Tuesday, January 3, 2012

မလွတ်မလပ် လွတ်လပ်ရေး (ထိန်လင်း)

“နှစ်စဉ်နှစ်တိုင်း အင်္ဂလိပ်နှစ်သစ်ကူးပြီဆိုတာနဲ့ ‘ဟက်ပီးနယူးယီးယား’ လို့ အော်ဖို့သူတွေရော၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ကို စောင့်စားနေသူတွေပါ မြန်မာပြည်အနှံ့မှာ ရှိနေပါတယ်။ အနောက်တိုင်းပြက္ခဒိန်ရဲ့ နှစ်သစ်ကူးကို ကြိုဆိုတဲ့အစဉ်အလာ တဖြည်းဖြည်းကျယ်ပြန့်လာတာ ဘာကြောင့်လဲလို့ စိတ်ဝင်စားသူတွေလည်း ရှိနေပါတယ်။ ဖြတ်ကျော်ခဲ့ရတဲ့ နှစ်ဟောင်းတွေက စိတ်ချမ်းသာစရာ၊ ကျေနပ်စရာ နည်းပါးနေလို့ လာမယ့်နှစ်သစ်မှာ ...”

မကြာခင် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တစ်ခု ကြုံရပြန်ဦးမည်။
ကျနော်တို့တိုင်းပြည်မှာ လွတ်လပ်ရေးနေ့ ဆိုတာတွေကို ကြုံခဲ့ရတဲ့နှစ်ပေါင်းက ၆ဝ ကျော်ရှိပေမယ့် တကယ်လွတ်လပ်ရေးရတယ်ဆိုတာက ၁၉၄၈ ခုနှစ် ပထမဆုံးနှစ်လောက်ပဲရှိတယ်လို့ တွေးမိပါတယ်။ ဘာကြောင့် ဒီလိုပြောရတယ်ဆိုတာ ကျနော့်မှာ သက်သေပြစရာ ရှိပါတယ်။

ကြည့်လိုက်ပါ။ မြန်မာပြည် လွတ်လပ်ရေးရတာ ၆၃ နှစ် ပြည့်တဲ့အချိန်မှာ တိုင်းပြည်က ဖွံ့ဖြိုးမှုအနည်းဆုံး၊ ကျန်းမာရေး စောင့်ရှောက်မှု အညံ့ဆုံး၊ အကျင့်ပျက်ခြစားမှု အကြီးမားဆုံး စတဲ့ ကမ္ဘာ့အဆိုးဝါးဆုံး စံနှုန်းသတ်မှတ်ချက်တွေထဲမှာ ရောက်ရှိနေပါပြီ။ ကမ္ဘာ့အဆိုးဆုံး အာဏာရှင်တိုင်းပြည်တွေထဲမှာ မြန်မာပြည် ထိပ်ဆုံးက ပါနေတာ၊ နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်က အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတာ၊ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ မြန်မာပြည်က ထွက်ပြေးနေရတာ၊ သိန်းနဲ့ချီတဲ့ ပြည်သူတွေက အတိတ်မှာ ကိုယ့်တိုင်းပြည်ထက် နိမ့်ကျဆင်းရဲတဲ့ နိုင်ငံတွေဆီထွက်ပြီး အလုပ် လုပ်ကိုင်နေရတာ၊ ကျောင်းနေရမယ့် ကလေးသူငယ်တွေက စာသင်ခန်းပြင်ပမှာထွက်ပြီး မိသားစုအတွက် ဝမ်းကျောင်းနေရတာ စတဲ့အချက်တွေက ပိုပြီး ထင်သာမြင်သာဖြစ်တဲ့အရာတွေ ဖြစ်နေပါတယ်။

အဓမ္မလုပ်အားပေးကိစ္စ၊ ကလေးစစ်သား စုဆောင်းခြင်း၊ မြေမြှုပ်မိုင်းပြဿနာ ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေတာ စတဲ့ လက်ရှိမှာရော အနာဂတ်မှာပါ တိုင်းပြည်ကိုထိခိုက်စေမယ့် ကိစ္စရပ်တွေကလည်း အများကြီး။

နှစ်စဉ်နှစ်တိုင်း အင်္ဂလိပ်နှစ်သစ်ကူးပြီဆိုတာနဲ့ ‘ဟက်ပီးနယူးယီးယား’ လို့ အော်ဖို့သူတွေရော၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်ကို စောင့်စားနေသူတွေပါ မြန်မာပြည်အနှံ့မှာ ရှိနေပါတယ်။ အနောက်တိုင်းပြက္ခဒိန်ရဲ့ နှစ်သစ်ကူးကို ကြိုဆိုတဲ့အစဉ်အလာ တဖြည်းဖြည်းကျယ်ပြန့်လာတာ ဘာကြောင့်လဲလို့ စိတ်ဝင်စားသူတွေလည်း ရှိနေပါတယ်။ ဖြတ်ကျော်ခဲ့ရတဲ့ နှစ်ဟောင်းတွေက စိတ်ချမ်းသာစရာ၊ ကျေနပ်စရာ နည်းပါးနေလို့ လာမယ့်နှစ်သစ်မှာ ကောင်းမွန်ပါစေကြောင်း မျှော်လင့်ကြိုဆိုကြတာပဲဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။

တကယ်တမ်း တိုင်းပြည်ရဲ့ ခေတ်အခြေအနေ ကောင်းမွန်ငြိမ်းချမ်းမယ်ဆိုရင် နှစ်သစ်ကူးအခါသမယက ကျနော်တို့တိုင်းပြည်အတွက် အင်မတန် မင်္ဂလာ ကြက်သရေရှိမှာ ဖြစ်ပါတယ်။ နှစ်သစ်ကူးနေ့နဲ့ လွတ်လပ်ရေးနေ့က ဆက်တိုက်ဆိုသလိုဖြစ်တော့ လွတ်လပ်ခြင်းနဲ့ မျှော်လင့်ပျော်ရွှင်ခြင်းတွေက တပြိုင်တည်းခံစားရသလို ဖြစ်မှာပါ။ အခုတော့ အဲဒါတွေက စိတ်ကူးအိပ်မက်တွေထဲမှာပဲ ရှိနိုင်မယ်ထင်ပါရဲ့။
တကယ်တော့ လွတ်လပ်ရေးနေ့ရဲ့ အနှစ်သာရဟာ သက်ဆိုင်ရာတိုင်းပြည်မှာ မှီတင်းနေထိုင်သူအပေါင်းနဲ့ သက်ဆိုင်သလို၊ ရရှိတဲ့ အကျိုးစီးပွားဆိုတာတွေကလည်း အားလုံးအတွက် ဖြစ်ရပါမယ်။ ကောင်းကျိုးကောင်းမွေ ခံစားရရင်လည်း အတူတူ၊ ဆိုးမွေကို ခံစားရမယ်ဆိုရင်လည်း အတူတူ မျှဝေခံစားရဖို့ လိုပါတယ်။ တချို့တွေ ကောင်းစားဖို့ တချို့က (ဒါမှမဟုတ်) အများက ဆိုးဝါးတဲ့အတိဒုက္ခ ခံစားနေရမယ်ဆိုရင် မတရားပါဘူး။ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ အကျိုးစီးပွား အားလုံး သာတူညီမျှဖြစ်ဖို့လိုပါတယ်။ လွတ်လပ်ရေးဆိုတာကလည်း ပြည်သူအားလုံး တကယ်တမ်း လွတ်လပ်မှ လွတ်လပ်ရေးရတယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မူလ လွတ်လပ်ရေးရရှိစဉ်က အဓိပ္ပာယ်သတ်မှတ်ချက်၊ အနှစ်သာရတွေကို ပြန်လည်ရှာဖွေကြည့်မိပါတယ်။

မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ ဘယ်သူတွေအတွက် ဖြစ်တယ်ဆိုတာကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က ကြေညာခဲ့တဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ

“ငါတို့သည် တစ်မျိုး တစ်ဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား၊ ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ။ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာသတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ကြရာ မြန်မာနိုင်ငံတော်တဝှန်းကို တသွေးတသားတည်းဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကြိုးထူး၊ တစိတ်တဝမ်းတည်းဟူသော ကြိုးထူး ဤကြိုးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ။”

လို့ အတိအလင်း ဖော်ပြထားပါတယ်။ ဒီအချက်တွေနဲ့ ဒီကနေ့မြင်တွေ့နေရတဲ့ အနေအထားကို ယှဉ်တွဲသုံးသပ်ကြည့်မယ်ဆိုရင်တော့ လွတ်လပ်ရေးရဲ့ အနှစ်သာရ ဘယ်ရွေ့ဘယ်မျှ ကျန်နေသေးတယ်ဆိုတာ မှန်းဆနိုင်မှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ သယံဇာတ စတဲ့ အမွေအနှစ်တွေကရော ဘယ်သူတွေအတွက် ဖြစ်ပါသလဲ။ ဒါကို လွတ်လပ်ရေးကြေညာစာတမ်းမှာ အခုလို အတိအလင်း ဖော်ပြထားပါတယ်။

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်၊ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခု မျက်မှောက်တွင်လည်းကောင်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံနိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏ ပထမ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှန်း၏ အကျိုးကို ကောင်းစွာရွက်ဆောင်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလ လူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ်တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။”

ဒီလိုဖော်ပြထားတဲ့အပြင် “ငါတို့သည် လွတ်လပ်သောနိုင်ငံ ဖြစ်သည်နှင့်အညီ ကမ္ဘာ့ လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့်ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်” လို့လည်း အုပ်စိုးသူတွေ အုပ်ချုပ်ရမယ့် အခြေခံကျင့်ဝတ်ကို ဖော်ပြထားပါတယ်။

လွတ်လပ်ရေးရလို့ ၆၃ နှစ် ကြာမြင့်တဲ့ ယနေ့ကာလမှာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှု၊ တစ်ဦးချင်းရရှိတဲ့ လုပ်ပိုင်ခွင့် အခွင့်အရေး၊ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်၊ အုပ်စိုးသူတွေရဲ့ အုပ်ချုပ်ပုံ၊ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး စတဲ့ မဏ္ဍိုင်တွေမှာ လွတ်လပ်မျှတမှု အတိုင်းအတာ၊ အုပ်ချုပ်သူနဲ့ လူထုရဲ့ အပြန်အလှန်ထိန်းချုပ်နိုင်မှု စသဖြင့် အချက်ပေါင်းများစွာကို ဝေဖန်ဆန်းစစ်ရင်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ရရှိခဲ့တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရ ဘယ်လောက်ကျန်သေးသလဲ၊ ဘယ်လောက် ပြည့်စုံသလဲ၊ ဘာတွေမှားယွင်းနေသလဲဆိုတာ သုံးသပ်ရမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးက ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်သလို မလွတ်မြောက်သေးတဲ့ တိုင်းပြည်ကို လွတ်မြောက်အောင်ကြိုးပမ်းဖို့ကလည်း ပြည်သူတရပ်လုံးရဲ့ တာဝန်ဖြစ်ပါတယ်။

ဒီကြေညာစာတမ်းပါ အချက်အလက်တွေနဲ့ မညီညွတ်တဲ့ ကာလပတ်လုံး တိုင်းပြည်ရဲ့လွတ်လပ်ရေးဟာ မလွတ်မလပ် လွတ်လပ်ရေးတွေသာ ဖြစ်နေမှာ မလွဲမသွေပါပဲ။ ။

ထိန်လင်း
၂၆၊ ၁၂၊ ၂ဝ၁ဝ

လွန်ခဲ့တဲ့နှစ်က ရေးခဲ့တဲ့ ဆောင်းပါးပါ။ လက်ရှိအချိန်နဲ့ ဘယ်လောက်ကွာဟပြီလဲဆိုတာ တွေးကြည့်ဖို့ပါ။


 

No comments: