာ ကိုယ့်ရဲ့ရေမြေ၊ ကိုယ့်ရဲ့ဒေသ မဟုတ်ဘဲ တိုင်းတပါးလို့ ကင်ပွန်းတပ်ခေါ်ဆိုနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ ကိုယ့်ရေမြေမဟုတ်တဲ့ ဒီနေရာမှာ ကျနော်တို့ရဲ့ တိုင်းရင်းသားများစွာက ရောက်ရှိ နေထိုင်လျက်ရှိပါတယ်။ အိမ်ရှင်သဖွယ်ဖြစ်တဲ့ သူတို့ထံကို ဧည့်သည်ထံဧည့်သည်လုပ်ဖို့ ကျနော်ကရောက်ရှိနေခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ အိမ်ခြေ ၃ဝဝဝ လောက်ရှိပါတယ်။ အဲဒီနေရာမှာ ကျနော်တို့ရဲ့ နိုင်ငံသားတွေ တနည်းအားဖြင့် ကျနော်တို့ရဲ့သွေးရင်း တိုင်းရင်းသားများနေထိုင်ကြပါတယ်။
‘မဲ့ခေါင်ခ’ လို့ခေါ်တဲ့ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းကလေးတစ်ခု၊ စမ်းချောင်းကလေးရဲ့ ဝဲယာမှာ လျှိုတစ်ခုလို ဖြစ်ပေါ်အောင် အုပ်မိုးထားတဲ့ တောင်တန်းနှစ်သွယ်၊ အုပ်ဆိုင်းစိမ်းစိုလျက်ရှိတဲ့ တောညိုညိုကြား တောင်ခြေမှာတော့ ဟိုတစ်စု ဒီတစ်စုနဲ့ အရွယ်အချိုးအစား၊ ပုံသ¿ာန်အပြားပြားရှိတဲ့ လူနေအိမ်ခြေများ .. စသဖြင့် သက်ငြိမ်ပန်းချီကားတစ်ချပ်လို ပုံဖော်ထားတာက အဲဒီနေရာရဲ့ သရုပ်ပဲဖြစ်ပါတယ်။ စိတ်ကူးထဲမှာ တွေးကြည့်လိုက်မယ်ဆိုရင်တော့ ဒီနေရာဟာ အလွန်သာယာတဲ့၊ အလွန်ငြိမ်းချမ်းတဲ့အရပ်ဒေသတစ်ခုလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ပကတိသရုပ်သကန်ကတော့ လူသားတို့ရဲ့ ဘဝတွေကို အဓိပ္ပာယ်မဲ့ မြှုပ်နှံရာ၊ လူသားတို့ရဲ့ အနာဂတ်များကို ဖုတ်ကျည်းသင်္ဂြိုဟ်ရာ၊ လူသားတို့ရဲ့ မျှော်လင့်ချက်အိပ်မက်တွေ ချုပ်နှောင်ရာအရပ်ဒေသ တစ်ခုသာလျှင် ဖြစ်ပါတယ်။ ဒီနေရာ ဒီအရပ်ကိုမှီတွယ်နေကြရသူများဟာ ဒုက္ခသည်ဆိုတဲ့ အမည်သတ်မှတ်မှုအောက်မှာ ရှင်သန်ရင်း တိုင်းတပါးသားများရဲ့ စောင့်ရှောက်ဖေးမမှုကိုသာ ခံယူခွင့်ရှိသူများ ဖြစ်နေကြပါတယ်။ အဲဒီလိုပဲ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဒုက္ခသည်စခန်းလို့ အမည်မှည့်ခေါ်ထားခြင်း ခံထားရပါတယ်။ တကယ်တော့ အားလုံးရဲ့ဘဝဟာ မိဘမဲ့သားသမီးများလိုပါပဲ။
မဲ့ခေါင်ခ ဒုက္ခသည်စခန်း
ဒုက္ခသည်စခန်းအတွင်းက ရပ်ကွက်ကြီးတစ်ခုရဲ့ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲမှာ ဟောပြောဖို့ ရောက်ရှိနေတဲ့ ကျနော်ဟာ ကိုယ်ဖတ်ဖူးတဲ့၊ ကိုယ်တေးမှတ်ထားတဲ့ အကြောင်းအရာတွေကို ဒေသခံပရိသတ်အတွက် ဖောက်သည်မချခင်မှာပဲ သူတို့ရဲ့ဘဝတွေ၊ သူတို့ရဲ့မှတ်တမ်းတွေ၊ သူတို့ရဲ့ပုံရိပ်တွေကို စတင်ဖတ်ရှု မှတ်သားနေမိပါတယ်။ ‘ဒုက္ခသည်’ ဆိုတဲ့ သတ်မှတ်မှုအောက်မှာ ကြီးပြင်းနေထိုင်ကြရတဲ့ လူအများဟာ ဘယ်နေ့ ဘယ်အချိန်ကျမှ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြေကိုယ့်ရေမှာ အေးအေးချမ်းချမ်း နေထိုင်ခွင့်ကြုံမယ်ဆိုတာ မမှန်းဆနိုင်ဘဲ မရေရာတဲ့ မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြရှာပါတယ်။ နယ်ချဲ့ကိုလိုနီ လက်ထက်မှာတောင် ကိုယ့်မြေကိုယ့်ရေမှာ နေထိုင်ရင်း လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းနိုင်ခဲ့တဲ့ တိုင်းရင်းသား ပြည်သူအများဟာ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံသားချင်း အနိုင်ကျင့်ဖိနှိပ်မှုတွေကြောင့် နေရပ်ရင်းဒေသသာမဟုတ်ဘဲ တိုင်းပြည်ကိုပါ စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်ဟာ ရင်နာစရာကောင်းသလို လွန်စွာ အရုပ်ဆိုးအကျည်းတန်လှပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ပါ။ ဒါပေမယ့် ဟောဒီဒုက္ခသည်စခန်းနေသူများက လွတ်လပ်ရေးအထိမ်းအမှတ် အခမ်းအနားကို မကျင်းပဘဲ စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပတယ် ဆိုတာဟာ မေးခွန်းတွေထုတ်စရာဖြစ်နေပါတယ်။ အခမ်းအနားကို စီစဉ်သူတစ်ဦးကတော့ သူတို့ရဲ့ရည်ရွယ်ချက်ကို ခပ်ရှင်းရှင်းပဲပြောပြပါတယ်။
“လွတ်လပ်ရေးနေ့ဆိုပေမယ့် ကျနော်တို့ တိုင်းပြည်က လွတ်မှမလွတ်လပ်ဘဲဗျာ။ လွတ်လပ်ဖို့မပြောနဲ့ ကိုယ့်ရပ်ကိုယ့်မြေမှာတောင် ဘေးအန္တရာယ်ကင်းကင်း မနေကြရတဲ့ဘဝမှာ လွတ်လပ်ရေးနေ့ အခမ်းအနားလုပ်ရင်ရော ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဒါကြောင့် စာဆိုတော်နေ့ အထိမ်းအမှတ်ပဲ လုပ်ကြတာ”
ဘုရင်မ ကြိုးဝိုင်းလို့ သတ်မှတ်ထားတဲ့ ဒီတောဒီတောင်အတွင်းမှာ သစ်ခုတ်ခွင့်၊ ဝါးခုတ်ခွင့်မရှိဘဲ ခွဲတမ်းကျပေးမယ့် အိမ်ဆောက်ပစ္စည်းတွေကိုသာ မျှော်လင့်နေကြရတဲ့ သူတို့ဟာ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေ၊ အလှူရှင်တွေကိုလည်း အားကိုးနေကြရရှာပါတယ်။ လုံခြုံစိတ်ချရမှုဆိုတဲ့အရာတစ်ခုအတွက် သူတို့ဟာ ခွန်အားတွေ၊ အချိန်တွေကို အချည်းနှီးပေးဆပ်နေရပါတယ်။ ကူညီတယ်ဆိုတဲ့ အဖွဲ့အစည်းတွေကလည်း ဒီလောက်များပြားတဲ့ လူတွေအတွက် ဆန်၊ ပဲ၊ မီးသွေး အစရှိတဲ့ စားသောက်ကုန်အချို့ရယ်၊ နေအိမ်ဆောက်လုပ်ဖို့ သစ်ဝါး ခွဲတမ်းပေးတာမျိုးကလွဲရင် စိတ်ချနိုင်လောက်တဲ့ အာမခံချက်တစုံတရာ မပေးနိုင်ပါဘူး။ အထူးသဖြင့် ဒုက္ခသည်များရဲ့ အနာဂတ်အတွက် အားရလောက်အောင် မစွမ်းဆောင်နိုင်သေးပါဘူး။ သူတို့အားလုံးဟာ ကိုယ့်တိုင်းပြည် ကိုယ်နိုင်ငံမှာ နိုင်ငံရေးဆိုင်ရာပြောင်းလဲမှု မရှိမချင်း ဒီလိုပဲ အပစ်ပယ်ခံဘဝမျိုးတွေနဲ့ဆက်လက်နေထိုင်သွားရဦးမှာ ဖြစ်ပါတယ်။
မဲ့ခေါင်ခ ဒုက္ခသည်စခန်း
တောထဲတောင်ထဲက ဆောင်းရာသီဟာ ကျနော့်ကိုသာမက စခန်းတစ်ခုလုံးက လူတွေကိုလည်း အအေးဒဏ်နဲ့ ပြင်းပြင်းထန်ထန် နှိပ်စက်ကလူပြုပါတယ်။ ညနေပိုင်းရောက်တာနဲ့တင် အေးစိမ့်နေတဲ့ အထိအတွေ့ကို ရင်ဆိုင်နေကြရတဲ့ အရပ်ဒေသမှာ လူတိုင်း အနွေးထည်၊ ခြုံထည် အလုံအလောက် မရှိကြပါဘူး။ တချို့ကတော့ ညမှလုပ်တဲ့ ကျနော်တို့ရဲ့ စာပေဟောပြောပွဲကို စောင်ခြုံများနဲ့ ရောက်ရှိလာကြပါတယ်။ လူနှစ်ရာနီးပါးလောက်ရှိတဲ့ အဲဒီပွဲကို ရောက်လာကြသူများဟာ အတင်းအကျပ်စေခိုင်းလို့ ရောက်လာကြတာမဟုတ်ဘဲ စိတ်ဝင်တစား လာရောက်ကြသူတွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ပြောကြဆိုကြတာတွေကို မျှော်လင့်တကြီး နားထောင်ချင်လို့၊ ကျနော်တို့ကို ကြိုတင်လေးစားနေတဲ့ ကျနော်တို့ရဲ့စာဖတ်ပရိသတ်ကြီးဖြစ်လို့ ရောက်လာတာမဟုတ်ဘဲ ပျော်ပါးစရာနည်းပါးလှတဲ့ လူတွေအနေနဲ့ အပျင်းဖြေစရာ ပွဲသဘင်တစ်ခုဆီ ရောက်လာခြင်းမျိုးသာ ပိုပြီးဖြစ်နိုင်တယ်လို့ ကျနော်က ယူဆမိပါတယ်။
အဲဒီညက ကျနော်တို့ဟာ စခန်းတွင်းကလူတွေကို စာဖတ်ဖို့တိုက်တွန်းတဲ့ စကားများ ပြောဆိုဖြစ်ခဲ့ကြပါတယ်။ ပြီးတော့ ပြုံးရွှင်ရယ်မောစရာ၊ လွမ်းဆွတ်စရာ၊ တွေးတောစရာ စတဲ့ ရသစုံစကားများနဲ့ စာဆိုတော်လရာသီ သရုပ်ကို ကြိုးစားဖော်ကြပါတယ်။ ရင်နာစရာကောင်းတာကတော့ ဟောပြောနေသူများရော၊ နားထောင်နေသူများပါ ကိုယ့်မြေကိုယ့်ရေမှာ ငြိမ်းငြိမ်းချမ်းချမ်းနေခွင့် မရသူများ ဖြစ်နေတာပါပဲ။ အဲဒီဒုက္ခသည်စခန်းရဲ့ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်မရှိပါဘူး။ စာကြည့်တိုက်ရှိပြန်တော့လည်း စာအုပ်စာတမ်း စုံစုံလင်လင် မရှိပါဘူး။ ဒီလို မပြည့်မစုံဖြစ်မှုတွေ များပြားနေခြင်းကိုက သူတို့ရဲ့အနာဂတ်ကို ကွက်လပ်များနဲ့ ဖုံးအုပ်ထားခြင်းခံနေရတာဖြစ်တယ်လို့ ကျနော်က တွေးမိပါတယ်။
စာကြည့်တိုက်ဆိုတာ ပညာရေးရဲ့ အထောက်အကူပြု ပစ္စည်းတစ်ခုဖြစ်တာမို့ စာကြည့်တိုက်လုပ်ငန်း မဖွံ့ဖြိုးလေ ပညာရေးအဆင့် နိမ့်ကျလေဖြစ်ပါတယ်။ ပညာရေးဆိုတဲ့ အခြေခံအုတ်မြစ် ထုထည် မကြီးမားဘူး မခိုင်မာဘူးဆိုရင်လည်း တိုင်းပြည်ရဲ့အနာဂတ် အင်အားချည့်နဲ့နေပါလိမ့်မယ်။ မဲ့ခေါင်ခ စခန်းမှာ အထက်တန်းကျောင်း သုံးကျောင်း ရှိပါတယ်။ ဒါပေမယ့် အထက်တန်းပညာ ပြီးမြောက်အောင်သင်ပြီးတဲ့ လူငယ်တွေအနေနဲ့ ဘယ်လိုပညာရပ်တွေကို ဆက်လက် သင်ယူဆည်းပူးခွင့်ရမလဲ ဆိုတာကတော့ တော်တော်ခေါင်းခဲစရာကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ အထက်တန်းလွန် ပညာသင်ကျောင်းအဖြစ် ဖွင့်လှစ်တဲ့ ကျောင်းငယ်ကလေးတစ်ကျောင်းတော့ရှိပြီး အင်္ဂလိပ်စာ၊ ဥပဒေ အစရှိတဲ့ ဘာသာရပ်တွေကို သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါတယ်။ ဒါပေမယ့် အတိုင်းအတာ ဘယ်လောက်ထိ ကျယ်ပြန့်အောင်လုပ်ဆောင်နိုင်မလဲဆိုတာကတော့ လိုအပ်ချက် များပြားမှုတွေကြားမှာ ပဟေဠိပုစ္ဆာတစ်ပုဒ်လို ဖြစ်နေရပါတယ်။
မဲ့ခေါင်ခ ဒုက္ခသည်စခန်း
ကျောင်းတွေဟာ သက်ဆိုင်ရာ ရပ်ကွက်အလိုက်၊ သက်ဆိုင်ရာ စီမံကွပ်ကဲသူတွေအလိုက် ပြဋ္ဌာန်းစာ၊ သင်ရိုး၊ စီမံအုပ်ချုပ်မှု၊ သင်ကြားပုံနည်းစနစ်တွေ ကွဲပြားနေပါတယ်။ အချိန်အခက်အခဲကြောင့် စခန်းအတွင်းက ကျောင်းတိုင်းကို နှံ့အောင် မသွားရောက်နိုင်ပေမယ့် ကျနော်ရောက်နေတဲ့ ရပ်ကွက် (၁၃) က ကျောင်းနဲ့ပတ်သက်လို့တော့ တော်တော်ကလေး မေးမြန်းဖြစ်ခဲ့ပါတယ်။ အဲဒီကျောင်းကလေးမှာ စာသင်ကြားပေးနေကြတဲ့ ဆရာဆရာမများဟာ နယ်ပယ်စုံက ဖြစ်သလို လူမျိုးလည်း စုံပါတယ်။ သူတို့အထဲ ပြည်တွင်းမှာ နှစ်ပေါင်း ၃ဝ လောက် ကျောင်းဆရာလုပ်ခဲ့သူ ပါဝင်သလို တိုင်းပြည်ပြင်ပကို စီးပွားရှာဖို့ထွက်လာရင်းက ကလေးသူငယ်တွေရဲ့ ပညာရေးအတွက် ဝင်ရောက် ကူညီသူများလည်း ပါဝင်ပါတယ်။ တူညီတဲ့အချက်ကတော့ အားလုံးဟာ သူတို့ရဲ့အချိန်တွေ၊ ဘဝတွေကိုမြှုပ်နှံရင်း စေတနာအပြည့်အဝနဲ့ လုပ်ကိုင်ပေးနေကြသူများဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။
လူပေါင်း ၁ဝဝ ကျော်ရှိတဲ့ အဆောင်နေကျောင်းသားများကိုပါ တာဝန်ယူထားရတဲ့ အဲဒီကျောင်းရဲ့ အဆောင်တစ်ခုမှာ ပညာရေးနဲ့ပတ်သက်တဲ့စကားဝိုင်းလေးလုပ်တော့ နားထောင်ကြသူ ကျောင်းသားအချို့က သူတို့သိချင်တဲ့မေးခွန်းများကို မေးမြန်းရင်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ သူတို့အဓိက သိချင်တာက မြန်မာပြည် လက်ရှိပညာရေး အခြေအနေတွေသာမကဘဲ ပြည်တွင်းက စာနယ်ဇင်းသမားတွေရဲ့ ရပ်တည်နေရမှုတွေ၊ စာပေစိစစ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာများလည်း ပါဝင်နေပါတယ်။ သူတို့အနေနဲ့ ကိုယ်မေးချင်တဲ့၊ ကိုယ်ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေကို ရဲရဲဝံ့ဝံ့ မေးမြန်းဆွေးနွေးကြတာကိုတွေ့ရတော့ ကျနော်က အံအားသင့်မိပါတယ်။ ဒါပေမယ့်လည်း ဆရာများထံက သိလိုက်ရတဲ့ အဖြေစကားက ပိုပြီးအံ့အားသင့်ဖို့ကောင်းပါတယ်။ အဲဒီအဖြေကတော့ အဲဒီကျောင်းကလေးမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ပေးထားတယ်ဆိုတဲ့ အဖြေပါပဲ။ ဒီလိုတောကြိုအုံကြား ဒုက္ခသည်စခန်းက ကျောင်းကလေးမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းပေးထားတာက ဘယ်လောက်ထိရောက်မှု ရှိပါလိမ့်မလဲလို့ တွေးမိကောင်းတွေးမိပါလိမ့်မယ်။
“မနေ့ညက လုပ်ခဲ့တဲ့ အခမ်းအနားကို အစအဆုံးစီစဉ်တာ ကျောင်းသားသမဂ္ဂက ကလေးတွေချည်းပဲ။ ကျောင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာ တော်တော်များများကိုလည်း သူတို့ဘာသာ သူတို့လုပ်နိုင်အောင် လေ့ကျင့်ပေးထားတယ်။ တော်တော် အောင်မြင်တယ်လို့ ဆိုရမယ်။ အဆောင်နေကျောင်းသားတွေဆိုရင်လည်း အချင်းချင်း အုပ်ချုပ်နေကြတာပဲ။ တော်ရုံတန်ရုံကိစ္စတွေတောင် သူတို့ဘာသာ ဖြေရှင်းနိုင်ကြတယ်”
အဲဒီလို ပြောဆိုခဲ့တဲ့ ကျောင်းဆရာတစ်ဦးရဲ့ စကားနောက်ကွယ်မှာ လူငယ်ကျောင်းသားတွေကို ဘယ်လို လေ့ကျင့်ပေးရမယ်၊ ဘယ်လို ပျိုးထောင်ပေးသင့်တယ်ဆိုတဲ့ အရိပ်အမြွက်တွေ ပါဝင်နေတယ်လို့ ကျနော်က ထင်မြင် ယူဆမိပါတယ်။ လူငယ်တွေရဲ့ဘဝကို ပြုစုပျိုးထောင်ပေးခြင်းဟာ တိုင်းပြည်အနာဂတ်ကို လှပအောင် ကြိုးပမ်းခြင်းဖြစ်တာမို့ လူငယ်များရဲ့ဘဝ၊ အနာဂတ်တွေ ပျက်စီးရတာ များပြားလေ တိုင်းပြည်အတွက် အကျိုးဆုတ်ယုတ်လေဖြစ်တယ်ဆိုတာကို သတိပြုရပါလိမ့်မယ်။ အထူးသဖြင့် လူငယ်များအတွက် ခိုင်မာကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ရပ် ရှိဖို့လိုပါတယ်။ အဲဒီပညာရေးစနစ်ဟာ ကျောင်းသားသာလျှင် အဓိကဖြစ်ရမယ်ဆိုတဲ့ ပညာရေးစနစ်ပါပဲ။
နေရပ်ရင်းကိုစွန့်ခွာပြီး အသက်နဲ့ ဘဝလုံခြုံမှုအတွက် အနာဂတ်တွေ၊ ရည်မှန်းချက်တွေကို အဆုံးရှုံးခံနေကြရတဲ့ မြန်မာပြည်သူလူထုတွေဟာ ကိုယ့်ရပ်ကိုယ့်မြေကို စွန့်ခွာထွက်လာသူများဖြစ်တယ် ဆိုတာထက် စွန့်ခွာဖြစ်အောင် မောင်းထုတ်ခြင်းခံရသူများသာဖြစ်ပါတယ်။ ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတဲ့ အခြေအနေဆိုးရဲ့ မောင်းထုတ်မှုတွေကြောင့်သာ ကိုယ်တွယ်တာတဲ့ မွေးရပ်မြေကို စွန့်ခွာခဲ့ကြရတာပါ။ လွတ်လပ်စွာရှင်သန်ခွင့်ဆိုတဲ့ အခြေခံအခွင့်အရေးဆုံးပါးမှုရဲ့ နောက်ကွယ်မှာတော့ လိုအပ်ချက်ပေါင်းများစွာကို ရင်ဆိုင်ကြရပါတော့တယ်။ “ဒုက္ခသည်စခန်းကိုလာရင် ဘယ်လိုပစ္စည်းတွေ ယူလာသင့်သလဲ၊ ဒီမှာဘာတွေက အသုံးဝင်သလဲ” လို့ စခန်းနေလူတစ်ယောက်ကို ကျနော့်မိတ်ဆွေကမေးတော့ သူက ခုလိုဖြေပါတယ်။
“ဒုက္ခသည်စခန်းမှာ ဘာလိုအပ်သလဲဆိုရင် အရာရာလိုအပ်တယ်လို့ ဖြေရမှာပဲ။ ဘာတွေက အသုံးဝင်လဲဆိုရင် ဘာဖြစ်ဖြစ် အသုံးဝင်တယ်။ ဒီမှာက အကုန်လိုအပ်တာပဲလေ။ အန်ဂျီအိုတွေက ဘယ်လောက်ထောက်ပံ့တယ်ပြောပြော တကယ်လိုအပ်တဲ့အနွေးထည်တို့၊ အဝတ်အစား အသုံးအဆောင်တို့ကျတော့ ပေးနိုင်တာမှ မဟုတ်ဘဲ”
ဘယ်လိုပဲပြောပြော နိုင်ငံတကာကအဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလတွေက သူတို့တတ်နိုင်သလောက် လုပ်ဆောင်ပေးနေကြတာပါပဲ။ ဒါပေမယ့်လည်း နေ့စဉ်ထပ်မံရောက်ရှိလာတဲ့ နေရပ်ရင်းစွန့်ခွာလာသူ ဒုက္ခသည်များ တိုးပွားနေခြင်း၊ စခန်းတွင်းလူဦးရေတိုးပွားလာခြင်းတို့ကြောင့် ဒီအရေးကိစ္စတွေကို ဖြေရှင်းရမယ့် ပြဿနာက ပိုမိုကြီးထွားလာလျက်ရှိနေပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အရပ်ဒေသအားလုံးက ဒုက္ခသည်များ ရင်ဆိုင်နေရတဲ့ အခြေအနေများကို ဖော်ပြနေခြင်းလည်း ဖြစ်ပါတယ်။
ဒုက္ခသည်များရဲ့အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းလိုတယ်ဆိုရင် ဒုက္ခသည်များစတင်ပေါ်ပေါက်လာခဲ့ရခြင်း အကြောင်းကို ဦးစွာ စဉ်းစားကြည့်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြည်သူတရပ်လုံး အခြေခံ လူ့အခွင့်အရေးတွေ အပြည့်အဝ မရရှိမချင်း ဒီပြဿနာတွေ ဆက်လက်တည်ရှိနေမှာဖြစ်သလို အချိန်တိုအတွင်း ဖြေရှင်းမှုမပြုလုပ်ဘူးဆိုရင်လည်း ပညာမဲ့ပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာ၊ ဒေသမတည်ငြိမ်မှုပြဿနာတွေက တိုင်းပြည်ရဲ့အနာဂတ်မှာပါ လိုက်လံနှောင့်ယှက်နေမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နိုင်ငံရေးပြောင်းလဲမှုတစုံတရာ မပေါ်ပေါက်ခင်မှာ ဒီပြဿနာတွေကို ဖြေရှင်းဖို့၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့လိုအပ်ပါတယ်။ ကိုယ်ဘယ်လောက်လုပ်ပေးနိုင်မလဲ ဆိုတဲ့ပေါ်မှာ မူတည်ပြီး ဝိုင်းဝန်းကြိုးပမ်းမယ်ဆိုရင် ဒုက္ခတချို့ လျော့ပါးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုအရပ်ဒေသကနေ ထွန်းထွန်းပေါက်ပေါက် ထွက်ပေါ်လာနိုင်တဲ့ လူငယ်များကိုလည်း မွေးထုတ်ပေးဖို့လိုအပ်ပါတယ်။ ဒါတွေဟာ တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘဲ အားလုံး တတ်စွမ်းသမျှ ဖြည့်ဆည်းကြမှသာ အောင်မြင်မှာဖြစ်ပါတယ်။
အနာဂတ်ဆိုတာ ကျနော်တို့မလွဲမသွေ ရင်ဆိုင်ကြရမယ့် မနက်ဖြန်များဖြစ်ပါတယ်။ ဘာဖြစ်မယ်မှန်းမသိပေမယ့် ကိုယ့်ရဲ့စိတ်ကူးတွေကို ပုံဖော်နိုင်ဖို့ ကျနော်တို့က ကြိုးပမ်းနေကြမှာပါပဲ။ ကိုယ်အစွမ်းရှိသလောက် လုံ့လထုတ်ရမှာက ကိုယ့်တာဝန်ပဲ မဟုတ်လား။ ဒုက္ခသည်စခန်းများအတွင်းက ကလေးသူငယ်များထဲမှာ မြင့်မားတဲ့ဉာဏ်ရည်ပိုင်ရှင်တွေ၊ မွန်မြတ်တဲ့ စိတ်ထားပိုင်ရှင်တွေ စတဲ့ အရည်အသွေးတောက်ပလာနိုင်တဲ့သူတွေ အများကြီး ရှိနေပါတယ်။ သူတို့ဟာ နွံမှာနစ်နေတဲ့ အဖိုးတန်ရတနာများ ဖြစ်ပါတယ်။ သူတို့ရဲ့ ထိုက်တန်တဲ့အရည်အသွေးတွေကို ထုတ်ယူအသုံးမချဘူး ဆိုရင်တော့ ဘာတန်ဖိုးမှမရှိဘဲ အချည်းနှီးဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အဖိုးတန်ရတနာများ မဆုံးရှုံးရအောင် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ မြန်မာနိုင်ငံရဲ့အနာဂတ်တလျှောက်လုံး ဆုံးရှုံးမှုပေါင်းများစွာကို ရင်ဆိုင်ရမှာ မလွဲမသွေပါပဲ။
အတွေးများစွာနဲ့ နစ်မျောနေမိတဲ့ကျနော်ဟာ ဒုက္ခသည်စခန်းအတွင်းက စာပေဟောပြောပွဲမှာ ရွတ်ဆိုတိုက်တွန်းခဲ့တဲ့ ကျနော့်ကဗျာကလေးကိုပဲ ပြန်လည် ရေရွတ်နေမိပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က ‘ခေါင်းစဉ်မဲ့ မနက်ဖြန်များသို့’ … တဲ့။
ကြည့်လိုက်စမ်းပါ
တိမ်အောက်မှာ တောင်
တောင်အောက်မှာ တော
တောထဲမှာ တဲ
တဲထဲမှာ လူ
အဲဒီလူ … အဲဒီလူတွေဟာ
ကမ္ဘာမြေကို အားကိုး
ဆိုးရွားတဲ့အရပ်ကိုရှောင်
တောကြိုလျှိုမြောင်ကြား
ဒုက္ခများကို ရင်ဆိုင်
လောကဓံ အနိုင်နွှဲဖို့
မာန်တင်းလို့ပေါ့။
မာယာများတဲ့ တောနက်ထဲ
ဆင်းဆင်းရဲရဲ နေကြရ
ဒီအနုညာတ ဘဝတွေကြားမှာ
အနာဂတ်ကို ပြင်ဆင်
ပတ်ဝန်းကျင် အသွင်သစ်
ဖွင့်လှစ်ဖို့စွမ်းလောက်တဲ့
တစ်ယောက်က တစ်ရာ
တစ်ရာက တစ်ထောင်
အမှောင်ကို အလင်းဆောင်မယ့်
နွံနစ်တဲ့ ပတ္တမြားတွေ
အသေအချာ တကယ်ရှိတာမို့
အတပ်သိ ထွက်ပေါ်စေရေး
တို့တတွေ ကြိုးပမ်းစို့။ ။
ထိန်လင်း
၎၊ ၃၊ ၂ဝဝ၂
ဆောင်းပါးရှင်ရဲ့ မှတ်ချက်။ ။ ဆောင်းပါးထဲက စခန်းဟာ ၂၀၀၃ ခုနှစ်လောက်မှာ မဲ့စရီးယန်းမြို့နဲ့ ပိုဝေးတဲ့နေရာတစ်ခုကို အရွှေ့ခံရပြီး မယ်လဦး ဆိုတဲ့ အမည်နဲ့ စခန်းသစ်ဖြစ်သွားပါတယ်။ စခန်းသစ်ပြောင်းတဲ့အခါ ဆေးရုံနဲ့ စာသင်ကျောင်းက တောင်ကျရေ နဲ့ တောင်ပြိုနိုင်တဲ့နေရာတွေမှာ နေရာချခဲ့တဲ့အတွက် ဒုက္ခတော်တော်ရောက်ခဲ့ရပြီး အနားက နောက်ထပ်နေရာတစ်ခုကို ထပ်ပြီး ရွှေ့ခဲ့ရပြန်ပါတယ်။
No comments:
Post a Comment