ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့လယ်မှာ အင်မတန်ထူးခြားတဲ့ ပြတိုက်တစ်ခုရှိပါတယ်။ ခမာလို နာမည်ရှိပေမယ့် အက်စ် ၂၁ (S - 21)၊ လူသတ်ကွင်း(Killing Field) လို့ လူသိများကြပါတယ်။ ပြတိုက်ဆိုပေမယ့် သီးသန့်ဆောက်လုပ်ပြီး ခင်းကျင်းထားတာ မဟုတ်ဘဲ မူလရှိနှင့်ပြီး အနေအထားကိုပဲ ပြသထားခြင်းဖြစ်ပါတယ်။ အဲဒီပြတိုက်ကတော့ အကျဉ်းထောင်ဖြစ်သွားတဲ့ စာသင်ကျောင်းတစ်ခုပါပဲ။
S-21 အကျဉ်းထောင်မှ နောက်ဆုံးသေဆုံးခဲ့ရသူတို့၏ အုတ်ဂူများ
အတိအကျ စာရင်းကောက်ဖို့ခက်ခဲလှပေမယ့် ကမ္ဘောဒီးယားကို အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ ပိုပေါ့ (Pol Pot) လက်ထက် ၁၉၇၅ ဧပြီ မှ ၁၉၇၉ ဇန်နဝါရီအတွင်း ခမာလူမျိုး ၁.၇ သန်းလောက် သေဆုံးခဲ့ရပါတယ်။ ပညာတတ်ဆိုရင် တော်လှန်ပုန်ကန်သူတွေ ဖြစ်မှာပဲဆိုတဲ့အမြင်နဲ့ အင်္ဂလိပ်စကား ပြင်သစ်စကား တတ်သူတွေကိုသာမက မျက်မှန်တပ်သူတွေ၊ ဆွဲကြိုးဆွဲသူတွေတောင် အသတ်ခံခဲ့ရတဲ့ အဖြစ်ဆိုးတွေပါ။ အဲဒီလို အဖြစ်မျိုးတွေ ကြုံခဲ့ရတဲ့နေရာတွေဟာ ကမ္ဘောဒီးယား တိုင်းပြည်အနှံ့ပါပဲ။ အက်စ် ၂၁ ပြတိုက်ဟာလည်း အတိတ်ကို ဖော်ပြနိုင်တဲ့ အထင်ကရ နေရာပေါင်းများစွာထဲက နေရာတစ်ခုပါပဲ။
အကျဉ်းထောင်ဖြစ်ခဲ့သော စာသင်ကျောင်း
စာသင်ကျောင်းကို အကျဉ်းထောင်အဖြစ် ဖန်တီးပြီး ပြည်သူလူထုတွေ၊ နိုင်ငံခြားသားတွေကို နှိပ်စက်ခဲ့တဲ့၊ သတ်ဖြတ်ခဲ့တဲ့ အဲဒီပြတိုက်မှာ များစွာသော အနိဋ္ဌာရုံပုံရိပ်တွေကို မြင်တွေ့နိုင်ပါတယ်။ သေဆုံးခဲ့သူများရဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ အနှိပ်စက်ခံရပြီး သေဆုံးသွားတဲ့ အလောင်းဓာတ်ပုံတွေ၊ စာသင်ခန်းများကို ပြုပြင်ထားတဲ့ အချုပ်ခန်းတွေ၊ နှိပ်စက်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေ စသဖြင့် အတိတ်ကာလဆီ ရောက်သွားသလို ခံစားရလောက်တဲ့ အရာတွေဖြစ်ပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေအရ လူမမည် ကလေးတွေတောင် အသတ်ခံခဲ့ရပါတယ်။ အဝင်ဝကနေ လှမ်းကြည့်မယ်ဆိုရင် အုန်းပင်တွေ၊ တရုတ်စံကားပင်တွေ၊ ဗာဒံပင်တွေနဲ့ အေးချမ်းသယောင် ဖွဲ့တည်ထားတဲ့ ၂ ထပ် စာသင်ကျောင်းဆောင်ကြီး ၄ ခုဟာ ဆိုးဝါးတဲ့ သမိုင်းတစ်ခုကြောင့် အလှပျက်ခဲ့ရပါပြီ။
ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းများ၏ သက်သေခံများ
အချုပ်ခန်းများဖြစ်သွားသည့် စာသင်ခန်းတစ်ခု
တောင်အာဖရိကနိုင်ငံ ရော်ဘင်ကျွန်း(Robben Island) မှာလည်း ပြတိုက်တစ်ခု ရှိပါတယ်။ အဲဒီပြတိုက်ကတော့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင် မန်ဒဲလား ၂၇ နှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့ အကျဉ်းထောင်ပဲဖြစ်ပါတယ်။ အဲဒီအကျဉ်းထောင်မှာဆိုရင်လည်း အသားအရောင်ခွဲခြားမှု ပြဿနာများကြောင့် လူအများ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ နေရာတစ်ခုပါပဲ။
ရော်ဘင်ကျွန်း
ရော်ဘင်ကျွန်း အကျဉ်းထောင်သို့
ရော်ဘင်ကျွန်းတွင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သည့် နယ်လ်ဆင်မင်ဒဲလား
သာမန်ပြတိုက်တွေနဲ့မတူတဲ့ အဲဒီလို ပြတိုက်တွေဟာ ကမ္ဘာပေါ်မှာ တော်တော်များများရှိနေပါတယ်။ ဒါတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လူအများသွားရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားကြပါသလဲ။ ဝင်ကြေးငွေ ရရှိဖို့၊ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်သက်သက်နဲ့ လုပ်ဆောင်တာတော့ မဟုတ်ပါဘူး။ အတိတ်က ဆိုးဝါးလှတဲ့ ဖြစ်ရပ်တွေကို မြင်တွေ့ရအောင်၊ ဆိုးဝါးလှတဲ့ ဖြစ်ရပ်တွေကို ဆင်ခြင်တုံတရားနဲ့ ရှောင်ရှားနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေက အဓိက ဖြစ်ပါလိမ့်မယ်။
သက်ရှိသမိုင်းကို သက်ရှိတွေက ဖန်တီးကြသလို လူ့သမိုင်းကိုလည်း လူတွေကသာ ဖန်တီးကြတာဖြစ်ပါတယ်။ သမိုင်းဆိုးတွေ၊ သမိုင်းကောင်းတွေအားလုံးရဲ့ ဖန်ဆင်းရှင်က လူတွေသာ ဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးတွေ၊ အခြားသော စစ်မက်တွေ၊ ရက်စက်မှုတွေ၊ အနိုင်အထက်ပြုမှုတွေ အားလုံးက လူတွေကပြုလုပ်ခဲ့တာဖြစ်ပြီး ဆိုးကျိုးတွေ ခံစားရတာလည်း လူတွေပါပဲ။ ဒါပေမယ့် ဒီအဖြစ်တွေက လူ့သမိုင်းမှာ လုံးဝ ပျောက်ကွယ်သွားတယ်ရယ်လို့ မရှိဘဲ အမွေဆိုးကို လက်ဆင့်ကမ်း သယ်ဆောင်သူတွေက သယ်ဆောင်မြဲရှိပြီး အပြစ်မဲ့စွာ ခံစားရသူတွေကလည်း ဆက်လက် ခံစားနေရမြဲဖြစ်နေတာက ရင်နင့်ဖွယ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကိုလိုနီနိုင်ငံအဖြစ်ကနေ လွတ်မြောက်ခဲ့တာ နှစ်ပေါင်း ၅ဝ ကျော်ခဲ့ပါပြီ။ ဒါပေမယ့်လည်း ကိုလိုနီနိုင်ငံအဖြစ် ကျရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ ကျော်လောက်ကလို လွတ်လပ်မှုကင်းမဲ့နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရ၊ ဖက်ဆစ်ဂျပန်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စသဖြင့် နာမည်အမျိုးမျိုး၊ အုပ်ချုပ်သူ အမျိုးမျိုးကွဲပြားခဲ့ပေမယ့် လွတ်လပ်ခြင်းဆိုတဲ့ အရသာကို ခံစားခွင့် မရကြသေးတာတော့ အမှန်ပါပဲ။
မြန်မာနိုင်ငံမှာ အုပ်စိုးသူများ ဖန်တီးမှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ပြည်တွင်းစစ်မက်တွေ၊ လူမျိုးရေး အဓိကရုဏ်းတွေ၊ ဆန္ဒပြပွဲတွေ၊ အရေးတော်ပုံတွေကြောင့် လူပေါင်းများစွာ သေကြေခဲ့ရပါတယ်။ တကယ်တော့ အုပ်စိုးသူအဆက်ဆက်ရဲ့ ဆိုးရွားမှုတွေ၊ ကိုယ်ချင်းမစာနာမှုတွေအောက်မှာ ပြည်သူပေါင်းများစွာရဲ့ ချွေးတွေ၊ သွေးတွေ၊ မျက်ရည်တွေ၊ ဘဝတွေ များစွာ စတေးခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲဒီလို စတေးခဲ့ရတဲ့ ဖြစ်ရပ်တွေက များခဲ့သလို နေရာတွေကလည်း ဒေသအနှံ့ပါပဲ။ အာဏာရှင်များရဲ့ လက်အောက်မှာ အဲဒီခေတ်သမိုင်းကို ပြည့်စုံအောင် ရေးထိုးနိုင်ခြင်းမရှိတာကြောင့် ဖြစ်ရပ်ဆိုးပေါင်းများစွာဟာ လူမသိသူမသိ ပျောက်ကွယ်ခဲ့ရသလို၊ ဆက်လက်ပျောက်ဆုံးရမယ့် အခြေအနေတွေကလည်း ဖြစ်ပေါ်နေဆဲပါ။
ခေတ်စနစ်ဆိုးများအောက်မှာ လူတိုင်းလူတိုင်း ကိုယ့်ဘဝကိုကိုယ် လွတ်လပ်စွာ ထူထောင်နိုင်ခွင့် မရှိပါဘူး။ ဥပမာအားဖြင့် ကျောင်းသားတွေဟာ စာသင်ခန်းထဲကထွက်ပြီး နိုင်ငံရေးဖြစ်စဉ်တွေပြောင်းလဲဖို့ တော်လှန်ရေး လုပ်ခဲ့ကြရပါတယ်၊ ပြည်သူလူထုအတွက် တောင်းဆိုတိုက်ပွဲဝင်မှုတွေ လုပ်ခဲ့ကြရပါတယ်။ နောက်ဆက်တွဲအနေနဲ့ အာဏာရှင်များရဲ့ ရက်ရက်စက်စက် နှိမ်နင်းမှုကို သူတို့ ခံခဲ့ကြရပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာလည်း အဲဒီလို သမိုင်းဖြစ်စဉ်တွေကို ရင်းနှီးခဲ့ရတဲ့ အထင်ကရ နေရာကြီး တစ်ခုပါ။
ကမ္ဘောဒီးယားနိုင်ငံက အက်စ် ၂၁ ပြတိုက်ဟာ အာဏာရှင်များ သိမ်းပိုက်ခဲ့တဲ့ စာသင်ကျောင်းတစ်ခုဖြစ်သလို ရန်ကုန်တက္ကသိုလ်ဟာလည်း စစ်အာဏာရှင်များက ထောက်လှမ်းရေးအင်အားကို အခြေပြု သိမ်းပိုက်ထားရာ နေရာကြီးပါပဲ။ ဗြိတိသျှကိုလိုနီခေတ်ကစပြီး တက္ကသိုလ်ကျောင်းသားများ အခြေပြုရင်း လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ဒီနေရာကြီးမှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ထိ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာဖြစ်သလို အာဏာပိုင်တွေရဲ့ နှိမ်နင်းမှုတွေကိုလည်း မျိုးစုံအောင် ခံစားခဲ့ရတဲ့ နေရာဌာနကြီး ဖြစ်နေဆဲပါ။ ကျောင်းသားများရဲ့ အသက်သွေးများလည်း အဲဒီနေရာမှာ ကျခဲ့ရပါတယ်။ ဒီလိုသမိုင်းဆိုးများကြောင့် လွတ်လပ်တဲ့တစ်နေ့မှာ ရန်ကုန်တက္ကသိုလ်ဟာ ပြတိုက်ကြီးတစ်ခု ဖြစ်မလာနိုင်ဘူးလား။ တွေးကြည့်စရာပါ။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေရဲ့အနေအထားကို ကြည့်လိုက်ပြန်တော့လည်း သမိုင်းဆိုးတွေက ရှိနေပြန်ပါတယ်။ အကျဉ်းထောင်ဆိုတာ စာရိတ္တဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးတဲ့နေရာလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပေမယ့် တကယ်တမ်းကျတော့ လူ့အခွင့်အရေးများကို အကြီးမားဆုံးချိုးဖောက်ရာ နေရာဌာနကြီးတွေ ဖြစ်နေပါတယ်။ ရာဇဝတ်မှုလျော့ပါးရေးအတွက် စွမ်းဆောင်ပေးရမယ့်နေရာတွေဟာ လူတွေရဲ့ အကျင့်စရိုက်များ ပိုမိုကြမ်းတမ်းလာအောင်၊ အာဏာပိုင်တွေကို တော်လှန်ဆန့်ကျင်လိုစိတ်တွေ ပျောက်ကွယ်အောင်၊ အကြောက်တရားတွေ စိုးမိုးလာအောင် လူထုကို စနစ်တကျ ချိုးနှိမ်နှိပ်ကွပ်ရာ ဌာနကြီးတွေ ဖြစ်နေပါတယ်။
အဲဒီဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက စတင်ခဲ့ပေမယ့် ဒီကနေ့ထိ ဆက်လက်ရှိနေတုန်းပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ တရားလက်မဲ့ ဖမ်းဆီးထောင်ချခံရသူတွေ အများအပြားရှိခဲ့သလို၊ မသေသင့်ဘဲ အသက်သေဆုံးခဲ့သူတွေလည်း အများကြီးပါ။ ဒါတွေဟာ အာဏာရှင်စနစ်ဆိုးကြီးနဲ့ အာဏာရှင်အဖြစ် အုပ်စိုးသူများက အနိုင်ကျင့်လိုက်တာ၊ သတ်ဖြတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ ဒီလိုဆိုတော့ ကျနော်တို့နိုင်ငံမှာ ဘယ်အရာတွေက သမိုင်းဆိုးပြတိုက်တွေအဖြစ် နောင်တစ်ချိန်မှာ ပေါ်ပေါက်လာနိုင်ပါသလဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကြိုတင်တွက်ဆဖို့ လိုအပ်ပါတယ်။
မကြာသေးခင်က စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းတစ်ပုဒ်ကို ကြားလိုက်ရပါတယ်။ ဥရောပတိုက်က ဖင်လန်နိုင်ငံမှာ ပြည်သူလူထုအနေနဲ့ ဘယ်အဖွဲ့အစည်းကို အလေးစားဆုံးလဲလို့ မေးခွန်းထုတ်ကြည့်တော့ ထိပ်ဆုံးက နိုင်ငံတော်ရဲတပ်ဖွဲ့ ဖြစ်ပါသတဲ့။ ဖင်လန် ရဲတပ်ဖွဲ့ကို တိုင်းပြည်ရဲ့လူဦးရေနဲ့ အချိုးချကြည့်တဲ့အခါ ဥရောပမှာ အသေးငယ်ဆုံးဖြစ်သလို အဂတိလိုက်စားမှုကင်းတယ်ဆိုတဲ့ ဂုဏ်သတင်းကလည်း မွှေးကြိုင်နေပါတယ်။ အထူးသဖြင့် အကျဉ်းထောင်တွေကို သွားကြည့်မယ်ဆိုရင် အကျဉ်းထောင်တစ်ခုလို့တောင် မသိရဘူးလို့ ဆိုပါတယ်။ ဥရောပသမဂ္ဂနိုင်ငံများထဲမှာ ဖင်လန်နိုင်ငံဟာ အကျဉ်းဒဏ်ခံနေရတဲ့ လူဦးရေ အနည်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်အောင် နှစ်ပေါင်း ၃ဝ လောက် ကြိုးစားခဲ့ရပါသတဲ့။
နာမည်ဆိုးဖြင့်ကျော်ကြားသည့် မြန်မာပြည်မှ အင်းစိန်ထောင်
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့မှာ သမိုင်းဆိုးပြတိုက်တွေ မပေါ်ပေါက်စေဖို့ လိုအပ်ပါတယ်။ ဒါဟာ နယ်ပယ်တစ်ခုတည်းနဲ့ ပတ်သက်တာမဟုတ်ဘဲ လူ့လောကကြီးတစ်ခုလုံးနဲ့ ပတ်သက်နေပါတယ်။ အတိတ်က သမိုင်းဆိုးတွေကြောင့် လက်ရှိပြတိုက်ဖြစ်နေတဲ့နေရာတွေကို ကြည့်ရင်း နောင်တချိန်သမိုင်းဆိုးမဖြစ်ဖို့ လက်ရှိကာလမှာ ဆိုးဝါးတဲ့ လုပ်ရပ်တွေ၊ ခါးသီးဖွယ် အဖြစ်အပျက်တွေကို ကျော်လွှားနိုင်ကြရင် မကောင်းပေဘူးလား။ ။
ထိန်လင်း
၂၊ ၂၊ ၂ဝဝ၃
လွန်ခဲ့တဲ့ ၉ နှစ်က ရေးခဲ့တဲ့ ဆောင်းပါးပါ။ ၉ နှစ် ကြာပေမယ့် ဆက်လက် တိုက်တွန်းအကြံပြုဖို့ လိုအပ်ဦးမယ်ထင်လို့ ပြန်လည်ဝေငှတာပါ။
No comments:
Post a Comment