• ပွင့်ရန်အားခဲ
ငုံဆဲခိုက်။
• ယုတ်မာသိမ်ဖျင်း
လေပြင်းတိုက်။
• တစ်ပွင့်ဇာနည်
ကြွေပြီတဲ့။
• ကျန်သည့်ပန်းတွေ
ငုံနေရဲ့။ ။
မှတ်တမ်းစာအုပ်တွင် ကဗျာတိုကလေး တစ်ပုဒ်ချရေးပြီး “ပန်းမျိုးဆက်များ” ဟု အမည်ပေးလိုက်သည်။ သူ့အတွက် ဝမ်းနည်းမှတ်တမ်း ရေးချိန်မှာ သူမရှိတော့ပါ။ သူကား သူချစ်မြတ်နိုးသော လောကကြီးအား ကျောခိုင်းစွန့်ခွာခဲ့လေပြီ။
• • • • •
ကျနော်တို့သည် သူ့အား ကြားဖူးနားဝဖြင့် ပုံဖော်ခဲ့ကြသည်။ အချို့၏့က သူ၏ကျောင်းသားဘဝ ပုံရိပ်များအား စကားဖြင့် ပြသကြသည်။ အချို့က သူ၏စိတ်ဓာတ်နှင့် ပတ်သက်သည့်အဖြစ်အပျက်များအား ဇာတ်အိမ်ဖွဲ့ ခင်းကျင်းကြသည်။ တဖြည်းဖြည်းနှင့် သူ၏ပုံရိပ်များက ကျနော်တို့ အတွေးအာရုံထဲဝယ် ရှင်သန်လာခဲ့သည်။ မမြင်တွေ့ဖူးသူတစ်ယောက်၏ စကားသံများကို မြင်ယောင်ကြားယောင်ရင်း သူနှင့်တွေ့ဆုံရမည့် အချိန်အခါ တစ်ခုကို စောင့်ဆိုင်းခဲ့ကြသည်။
သူ့တွင် ကျနော်တို့လေးစားလောက်စရာ အချက်များစွာ ရှိပေသည်။ ထိုအချက်ပေါင်းများစွာထဲမှ အဓိကအချက်မှာ စိတ်ဓာတ်ခိုင်မာမှုပင် ဖြစ်သည်။
“အမှန်နဲ့အမှားဆိုတာ အမြဲတမ်းဒွန်တွဲနေတာပဲ။ အဲဒီမှာ အမှန်ဘက်ကလူနဲ့ အမှားဘက်ကလူဆိုပြီး ကွဲနိုင်တာပဲ။ ဘယ်လိုပဲကွဲကွဲ ဘယ်ဘက်မှာပဲနေနေ အမှန်ကိုတော့ သိရမှာပေါ့။ ပြီးတော့ တခါတလေမှာ အမှန်တရားနှစ်ခုရဲ့ အားပြိုင်မှုဆိုတာလည်း ရှိတာပဲ။ လူတစ်ယောက်အနေနဲ့ ကိုယ်ဘယ်ဘက်မှာ ရပ်မလဲ။ တခုခုမှာ ရပ်ပြီဆိုရင်လည်း ခိုင်ခိုင်မာမာ ရပ်ဖို့လိုတယ်။ ဟိုလိုလို ဒီလိုလိုတော့ လုပ်တာမကြိုက်ဘူး”
သူငယ်ချင်းတစ်ဦး၏စကားကို ကျနော်ပြန်စဉ်းစားမိသည်။ လူတစ်ယောက်အနေဖြင့် အမှားအမှန်ကို ဝေခွဲသုံးသပ်နိုင်ရမည်။ ထို့နောက် ယုံကြည်ချက်နှင့် ရပ်တည်ချက်ရှိရမည်။ ထိုရပ်တည်ချက်များကို ခိုင်မာစေရန်လည်း ကြိုးပမ်းရမည်။ ကျနော်ညွှန်းဆိုခဲ့သော သူ့၌ ယင်း အရည်အသွေးများ ရှိလေသည်။ သူသည် ယုံကြည်ချက်များအတွက် ဒုက္ခဆင်းရဲအမျိုးမျိုးကို ခံစားခဲ့ရသည်။ သို့သော်လည်း သူကား နောက်မတွန့်ချေ။
သူသည် သူ၏ နိုင်ငံရေးခံယူချက်ကို အသက်ပေးခဲ့ရသည်အထိ ဆုပ်ကိုင်သွားခဲ့သူလည်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဝင်အဖြစ် တာဝန်ယူလုပ်ဆောင်ရင်း ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခဲ့သည့်အခါ မဲဆန္ဒနယ် တစ်ခုတည်း၌ပင် ၎င်း၏ အစ်ကိုအရင်းဖြစ်သူနှင့် ပြိုင်ဆိုင်အရွေးခံခဲ့သည်။ သူ့အကိုကား ထိုစဉ်က NLD ၏ ဆန့်ကျင်ဘက်ဟု လူအများ သိရှိထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဘက်မှ ဝင်ရောက်အရွေးခံခဲ့ခြင်းဖြစ်သည်။ ဤအဖြစ်အပျက်များကပင် သူ၏ ခံယူချက်ပြတ်သားမှုကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းဖြစ်လေသည်။
• • • • •
ဦးတင်မောင်ဝင်း(ခရမ်း)
“ဦးတင်မောင်ဝင်း ဆုံးပြီတဲ့၊ ဒီနေ့ သူ့အလောင်းကို ထုတ်ပေးမယ်လို့ ပြောတယ်”
ထိုအသံ၊ ထိုသတင်းသည် ကျနော်တို့ မကြားလိုသော သတင်းစကားဖြစ်သော်လည်း ကျနော်တို့ကြားလိုက်ရလေပြီ။ သို့သော် မယုံချင်သေး။ သူ့အား ဖမ်းဆီးလိုက်သည်မှာ လပိုင်းမျှသာရှိသေးသည် မဟုတ်လား။ ဤသည်မှာ ကျနော်မတွေ့ဖူးသူတစ်ယောက်အား မျက်ဝါး ထင်ထင်တွေ့မြင်ခွင့်ရတော့မည့် သဘောပေလော။ ဤအနေအထားဖြင့် တွေ့ခွင့်ကြုံရခြင်းကို ကျနော်မမျှော်လင့်လိုပါ။သို့သော် ကျနော်တို့ အနေဖြင့် ဘယ်အရာကိုများ ကာကွယ်တားဆီးနိုင်ပါသနည်း။ အရာရာ လုံခြုံမှုကင်းမဲ့လှသည် မဟုတ်ပါလား။ မည်သို့ဖြစ်စေ မယုံဝံ့ဝံ့ ယုံဝံ့ဝံ့ ဖြစ်နေသော ကျနော်တို့ စုံစမ်းဖို့ ကြိုးစားရပေတော့မည်။ ထို့နောက် ကျနော်တို့ မသွားလိုသော နေရာတစ်ခုဆီသို့ သွားခဲ့ကြသည်။ ထိုနေရာကား လူမစည်ကားအပ်သော အရပ်တစ်ခုဖြစ်သည့် ကြံတောသုသာန်ပါတကား။
ပူပြင်းသောနေရောင်အောက်တွင် ကုက္ကိုပင်ကြီးတစ်ပင်၏ အရိပ်ကိုခိုကာ ကျနော်တို့ ထိုင်နေကြသည်။ ကျနော်တို့ထိုင်နေကြသည့် ထိုင်ခုံများကား ဟောင်းနွမ်းပြိုပျက်နေသော အုတ်ဂူဟောင်းများဖြစ်သည်။ ကျနော်တို့က ခပ်လှမ်းလှမ်း မျက်စောင်းထိုးရှိ အအေးတိုက်ဆီသို့ မျက်နှာမူထားကြသည်။ ထိုအအေးတိုက်၏ မျက်နှာချင်းဆိုင်မှာတော့ အသိဉာဏ်ကင်းမဲ့ကာ မိမိခံတွင်းသို့ ထိုးထည့်ပေးလိုက်သောအရာတိုင်းအား လောက်မြိုက်ဝါးမြိုပစ်သော မီးသင်္ဂြိုဟ်စက်အိုကြီး ရှိလေသည်။ ထိုမီးသင်္ဂြိုဟ်စက်ကြီးအတွင်း အသက်မသေသေးသည့် ကျောင်းသားပြည်သူတို့ တချိန်က ရောက်ရှိသွားခဲ့သည်ဆိုခြင်းကို သူက အမှားအမှန်ခွဲခြားလျက် အတည်ပြုမပေးနိုင်ပါ။ ထိုအဆောက်အအုံတွင်းမှ မီးလျှံများသည် ကျနော်တို့ရင်တွင်းမှ အပူမီးကို ကျော်လွန်နိုင်မည်မဟုတ်ဟု ကျနော်က တွေးမိလိုက်သည်။ ကုက္ကိုပင်အောက်မှ ကျနော်တို့က အရိပ်ထဲမှာထိုင်ရင်း ကိုယ်စီ လောင်မြိုက်မှုများ ဖုံးလွှမ်းနေကြသည်။
လူ့ဘဝကား ဆန်းကြယ်စွ။ ထို့ထက် လောကကား ပို၍ ဆန်းကြယ်စွ။
သင်္ချိုင်းဟူသည် ကွယ်လွန်သူတို့အား အမှတ်ရစရာ တည်ဆောက်ထားသည့် ဗိမာန်တစ်ခုသာ ဖြစ်သည်ဟု သတ်မှတ်ထားချင်သော ကျနော်တို့အား ထိုမျှဖြင့် မပြည့်စုံကြောင်း ငြင်းဆိုလိုက်ချေပြီ။ ဤသုသာန်၌ မြန်မာ့နိုင်ငံရေး သမိုင်းတွင် ဖျောက်ဖျက်မရနိုင်သောဖြစ်ရပ်များ တည်ရှိခဲ့သည်။ ဗိုလ်အောင်ကျော်၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း စသည့် ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်များလည်း လျောင်းစက်နေသည်။ ထိုမျှသာမက မရေမတွက်နိုင်သော အာဇာနည်များ၏ ဝိညာဉ်များလည်း ကိန်းဝပ်နေပေလိမ့်မည်။
၇ ယောက်ခန့်မျှသာရှိသော ကျနော်တို့သည် ကားလမ်းနံဘေး အုတ်ဂူများပေါ်တွင်ထိုင်လိုက်၊ အအေးတိုက်သို့ အလောင်း ရောက်မရောက် သွားမေးလိုက်၊ တစုံတရာ မသိရသည်နှင့် သင်္ချိုင်းအတွင်း ပြတိုက်သို့ရောက်ရှိလာသော ကလေးများကဲ့သို့ လှည့်ပတ်ကြည့်ရှုလိုက်ဖြင့် အနိစ္စကမ္မဋ္ဌာန်း စီးဖြန်းနေကြရပေသည်။ ထိုမျှသာမက အသုဘလာရောက်ပို့ဆောင်သူများ၏ ကားသံ၊ အော်ဟစ်ငိုယိုသံများကို အလှည့်ကျ ကြားနေကြရသည်။
ညနေ လေးနာရီ ထိုးချေပြီ။ ထိုအချိန်တွင် သင်္ချိုင်းတွင်း၌ သိသိသာသာ လူရှင်းသွားသည်။ ထိုအခါကျမှ ကျနော်တို့ လူအုပ်စုလေးက သီးခြားအုပ်စုကလေးအဖြစ် ကျန်ရစ်နေကြောင်းသိလိုက်ရသည်။ စစ်ထောက်လှမ်းရေးအချို့က ကျနော်တို့အား စောင့်ကြည့်နေသည်ဟုလည်း သိရသည်။
မတတ်နိုင်ပါ။ ဤအတိုင်း ရင်ဆိုင်ကြရုံမှလွဲ၍ အခြားနည်းလမ်း မရှိပြီတကား။
• • • • •
ကမ္ဘာမကြေဘူး x x ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတေး x x တော်လှန်ရေး xx ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော x x သူရဲကောင်းတို့ရေ x x အာဇာနည်တွေ နေတဲ့တိုင်းပြည် x x ရဲရဲတောက် တို့မြန်မာပြည် x x
အံကြိတ်မာန်တင်းထားသည့် ရင်တွင်းမှ ထွက်ပေါ်လာသော တေးသံသည် မမြင်နိုင်သည့် ကြေကွဲမှုများကို သယ်ဆောင်ရင်း ကြံတောသုသာန် ပရဝုဏ်ကို ခရီးဆန့်လေပြီ။ ဤသည်မှာ အာဇာနည်တစ်ဦး၏ ဈာပနတစ်ခုမျှသာ မဟုတ်ဘဲ အာဏာရှင်စနစ်ဆိုးအောက်ရှိ ရင်နင့်ဖွယ်ပြယုဂ်လည်း ဖြစ်ပေသည်။ ထိုအဖြစ်ကို ကျနော်တို့အားလုံး မယုံချင်ယုံချင်ဖြင့် လက်ခံလိုက်ကြရသည်။
နယ်ချဲ့လက်အောက်၌ ကျရောက်ခဲ့စဉ်က မည်သူသည်နယ်ချဲ့။ မည်သူသည် အလိုတော်ရိ စသဖြင့် ခွဲခြားကာ သိနိုင်သော်လည်း ယခုမူ ကိုယ့်လူမျိုးမှ ကိုယ့်ကို နှိပ်စက်ကလူပြုခြင်းအား ခါးသီးစွာ ခံစားနေကြရပေပြီ။ သို့သော်လည်း တော်လှန်ရေးအင်အားစုများ၏ လေးစားစရာ ကောင်းလှသည့် စိတ်ဓာတ်ခိုင်မာမှုများက လုံးဝချိုးနှိမ်၍ ရနိုင်မည်မဟုတ်ပေ။ ကြည့်လိုက်ပါ၊ စစ်ထောက်လှမ်းရေးများ၏ အတားအဆီး ထူထပ်စွာ စောင့်ကြည့်နေကြသည့်အချိန်မှာပင် သူ့ရုပ်ကလာပ်ထည့်ထားသော ခေါင်းကို အလုအယက်ဝိုင်းထမ်းရင်း ရင်တွင်းမှ ဒေါသများကို သီချင်းသံအဖြစ် ဖွင့်ထုတ်နေကြသည် မဟုတ်ပါလား။
အအေးတိုက်၏ အလောင်းပြင်ရာခန်းမမှ မီးသင်္ဂြိုဟ်စက်ဆီသို့ လှည်းဖြင့်မတင်ဆောင်ဘဲ တယောက်တလှည့် ပုခုံးဖြင့်ထမ်းကာ သယ်ဆောင်လာစဉ် ရှေ့မှလည်း လွမ်းသူ့ပန်းခြင်းများ၊ ပန်းခွေများကို လူငယ်များက စီတန်းသယ်ဆောင်လာခဲ့ကြသည်။ မကြာမီ သူရဲကောင်းတစ်ဦး၏ ရုပ်ကလာပ်သည် မီးလျှံများ၏ ဝါးမျိုပစ်ခြင်းကို ခံရပေတော့မည်။ သူ့ဘဝ၏ နောက်ဆုံးခရီးကား ဤမှာပင် ရပ်တန့်ပါမည်လော။ ကျနော်ထင်ပါသည်။ သူ့ဝိညာဉ်၊ သူ့စိတ်ဓာတ်တို့က ခေါင်းတိုင်မှ ထွက်ပေါ်လာမည့် မီးခိုးများနှင့်အတူ မျောပါရင်း လောကကို အပေါ်စီးမှ ကြည့်ရှုပါလိမ့်မည်။
“အစ်မရယ် မငိုပါနဲ့၊ အဖေက ငိုတာ မကြိုက်ဘူး။ ဒါကြောင့် ညီမတို့လည်း မငိုဘူး။ အစ်မလည်း အဖေ့အတွက် မငိုပါနဲ့နော်”
ဤစကားသံကြောင့် ကျနော် ရင်နင့်သွားရသည်။ ကွယ်လွန်သူ၏သမီးက ဖခင်အတွက် ငိုယိုနေသူအား ပြောပြနေခြင်း ဖြစ်သည်။ ဟုတ်သည်။ ကျနော်တို့ သူ့အတွက် ငိုကြွေးစရာမလို၊ သူက သူ့ဘဝကို အကောင်းဆုံး မြှုပ်နှံခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသော ကျနော်တို့က သူတို့ မျှော်မှန်းခဲ့ကြသည့် ပန်းတိုင်သို့ ရောက်အောင် ဆက်၍ လှမ်းကြရမည်။ သို့အတွက် ငိုယိုခြင်းအစား အားမာန်များကိုသာ မွေးမြူကြရမည်ဖြစ်သည်။
သူသည် အကျဉ်းကျခဲ့ရသည့် အချိန်တိုအတွင်း ကွယ်လွန်ခဲ့ရသည်။ အာဏာပိုင်များကမူ သူ ‘သွေးကင်ဆာ’ ရောဂါဖြင့် သေဆုံးသည်ဟု မိသားစုအား ပြောဆိုခဲ့သည်။ သွေးကင်ဆာဆိုသည်က ချက်ချင်း ပေါ်လာတတ်သော ရောဂါမဟုတ်။ မိသားစုပင် မသိသော ထိုရောဂါဖြင့် သူ ကွယ်လွန်သတဲ့။ ထို့ကြောင့်ပင် လွမ်းသူ့ပန်းခွေတစ်ခု၌ ဤသို့စာတမ်းကလေး ရေးထိုးထားသည်။
“ကြယ်ခြွေတာ - -
ကင်ဆာတဲ့လား - -
ကင်ဆာ ကျဆုံးပါစေ - -”
ကျနော်တို့၏ ကြယ်တစ်ပွင့်သည် ကျနော်တို့ မျက်မှောက်ကာလမှ ဝေးကွာသော အရပ်ဆီသို့ ကြွေလွင့်ခဲ့ပါသည်။ သို့သော်လည်း သူ့အလင်းရောင်များက ကျန်ရစ်ဆဲပါ။
• • • • •
ပန်းတို့သည် လောကအား ရနံ့သင်းဖြင့် ထုံမွှမ်းရန်၊ အရောင်အသွေးဖြင့် အလှဆင်ရန် ထာဝရ အားယူကြရသည်မှာ ဓမ္မတာဖြစ်သည်။ ထိုပန်းတို့မှ အချို့သည် အကြောင်းတစုံတရာကြောင့် ကြွေလွင့်ပျက်စီးကောင်း ပျက်စီးပေလိမ့်မည်။ သို့သော်လည်း ပန်းအားလုံးကို မတားဆီးနိုင်ပါ။ ဤသည်မှာ သေချာသော နိယာမ တရားပင်ဖြစ်ချေသည်။
• တစ်ပွင့်ဇာနည်
ကြွေပြီတဲ့။
• ကျန်သည့်ပန်းတွေ
ငုံနေရဲ့။ ။
ထိန်လင်း
၂၃၊ ၇၊ ၂ဝဝ၁
(၁၈၊ ၁၊ ၁၉၉၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သော ဦးတင်မောင်ဝင်း(ခရမ်း) သို့ ဂုဏ်ပြုရေးဖွဲ့ပါသည်။ ဤသေဆုံးမှုသည် စစ်ထာက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တွင် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်မှန် ဖြစ်ပါသည်။)
No comments:
Post a Comment