Wednesday, January 4, 2012

လောကနီတိမှ နိုင်ငံရေးသဘောတရားများ

နိုင်ငံရေးစာပေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့အခါ စကားပြေနဲ့ရေးသားထားတဲ့ မျက်မှောက်ခေတ် စာပေတွေကိုသာ မဟုတ်ဘဲ ပျို့ကဗျာ၊ ပြဇာတ်၊ နီတိ အစရှိတဲ့ ရှေးခေတ်စာပေတွေကိုပါ ထည့်သွင်းရမှာဖြစ်ပါတယ်။ အထူးသဖြင့် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊ တသွေးတသံတမိန့် ဘုရင်စံနစ် လက်အောက်မှာ ပေါ်ထွန်းခဲ့တဲ့ စာပေတွေ ဖြစ်ပေမယ့် မျက်မှောက်ကာလနဲ့ လိုက်လျောညီထွေဖြစ်မှုတွေ၊ အတုယူလိုက်နာစရာတွေ ရှိနေတဲ့အကြောင်း ဆက်စပ်စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။
 
အခုတပတ်မှာတော့ အများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ‘လောကနီတိ’ က နိုင်ငံရေးဆိုင်ရာ အဆိုအမိန့်များ အကြောင်း ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

မြန်မာပြည်မှာ နီတိစာပေခေတ် ရှိခဲ့ပြီး အဲဒီအထဲမှာ ထင်ရှားတဲ့ နီတိကျမ်း ၅ ကျမ်းရှိခဲ့ပါတယ်။ အဲဒီကျမ်းတွေက တကျွန်းနီတိ၊ လောကနီတိ၊ ရာဇနီတိ၊ ဓမ္မနီတိ နဲ့ မဟာရဟနီတိ တို့ ဖြစ်ပြီး နီတိကျမ်းကျော် ၅ ကျမ်းလို့ ခေါ်ဆိုကြပါတယ်။ နီတိဆိုတာ ‘လမ်းညွှန်’ လို့ အဓိပ္ပာယ်ရတဲ့အတွက် လောကနီတိ ဆိုတာ လောကလူသားတို့ လိုက်နာကျင့်ဆောင်အပ်တဲ့ လူမှုစည်းကမ်း၊ လူမှုကျင့်ဝတ်များ လို့ ဆိုရမှာဖြစ်ပါတယ်။

မူရင်း ‘လောကနီတိ’ကျမ်းကို ပင်းယခေတ် မြန်မာသက္ကရာဇ် ၇၁၄ ခုနှစ် လေးစီးရှင်ကျော်စွာ ဘွဲ့ခံ သီဟသူမင်း လက်ထက်မှာ ပညာရှိ ‘သီရိမဟာ စတုရင်္ဂဗလ’ အမတ်ကြီးက ပါဠိဘာသာနဲ့ ပြုစုခဲ့တာဖြစ်ပါတယ်။ လောကနီတိကျမ်းကို ဗုဒ္ဓွစာပေ၊ မြန်မာကျမ်းတွေနဲ့ မာဂဓဘာသာတို့နဲ့ ပေါ်ထွန်းခဲ့တဲ့ ရှေးဟောင်းနီတိကျမ်းတွေက ကောင်းနိုးရာရာတွေကို စုစည်းပြုစုထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝဝ ကျော်က ရေးသားခဲ့တဲ့ ဒီပါဠိကျမ်းကို ဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၉၆ ခုနှစ်မှာ ဆရာတော်ဦးဗုဓ်က မြန်မာဘာသာ ပြန်ဆိုခဲ့ပြီး အခုအခါမှာတော့ မြန်မာပြန်ဆိုပြီး မူကွဲအမျိုးမျိုးနဲ့ အဖွင့်ကျမ်းတွေလည်း ရှိနေပါပြီ။ စတုရင်္ဂဗလ အမတ်ကြီး ပြုစုခဲ့တဲ့ လောကနီတိကျမ်းမှာ ဂါထာပုဒ်ရေပေါင်း ၁၆၇ ပုဒ် ပါဝင်ပြီး ပဏ္ဍိတကဏ္ဍ၊ သုဇနကဏ္ဍ၊ ဗာလဒုဇ္ဇနကဏ္ဍ၊ မိတ္တကဏ္ဍ၊ ဣတ္ထိကဏ္ဍ၊ ရာဇကဏ္ဍ၊ ပကိဏ္ဏကကဏ္ဍ ဆိုပြီး အခန်း ၇ ခု ခွဲခြားထားပါတယ်။

အဲဒီအခန်း ၇ ခုမှာ မင်းဧကရာဇ်တို့နဲ့ ပတ်သက်တဲ့ ‘ရာဇကဏ္ဍ’ တစ်ခုတည်းသာ နိုင်ငံရေးနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ယူဆနိုင်ပေမယ့် ကျန်တဲ့အခန်းတွေက နီတိတွေဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်တွေးတောလို့ ရနိုင်ပါတယ်။ ဥပမာအားဖြင့်

“ခြင်္သေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက် သစ်ရွက်ကိုမူ မစား။ ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏။” ဆိုတဲ့ နီတိ၊

“မြင့်မြတ်သော မျိုးနွယ်ကို စောင့်သူသည် ဆင်းရဲခြင်းသို့ရောက်သော်လည်း ယုတ်ညံ့သောအမှုကို မပြု။” ဆိုတဲ့နီတိ၊

“သူယုတ်မာသည် သူတော်ကောင်းကို တွေ့မြင်လျှင် ချုပ်ချယ်ညှဉ်းဆဲခြင်း ပြုလို၏။” ဆိုတဲ့နီတိ၊

“အနောက်က နေထွက်ရာ၏။ မြင်းမိုရ်တောင် ယိုင်ညွတ်ရာ၏။ ငရဲမီး အေးရာ၏။ တောင်ထိပ်၌ ကြာပွင့်ရာ၏။ သူတော်ကောင်း စကားသည်ကား တရံတဆစ်မျှ မဖောက်ပြန်ရာ။” ဆိုတဲ့ နီတိတွေဟာ သူတော်ကောင်းတွေနဲ့ ဆက်စပ်တဲ့အခန်းမှာ ပါဝင်နေပေမယ့် နိုင်ငံရေးအခြေအနေတွေပေါ်မှာ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ယှဉ်တွဲကြည့်နိုင်ပါတယ်။

ရာဇကဏ္ဍ မှာတော့ တိုင်းပြည်ဆိုတာ အုပ်ချုပ်တဲ့ အစိုးရ၊ မင်းဧကရာဇ် ရှိဖို့လိုအပ်ကြောင်း၊ ပြည်သူတို့အနေနဲ့ ကိုယ့်ရဲ့အရှင်သခင်ကို အားကိုးသင့်ကြောင်း ဖော်ပြထားသလို အခြားတဖက်မှာတော့ မိမိတို့ရဲ့ အသက်ကိုပါ ရန်ရှာနိုင်တဲ့အတွက် မင်းဧကရာဇ်တို့ကို မထိမပါး ရှောင်ရှားသင့်တယ်လို့ လမ်းညွှန်ထားပါတယ်။ ဒါကြောင့် အကောင်းအဆိုး ၂ မျိုးစလုံး ဖော်ပြထားတယ်လို့ ဆိုရပါလိမ့်မယ်။ ရာဇကဏ္ဍ တခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ ပြည့်ရှင်မင်း ဒါမှမဟုတ် အစိုးရအနေနဲ့ ဘယ်လိုအရည်အချင်းတွေ ရှိရမယ်၊ ဘာတွေကို လိုက်နာရမယ်ဆိုတာတွေကို ညွှန်ပြထားတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သည်းခံခြင်း၊ နိုးကြားခြင်း၊ ထကြွလုံ့လရှိခြင်း၊ ဝေဖန်ပိုင်းခြားတတ်ခြင်း၊ သနားကြင်နာခြင်း၊ အမြော်အမြင်ကြီးခြင်း ဆိုတဲ့ နာယကဂုဏ် ၆ ပါးနဲ့ ပြည့်စုံသင့်တယ်လို့ လမ်းညွှန်ထားသလို တိုင်းသူပြည်သား မကောင်းရင် မင်းအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။

တိုင်းပြည်အုပ်ချုပ်သူတွေအနေနဲ့ တိုင်းပြည်အကျိုးအတွက် ဘယ်လောက်လုံ့လထုတ်သင့်တယ် ဆိုတာနဲ့ပတ်သက်လို့ လမ်းညွှန်ရာမှာတော့

“မင်းအစိုးရမည်သည် တိုင်းပြည်၏ အခွန်အတုတ် ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်း ရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏။ အမှုထမ်းများ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင် ပြုရာ၏။ နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှင့်မြှောက်စားထိုက်သူများကို ချီးမြှင့်မြှောက်စားရာ၏။”လို့ ဆိုထားသလို

“ဖုန်းတောင်းယာစကာများအဖို့ နေ့ရောညပါ အိပ်စက်ကြစေကာမူ၊ သာမန် ရပ်သူရွာသားများအဖို့ ညဥ့်သုံးယာမ်စလုံး အိပ်စက်ကြစေကာမူ၊ မှူးမတ် ပညာရှိများသည်ကား ညဥ့်သုံးယာမ်တွင် နှစ်ယာမ်သာလျှင် အိပ်စက်ရာ၏။ ပြည့်ရှင်မင်းသည်ကား ညဥ့်သုံးယာမ်တွင် တစ်ယာမ်သာလျှင် အိပ်စက်ရာ၏။” လို့ဆိုထားပါတယ်။

အမူအကျင့်တွေနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်များမှာလည်း

“စကားကို ဗလောင်းဗလဲ မပြောမဆိုရာ။ ဟုတ်တိုင်းမှန်ရာ တည်ကြည်စွာလျှင် တသမတ်တည်း ပြောဆိုရာ၏။ မင်းသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း၊ ပညာရှိ သူတော်ကောင်းတို့သည်လည်းကောင်း ဖြောင့်မှန်စွာလျှင် တသမတ်တည်းသာ စကားဆိုကြကုန်၏။” လို့ ဆိုထားသလို

“အိမ်ယာထောင်ထား အကြင်ယောက်ျားသည် ပျင်းရိမူ မကောင်း။ ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်း မရှိမူ မကောင်း။ မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိမူ မကောင်း။” လို့ ဆိုထားပြန်ပါတယ်။

မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆိုထားတဲ့ လောကနီတိ အဆိုအမိန့်တွေကို စစ်အစိုးရထုတ် သတင်းစာတွေမှာ ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့က စပြီး နေ့စဉ်ဖော်ပြခဲ့တာမို့ အုပ်စိုးသူတွေအပါအဝင် သိန်းပေါင်းများစွာသောသူတွေက အကြိမ်ကြိမ် ဖတ်မိကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူတွေအတွက် ရည်ညွှန်းလို့ ဘယ်သူတွေက လိုက်နာကြသလဲ ဆိုတာကတော့ စဉ်းစားစရာဖြစ်ပါတယ်။

အဖွဲ့အစည်း အသင်းအပင်းတွေမှာ ဦးဆောင်သူတွေ ဆင်ခြင်သင့်တဲ့ အချက်တစ်ခုကိုလည်း ရာဇကဏ္ဍထဲမှာ တွေ့ရပါတယ်။ အဲဒါကတော့
“အကြင်အရပ်၌ နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာ များအံ့။ နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာ များအံ့။ နှိမ့်ချသူမရှိ၊ အကြီးအမြတ်ဖြစ်လိုကြသူချည်းသာ ဖြစ်အံ့။ ထိုသူတို့ လုပ်သမျှ ကိစ္စအဝဝသည် ပျက်စီးရ၏။” ဆိုတဲ့ အဆိုအမိန့် ဖြစ်ပါတယ်။

တကယ်တော့ လူ့ဘောင်ကောင်းစားရေးအတွက် ရည်ရွယ်ထားတဲ့ နီတိတွေ၊ လမ်းညွှန်ချက်တွေဆိုတာ တကယ်ပဲ လိုက်နာနိုင်သူတွေရှိပါမှ ပိုပြီး တန်ဖိုးရှိမှာဖြစ်သလို အဲဒီလို လိုက်နာသူတွေ များပြားပါမှ လောကလူ့ရွာ သာယာမှာလည်း ဖြစ်ပါတယ်။ ။

ထိန်လင်း
၂၉၊ ၉၊ ၂ဝဝ၉


 

No comments: