Tuesday, January 10, 2012

ဆရာ အောင်ဝေ သို့မဟုတ် ရဲဘော် ရဲအောင် (ဗတိုးရှိန်) - ၅

ပါတီတွင်း ရေးသားထုတ်ဝေသည့် စာစောင်လေးများ၊ တိုက်ပွဲသတင်း အဓိကထား ဖြန့်သည့် ကြယ်နီ စစ်သတင်းလွှာလို စာစောင်လေးများကို ရဲဘော် ရဲအောင်က ကျွန်တော်ဖတ်ရန် ပေးထားသည်။ စာစောင်တစောင်ထဲမှာ သူရဲကောင်း ရဲဘော်တချို့အကြောင်းတွေ့၍ မေးကြည့်သည်။ ရဲဘော်ဉာဏ်ထွေး၊ ရဲဘော်ဆလိုင်းသာဦး၊ ရဲဘော်မညို၊ ရဲဘော်ကံရင် သူတို့အကြောင်းမေးစဉ် တိုက်ပွဲထဲမှာ ဂုဏ်ပြောင်စွာ ကျဆုံးသူတွေဖြစ်ကြောင်းနှင့် သူတို့ကျသွားပြီးနောက် ပဲခူးရိုးမ အနောက်ခြမ်း သာယာဝတီခရိုင်ဘက် ပါတီကေဒါ မလွှတ်နိုင် ဖြစ်နေရသည့်သဘော ပြောပြသည်။ ပြည်ခရိုင် တိုက်တိုင်းအောင် ၂ မှ ရဲဘော်တွေ ဗဟိုမှာ တွေ့ခဲ့ကြောင်းလည်း ပြောသည်။ နောက်တနေ့ မနက်စောစော ကျွန်တော့်ကို ခေါ်၍ အစီအစဉ်တခု ပြောသည်။

“ဒီမနက် ကိုရင်မောင်ဆီ ခင်ဗျား သွားတွေ့၊ ရွာမှာပဲ ရှိလိမ့်မယ်၊ လာလမ်း မှတ်မိလား၊ ဒီကအထွက် ရဲဘော်တယောက် ထည့်လိုက်မယ်။ အပြန် တယောက်တည်း လမ်းမှတ်မိအောင် သေချာမှတ်သွား။ ကိုရင်မောင်ကို တရက် နှစ်ရက်လောက် ထပ် အစောင့်ခိုင်း။ ကျွန်တော်တို့ လုပ်စရာရှိတာလုပ်ပြီးရင် ခင်ဗျား ကိုရင်မောင်နဲ့ ပြန်လိုက်သွား။ နောက်မှ ခင်ဗျား လူတွေခေါ် တချို့လူ အပြီးလိုက်ခဲ့ကြဖို့ ပြင်ခိုင်း။ ပြန်ရောက်မှ ရန်သူကို တိုက်ကြတာပေါ့ဗျာ။ တော်လှန်ရေးဆင်နွှဲနေတဲ့ ကွန်မြူနစ်တွေပဲ မလုပ်နိုင်စရာမရှိပါဘူး” တဲ့ … သူက ပြောနေသည်။

“လမ်းမှာ အောက်ခုံဆိုတဲ့ရွာက စစ်တပ်ဂိတ်တခုပဲ စိုးရိမ်စရာရှိတယ်ဆိုတော့ … အဲဒါကိုတော့ သတိထား ဖြတ်ရမယ်။ အဲဒီ အောက်ခုံဂိတ်က တပ်ကို ကျွန်တော်တို့ တပ်က တခါဝင်ချဖူးတယ်။ သေနတ် ၄ လက်လား ရဖူးတယ်” … တဲ့။

ကျွန်တော်နှင့် ရဲဘော်ဝင်းတင်ဆိုသူတို့ မနက်စောစော ထွက်လာသည်။ ဒီရဲဘော်က လမ်းကြောင်းတွေပြ၍ ရွာဘက် သွားသည့် လမ်းမဘက်အထိ လိုက်ပို့သည်။ လမ်း သေချာမှတ်၍ ရွာနှစ်ရွာ ဖြတ်ကျော်ပြီး ကျွန်တော် အောင်ချမ်းသာရွာ ရောက်သွားသည်။ ရွာအဝင်မှာ လူတယောက်ကဘယ်က လာတာလဲလို့ ကျနော့်ကို မေးသေးသည်။ “ဟိုဘက်ရွာက လာတာ” လို့ နောက်ရွာဘက် ပြလိုက်သည်။ မသင်္ကာဖွယ်ကိစ္စတခု ဖြစ်သည်။ 

ရွာထဲက အိမ်မှာ ဦးရင်မောင် အဆင်သင့် တွေ့သည်။ နောက် နှစ်ရက်လောက် စောင့်ပါ၊ ကျွန်တော် ပြန်လိုက်မည်ဟု ပြောပြရသည်။ ဦးရင်မောင်လည်း သဘောတူသည်။ ကိစ္စမရှိဘူး ခင်ဗျားလာမှပဲ ဖြူးမြို့ ပြန်မည်ဆိုသည့်သဘော တူညီချက်ရရှိသည်။ ဦးရင်မောင်က “ခင်ဗျား အစ်ကိုကို လူတိုင်းကို သိပ်မယုံဖို့ ပြောပြပါ။ အတွင်းလူက ပိုကြောက်ရတယ်။ သတိထားပါ” ဆိုတဲ့အကြောင်း ကျွန်တော့်အား မှာနေသည်။ (အဲဒီမှာ ရဲဘော် ရဲအောင်က ကျွန်တော့်အား သူ့ညီဟု ပြောထား၍ ဘာပြောပြော ခင်ဗျား အစ်ကိုဟု ပြောဆို မှာကြားတတ်ကြ၏။) ကျွန်တော် စခန်းပြန်ရောက်တော့ ရဲဘော် ရဲအောင်နှင့် လုပ်စရာရှိတာ မှတ်စရာရှိတာတွေ မှတ်ကြပြောကြသည်။ နောက် အဆက်အသွယ် မပြတ်ဖို့ ဆုံရပ်တခုသတ်မှတ်ပြီး ခရီးပြင်းချီ လာတွေ့တာမျိုး စဉ်းစားထားရင် ကောင်းလိမ့်မယ်ဟုလည်း ပြောသည်။
ရဲဘော် ရဲအောင် အလေးထားပြောနေသည်မှာ အရှေ့မြောက် နယ်စပ်အခြေခံဒေသနှင့် မြေပြင်ဆက်သွယ်မှုလုပ်ရေး ဖြစ်သည်။ “အခု အရှေ့မြောက်မှာ ကိုကိုးကျွန်းပြန်တွေထဲက ဆက်မိနေတာ ရှိတယ်။ သူတို့တွေကို ခင်ဗျားတို့ မြို့ပေါ်ရှိသူတွေက ရှာပြီး ဆက်သွယ်ကြည့်။ အဲလိုလုပ်ရင် ကျွန်တော်တို့ အရှေ့မြောက်ကို ဆက်မိပြီ” တဲ့။ 

အဲဒီနောက် ကိုယ့်လူတွေ ဘယ်လိုလုပ်ကြမလဲ အခိုင်အမာ စဉ်းစားလုပ်ဆောင်ကြရန် ညှိနှိုင်းသည်။ မူဆယ် နမ့်ခမ်းဘက်မှာ ဘာ အရောင်းအဝယ်လုပ်ငန်း ထူထောင်ကြရင် ကောင်းမလဲ စဉ်းစားထားကြရန် မှာသည်။ နောက် အရေးတကြီးလိုတာက စာအုပ်တွေ၊ မော်စီတုန်းကျမ်း နှစ်စုံလောက် ဗဟိုကို ပို့ပေးဖို့ လိုချင်ကြောင်း ပြောသည်။ တပ်ယူနီဖောင်းအတွက် ဒီဇိုင်းကိစ္စ၊ ဆေးဆိုးပန်းရိုက် လုပ်စရာကိစ္စ … လူတွေ ခေါ်ဖို့ကိစ္စ …

“ခင်ဗျား အခုအခေါက်ပြန်ပြီး ဒီပြန်အလာမှာ သေချာ အာမခံချက်ရှိသူတွေသာ ခေါ်လာ၊ တော်လှန်ရေးဒဏ် သိပ်ပြင်းထန်တယ်။ အလုပ်သမား၊ လယ်သမားဆန်မှ ပြောက်ကျားတပ် ဒဏ်ခံနိုင်မှာ၊ မခိုင်မာလောက်ရင် မခေါ်နဲ့။ နံပါတ် ၁ ဦးစားပေး မြို့ပေါ် ရပ်တည်မရသူ အမာခံသာ ခေါ်ခဲ့ပါ” …

“မြို့ပေါ်မှာနေ ပါတီလုပ်ငန်းလုပ်ဖို့ကလည်း အရေးကြီးတယ်။ တောထဲက တိုက်ပွဲတခုတည်း စဉ်းစားလုပ်နေလို့ မဖြစ်ဘူး။ မြို့ပေါ်မှာ ပါတီလုပ်ငန်းစဉ်တွေ ပုံနှိပ်ဝါဒဖြန့်နိုင်ရင် ဘယ်လောက်ကောင်းမလဲ။ မြို့ပေါ်မှာရှိတဲ့ စစ်အစိုးရဖိနှိပ်မှု ပြဿနာတွေ ပြည်သူ့အသံ ရေဒီယို ရှိနေပြီ။ အဲဒီကနေ ဖွင့်ချ တိုင်ကြားဖို့ လမ်းကြောင်းတွေ စဉ်းစားရမှာ။ ဒါကြောင့် မြို့ပေါ်လုပ်ငန်း သိပ်အရေးကြီးတယ်။ ရန်သူစစ်ရေး ထိုးစစ်တွေရှိနေလို့ သို့မဟုတ်ရင် ဒီနားတဝိုက် တောကျွမ်းအောင် ခင်ဗျားနဲ့ တောလည်လို့ရတယ် နောက်အခေါက်တွေ လုပ်တာပေါ့ဗျာ” … တဲ့။

ဆက်လက်ဖော်ပြပါမယ်။


 

No comments: