နွေဦးကို ကျနော် ချစ်သည် …။
နွေဦးသည် ကျနော့်အတွက် ရင်ခုန်ကြည်နူးစရာ၊ လွမ်းမောနှစ်လိုဘွယ်ရာ၊ တက်ကြွ ရွင်လန်းမှုတို့ကိုပါ နှစ်စဉ် အချိန်မှန် ဆောင်ယူ ရောက်ရှိလာတတ်သူဖြစ်သည်။ နွေဦးရောက်ရှိလာတော့မည့် အချိန်ကာလကို ရင်တထိတ်ထိတ်နှင့် စောင့်မျှော်ခဲ့ရသည်မှာလည်း ကျနော့်အတွက် မမောနိုင်၊ မပန်းနိုင်။ နွေဦးကို လွမ်းသည့် ကျနော့်အလွမ်းကို ဘယ်လို အလွမ်းမျိုးကမှ မပြိုင်နိုင်၊ မနိုင်နိုင်ဟုပင် စိတ်ထဲ ထင်မှတ်နေမိသည်။ ထိုမျှမက ကျနော်သည် နွေဦးအပေါ် ဂုဏ်ယူ ရူးသွပ်စွာ စွဲစွဲလန်းလန်း ချစ်ခဲ့ရပါသည်။
ကျနော်ငယ်ငယ်က နွေဦးအပေါ် အမှတ်ထင်ထင် မရှိခဲ့။ ဆောင်းရာသီတလျှောက်လုံး နှစ်သက်စွာ ဝတ်ဆင်ခဲ့ရသည့် ဖလန်နယ် အနွေးအင်္ကျီလေးကို အမေက လျှော်ဖွပ် မီးပူတိုက်ပြီး ပရုပ်လုံးကလေးတွေညှပ်ကာ သိမ်းဆည်းထားတတ်သည့်အချိန်မျိုးတွင် နွေဦးရောက်လာတတ်မှန်း ကျနော် မသိခဲ့။ ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား ထိတ်ထိတ်လန့်လန့် စာအော်ကျက်ရင်း နွေဦးကို ကျနော် သတိမထားမိခဲ့။ စာမေးပွဲကျခဲ့ရင်ဟူသော ကြောက်စိတ်နှင့် ဇောချွေးတို့ဖိစီးမှုအောက်မှာ နွေဦးသည် ကျနော့်အတွက် ပျောက်ဆုံးနေသောအရာတခု ဖြစ်နေခဲ့ပါသည်။ နွေဦးကို ပျောက်ဆုံးနေရမှုနှင့်အတူ ပန်းကလေးတွေ ဖူးရာမှ ပွင့်ပုံ၊ ဆောင်းခိုကျေးငှက်ကလေးများ လွတ်မြောက်ရေး တေးသီကြွေးသံ၊ အရိုးပြိုင်းပြိုင်းထအောင် ရွက်ကြွေရိုးတံတလျှောက် ဖူးသစ်စရွက်နုကလေးများရဲ့ ကကြိုးနဲ့ ကကွက်ကလေးများကိုပါ ကျနော် ဆုံးရှုံးနေခဲ့ရပါသည်။
ကျနော့်မှာ နားရှိနေလျက် မကြားခဲ့၊ မျက်လုံးများရှိနေလျက် မကြည့်မြင်တတ်ခဲ့၊ နှလုံးသားရှိနေပါလျက် ကူးဆက် မခံစားနိုင်ခဲ့ပါ။
နွေဦးအတွက်တော့ ကျနော့်ဘဝ၊ ကျနော့်အရွယ်သည် ပီဘိကလေး တယောက်မျှသာ …။
ကျနော့်ဇာတိ မြစ်ဝကျွန်းပေါ် ဒေသသည် နွေ၊ မိုး၊ ဆောင်းဆိုသည့် ရာသီစက်ဝန်း ပုံမှန်လည်ပတ်နေသော အရပ်ဒေသ ဖြစ်သည်။ ပင်လယ်ကိုမေးတင်ပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်များ ဝန်းရံနေသော ကျနော့်ဇာတိမြို့ကလေးသည် သုံးရာသီ ဝတ်စုံကို အလှည့်ကျဝတ်ဆင်ရင်း ရိုးသားစွာ လှနေတတ်သည်။ မိုးရွာထဲတွင် ကျောင်းတက်ရင်း၊ မျောက်ရှုံးအောင် ဆော့ကစားရင်း ကြီးပြင်းခဲ့ရသည်။ နှင်းထုထဲတွင် မီးလှုံရင်း၊ ကောက်ညှင်းပေါင်းနှင့် ငါးကြော်ကို လွေးရင်း ဆောင်းကို အံတုခဲ့ကြသည်။ နေပူပြင်းသည့် နွေရာသီမျိုးမှာတော့ အမေ့တုတ်ကိုကြောက်လို့ နေ့ခင်း နေ့လည်တွင် အိပ်စက်ခဲ့ရသည်က များသည်။ ထို့ကြောင့် နွေဦးသည် ကျနော့်ဘဝ အမှတ်သညာရထား၏ ဆိုက်ရောက်နားခိုခြင်းကို ခံယူခွင့်မရရှိနိုင်ခဲ့သော ကြား ဘူတာရုံကလေးတခုပမာ ဖြစ်နေခဲ့ပါသည်။
နွေဦးနှင့်ကျနော်သည် ခပ်စိမ်းစိမ်းဖြစ်ခဲ့သည်။ မသိကျိုးကျွံနေခဲ့ကြသည်။ ကျနော်က နွေဦးအပေါ် အလေးအနက် မထားတတ်ခဲ့သလို နွေဦးကလည်း ကျနော့်အပေါ် သဘာဝကျကျ ဥပေက္ခာပြုထားခဲ့ပါသည်။ သို့ပါသော်ငြား နွေဦးနှင့်ကျနော့်အကြားတွင် အမုန်း မရှိ၊ အာဃာတ မရှိ၊ အငြိုးအတေး မရှိ၊ ရန်ဘက်သဘောမျိုး မရှိခဲ့ကြပါ။ ကျနော့်အရွယ်နှင့် ကျနော့်ဘဝ၏ ပြဌာန်းချက် သင်္ခန်းစာတွင် နွေဦးခံစားမှုအခန်းကို သင်ကြားတတ်မြောက်ရန် တန်းမမီသေးခြင်းကြောင့်သာဖြစ်မည် ထင်ပါသည်။
ဘဝထိုထိုသည် အဖြစ်အပျက်များကို သယ်ဆောင်ရင်း နှစ်ကာလများကို ဖြတ်သန်းသွားခဲ့ပါသည်။ ရှက်တတ်၊ ကြောက်တတ်၊ လွမ်းမောခံစားတတ်စအရွယ်တွင် ဥသြငှက်တကောင်၏ တေးသီသံမှတဆင့် နွေဦးနှင့်ကျနော် စတင်သိကျွမ်း ရင်းနှီးခွင့်ကို မထင်မှတ်ဘဲ ရရှိလိုက်သည်။ တနေ့သောနွေဦး၏ နံနက်ခင်းတခုတွင် ဖြစ်ပါသည်။
နှိုးစက်နာရီလေး တလုံးတလေမျှပင်မရှိသော အိမ်ကလေးတလုံးသည် ဆောင်းနှောင်းအရုဏ်ဦး၏ ထွေးပွေ့မှုအောက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ အိပ်မောကျလျက်ရှိနေပါသည်။ စွန့်ခွာစ အအေးဓာတ်နှင့် ထိုးဖောက်ဝင်ရောက် နေရာယူလာသည့် အနွေးဓာတ်တို့၏ ပဋိပက္ခဖြစ်စဉ်အတွင်း ဥသြငှက်ကလေးတကောင်၏ တေးသီသံကို ကျနော် ကြားလိုက်ရသည်။ ကျနော့်ဘဝ၏ ပထမဆုံး ဥသြငှက်၏ တေးသီသံလည်းဖြစ်ပါသည်။ မျက်လုံးကိုမဖွင့်ဘဲ အိပ်ချင်မူးတူးဖြင့် ငှက်ကလေး၏တေးသီသံကို ကျနော် နားထောင်နေမိသည်။ ငှက်ကလေးသည် ဥသြ … ဥသြ ဆိုသည့် အသံကို မြှင့်ကာ ဝင့်ကာ၊ ဆင့်ကာ ဆက်ကာ အော်ဟစ်မြည်ကြွေးနေသည်မှာ သူ့အသံ တိမ်ဝင်ပျောက်ကွယ်သွားသည် အထိဖြစ်ပါသည်။ အထီးကျန်ဆန်ခြင်း၊ လွမ်းဆွတ်တမ်းတရခြင်း ဆိုသည့် ခံစားချက်များကို တိတိပပ နားမလည်တတ်သေးသော ကျနော်သည် ငှက်ကလေး၏ တေးသီသံကို နားဆင်နေမိရင်းက အမျိုးအမည်ဖော်မပြနိုင်သော ခံစားမှုတမျိုးကို ခံစားနေရပါသည်။ ရင်ထဲတွင် သာယာကြည်နူးနေသလိုလို … ငှက်ကလေးအပေါ် ကိုယ်ချင်းစာ သနားလာမိသလိုလိုဖြစ်ကာ ငှက်ကလေး၏တေးသီသံ ကွယ်ပျောက်သွားမှာကို စိုးရိမ်စိတ်ဖြင့် ရင်တထိတ်ထိတ် ခုန်နေပါတော့သည်။
ထိုစဉ် စာကျက်ချိန် အိပ်ယာနှိုးသံက ကျနော့်ကို ငှက်ကလေး၏တေးသံ ညှို့ကွင်းမှ လွတ်မြောက်စေခဲ့သည်။ အဖေ ဖွင့်လိုက်သော အိမ်ရှေ့တံခါးမကြီးမှတဆင့် မက်မုံရောင်တဝက် လိမ္မော်ရောင်စွက်ထားသော နံနက်ခင်း၏ နေခြည်အလင်းတန်းတို့ ထိုးဖောက်ဝင်ရောက်လာပါသည်။ စကားပြောသံ၊ လှုပ်ရှားသွားလာသံများ၏အောက်တွင် ဥသြငှက်ကလေး၏ တေးသီသံသည် တဖြည်းဖြည်နှင့် ဝေးရွေ့ဝေးကွာ သဲ့သဲ့မျှသာ ကြားရတော့သည်။ ရုတ်တရက် တိုးဝင်လာသော လေပြည်တွင် အနွေးဓာတ်ငွေ့ငွေ့ကလေးကို ထိတွေ့ခံစားလိုက်ရသည်။ ဒါ … နွေဦး ဖြစ်မည်။
သေချာပါသည်။ ပျောက်ကွယ်လုလု ဥသြငှက်မလေး၏ တေးသီသံမှတဆင့် နွေဦးသည် ကျနော့်ရှေ့တည့်တည့်တွင် နှစ်လိုဖွယ်ရာ အဆင်းနှင့် လှလှပပ တည်ရှိနေပါပြီကော …။
မင်္ဂလာနံနက်ခင်းပါ … နွေဦး။
ဘဝနှင့် အရွယ်သည် အတွေ့အကြုံများစွာကို သိုမှီးရင်း နှစ်ကာလများကို ပျော်ဝင်စီးဆင်းစေခဲ့သည်။ ကျနော်နှင့် နွေဦးသည်လည်း အရင်ကလို စိမ်းစိမ်းကားကား ဖြစ်မနေနေတော့။ တစစနှင့် ပိုလို့ ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ခိုက်ခိုက်တုန်အောင် ချမ်းစီးလှသည့် ဆောင်း၏အအေးဒဏ်ကို ကြိတ်မှိတ်ခံစားရင်း နွေဦးကို မျှော်လင့်နေမိသည်။ ဥသြငှက်ကလေး၏ တေးသီသံကို နားစွင့်ရင်း နွေဦးကို လွမ်းဆွတ်တမ်းတနေမိသည်။ တဖြုတ်ဖြုတ်ကြွေလွင့်နေသော ဟောင်းရွက်ကြွေများကို ကရုဏာသက်စွာ ငေးကြည့်ရင်းက နွေဦးခြေသံကို ရင်ခုန်စောင့်စားနေမိသည်။ ကြာတော့ ကျနော်သည် နွေဦးမျှော်သူတယောက် ဖြစ်မှန်းမသိ ဖြစ်လာပါတော့သည်။
ခါးသီးလှသော အအေးဓာတ်ကို သိမ်းဖျက်ဖို့ တိုက်ပွဲဝင်နေသည့် အနွေးဓာတ်ငွေ့ငွေ့ကလေးနှင့်အတူ နွေဦး ရောက်ရှိလာတတ်သည်။ ဆောင်းနှောင်းနှင်းမှုံ လက်ကျန်တွေကြားမှာ နွေဦးရှိနေတတ်သည်။ ရွက်နုသစ်ဝေ ရိုးတံတွေပေါ်မှာ နွေဦးနားခိုနေတတ်သည်။ မိုးနှင့်ဆောင်းရာသီတခုလုံး ပုန်းကွယ်နေတတ်သည့် ရွက်ကြွေတောလမ်းကလေးတွေအပေါ်မှာ နွေဦး လမ်းသလားနေတတ်သည်။ အမှောင်ကို ဖြိုခွင်းပြီး အလင်းကို ဆောင်ယူလာသည့် အရုဏ်ဦး၏တပ်ဦးတွင် တက်ကြွစွာ ချီတက်နေသည့် နွေဦးကို တွေ့ရှိရတတ်သည်။ တနှစ်မှာ တခါသာပွင့်သည့် ပန်းပိတောက်ဝါရွှေရည်များကို ပန်ဆင်ကာ နွေဦးသည် ဣနြေ္ဒကြီးစွာ အလှဟန်ရေး ပြနေတတ်ပါသည်။
သို့နှင့် နွေဦးနှင့်ကျနော့်အကြား မမြင်နိုင်သော သံယောဇဉ်ကြိုးတံတားတခု ခိုင်ခိုင်မာမာ ဖြစ်တည်လာခဲ့သည်။ ရင်းနှီးကျွမ်းဝင်မှုမှာလည်း ပိုလို့နက်ရှိုင်းလာခဲ့သည်။ ကျနော်က နွေဦးကို တခုတ်တရ မျှော်လင့်နေတတ်သလို နွေဦးကလည်း ကျနော့်အလွမ်းတို့ကို ပြန်လည်အသိအမှတ်ပြုခဲ့ပါသည်။
နွေးထွေးပွင့်လင်းသော၊ လှိုက်လှဲနူးညံ့သော နံနက်ခင်းများစွာကို နွေဦးထံမှ လက်ဆောင်အဖြစ် ကျနော် လက်ခံရရှိခဲ့ပါသည်။ အေးစက်တင်းမာခြင်းနှင့် နွေးထွေးသိမ်မွေ့မှု၊ တင်းကြပ်ပိတ်လှောင်နေသော အနှောင်အဖွဲ့နှင့် ပွင့်လင်းသာယာ လှသော လွတ်မြောက်မှု၊ အမှောင်နှင့်အလင်း၊ အဟောင်းနှင့်အသစ်တို့၏ ပဋိပက္ခနှင့် တိုက်ပွဲများကို နွေဦးက ကျနော့်အား စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့သည်။ ကျနော့်ဘဝ၏ နွေဦးသင်္ခန်းစာများသည် တနေ့နှင့်တနေ့၊ တနှစ်နှင့်တနှစ် တိုး၍ တိုးလို့သာ …။
နွေဦးအပေါ် ကျနော့်ခံစားမှု မြင့်တက်ခဲ့ပါသည်။ နွေဦးအပေါ် ဂုဏ်ယူလေးစားလာမိသည်။ နွေဦးကို သေသေချာချာ နားလည်လာခဲ့သည်။ ကျနော့်အဖို့ နွေဦးသည် တနှစ်တခါ မပျက်မကွက် တွေ့ဆုံနိုင်သော ချစ်သူဖြစ်မှန်းမသိ ဖြစ်နေပါတော့သည်။
ကျနော် ကြုံတွေ့ဖြတ်သန်းခံစားခဲ့ရသည့် စပ်ကူးမတ်ကူး ရာသီဦးထဲတွင် နွေဦးသည် အလှဆုံးဖြစ်သည်။ တခါတရံ နောက်ကျတတ်သည်မှလွဲ၍ နွေဦးသည် နှစ်စဉ် မပျက်မကွက် တွေ့ဆုံနိုင်သော ချစ်သူ ဖြစ်မှန်းမသိဖြစ်နေပါတော့သည်။ နွေဦးရောက်လာလျှင် အရာရာသည် ပွင့်လင်း သစ်လွင် လှပလာသည်။
ကျောင်းစာသင်ခန်းထဲတွင် နွေဦး ရှိသည်။ စမ်ချောင်းကလေးအတိုင်း စီးမျောနေသည့် ပန်းကလေးတပွင့်မှာ၊ လရောင်၏ ချစ်သူလေညင်းမှာ၊ ရိုးပြတ်လယ်ကွင်းနဲ့ အလုပ်သမလေးတွေရဲ့ သနပ်ခါး ဘဲကျားရနံ့မှာ၊ ဗင်းဆင့်ဗင်ဂိုးရဲ့ ပန်းချီကား တွေမှာ၊ စက်ရုံတွေထဲက ချွေးစက်တွေပေါ်မှာ၊ ကမ္ဘာ့အဖိနှိပ်ခံ ပြည်သူလူထုကြီး၏ တော်လှန်ရေးတိုက်ပွဲများမှာ နွေဦး ရှိနေပါသည်။
နွေဦးသည် ဖောက်ပြန်ပျက်စီးနေသည့် အဟောင်းဘက်တွင် မနေ၊ လိုအပ်ဖြစ်ထွန်းလာမည့် အသစ်ဘက်တွင် နေသည်။ အဓမ္မ၏ အမှောင်ဘက်တွင် မရပ်၊ ဓမ္မတရား၏ အလင်းဘက်မှာ ရပ်သည်။ ကမ္ဘာလောက၏ အလှတရားကို ဖျက်ဆီးနေသောအရာ အားလုံးကို ငြင်းဖျက်၍ အစဉ်အလာကြီးမားသော အနုပညာအလှတရားတို့ကို မွေးဖွားပေးသည်။
ကဗျာဆရာကြီး ဗားတော့ဗရက်က နှင်းတွေ သိပ်သိပ်သည်းသည်းကျနေရင် ပဲစေ့ကလေးတွေ အညှောင့်မပေါက် နိုင်ရှာဘူးဟု ဖွဲ့ဆိုခဲ့သည်။
ဖိနှိပ်မင်းမူကြီးစိုးနေသည့် နှင်းခါးခါးတို့ လွင့်ပျောက်ပျက်သုဉ်းမှုကို နွေဦးရောက်လာချိန်က ပြဌာန်းပေးပါသည်။ နွေဦးရောက်လာလျှင် ပဲစေ့ကလေးတွေ အညှောင့်ပေါက်နိုင်မည်။ ကျေးငှက်ကလေးတွေက လွတ်မြောက်ရေးတေးကို ဆိုမည်။ တတောလုံး ကြွေခဲ့ရသည့် သစ်ပင်တွေကလည်း နွေဦးအစိမ်း ဝတ်ရုံသစ်ကို ဝတ်ဆင်ကာ ပန်းပွင့်လှလှကလေးများ ဖူးပွင့်ဝေစည်နေမည်ဖြစ်သည်။
ကျနော့်အတွက်တော့ နွေဦးသည် ကဗျာ၊ နွေဦးသည် ဂန္ထဝင်အလှတရား၊ နွေဦးသည် လွတ်မြောက်ရေးရဲ့ အရုဏ်ဦး၊ နွေဦးသည် ကမ္ဘာလောက၏ မပျက်သုဉ်းနိုင်သောသစ္စာတရားပင်ဖြစ်သည်။
လွမ်းပါတယ် … … … နွေဦး။
ကမာပုလဲ
+ ၂၀၀၆ ခုနှစ် သစ္စာ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ... နွေဦး အမှတ်တရ ... တမ်းချင်း
No comments:
Post a Comment