Monday, January 16, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၆)

နှစ်လွှာ တရွက် ဗိုလ်ချုပ်ကျော်သောင်း နှင့် ဇနီး နမ့်တင်တင်

“နင် မထိုင်ရင် နင့်ထဘီကို ငါ ဆွဲချွတ်လိုက်မယ်” ဒီတော့မှ သူက “မလုပ်နဲ့။ မလုပ်နဲ့” လို့ပြောပြီး ထိုင်ချလိုက်တယ်။ အဖိုးကလည်း သူ့ကို အဖြေတောင်းတာပေါ့။ သူကလည်း မကြိုက်ဘူးပဲ ပြောတယ်။ သူ့အမ အေးရှင်ကို သူ အော်ခေါ်တယ်။ အေးရှင်ကလည်း သီချင်းဆိုပြီး ထင်းခုတ်နေတယ်။ သူ ဒေါသတွေထွက်ပြီး သူ့အစ်မကို သူ ဆဲတာပေါ့ ..."

မတင်တင် ကို ပိုးနည်း

အဖိုးနဲ့ အဖွားနဲ့ စတွေ့တော အဖိုးအသက်က ၂၀ လောက်တော့ ရှိပြီ။

အဖွားအသက်က ၁၈ နှစ်လောက်ရှိမယ် ထင်တယ်။

အဖိုးက သူ့ကို ကြိုက်တယ်။ ကြိုက်တော့ သူ့တဝမ်းကွဲအစ်မ မအေးရှင်ကို မေးခိုင်းတယ်။

မေးခိုင်းတော့ သူက ပြောတယ်။

“ဟေ့ ကျော်သောင်း သူက ငါ့ကို ပြောတယ်။ နင့်လင် နင်ပဲကြိုက်။ ငါက မကြိုက်ဘူး” တဲ့။

“ဟ တယ်ကြမ်းပါလား။ ဒါဆို ဘယ်လိုလုပ်ရမလဲ။ အကြံလေး ဘာလေး ထုတ်ပါအုံး”

အဖိုးကလည်း မတင်တင်ကိုတော့ တကယ်ကြိုက်တာကိုး။ အဖိုးကို ကြိုက်တဲ့လူတွေလည်း ရှိတယ်။ အဖိုးက မကြိုက်ဘူး။ မတင်တင်ကိုပဲ ကြိုက်တယ်။

သူက အဖိုးကို ဆိုးလို့ မကြိုက်တာ။ အဖိုး သိတာပေါ့။

အဖိုးက အရက်သောက်တယ်။ လူတွေကိုလည်း ရိုက်တယ်ဆိုတော့ သူ မကြိုက်ဘူး။

အဖိုးက သူ့ ဝမ်းကွဲအစ်မကို အကြံတောင်းတဲ့အခါကျတော့ သူက ပြောတယ်။

“မနက်ဖြန်ကျရင် ငါတို့ ထင်းခုတ်သွားမယ်။ နင် စကားလိုက်ပြော” တဲ့။

ဟာ ဟုတ်ပြီပေါ့။ မနက် ထမင်းစားသောက်ပြီးတော့ အဖိုး အိမ်ကနေ စောင့်တယ်။ ဒီညီအမ ဘယ်တော့ ထင်းခုတ်သွားမလဲပေါ့။ ၉ နာရီကျော်ကျော်လောက်တော့ သူတို့ညီအမ အိမ်ကထွက်လာတာပဲ။ ဓားတယောက်တချောင်းစီနဲ့။

သူတို့ ထင်းခုတ်တဲ့နေရာက ရွာနဲ့ သိပ်မဝေးဘူး။ ရွာစပ်က ကိုင်းတောထဲမှာ။ သူတို့ ကိုင်းတောထဲကိုဝင်ပြီး ပျောက်သွားတယ်။ အဖိုးကလည်း ဓားတချောင်း ခါးကြားထိုးပြီး မသိမသာလိုက်သွားတာပေါ့။ ကိုင်းတောစပ်နားရောက်တော့ အဖိုး အသံနားထောင်တယ်။

“ဒုတ် … ဒုတ်” နဲ့ ထင်းခုတ်သံကြားတယ်။ အသံကြားတဲ့နောက် အဖိုးလိုက်တာပေါ့။

ကိုင်းတောကထူတော့ ခြေနင်းလိုက်ရင် ‘ကျွတ်ကျွတ် … ကျွတ်ကျွတ်’ နဲ့ အသံမြည်တယ်။

အဖိုးက အဖိုးခြေသံကို ကြားမှာစိုးလို့ သူတို့ တချက်ခုတ်လို့ ‘ဒုတ်ခနဲ’ ဆိုရင် ခြေတလှမ်းချလိုက်။ ‘ဒုတ်ခနဲ’ ဆို ခြေတလှမ်းချလိုက် ဒီလိုနင်းသွားတာ။ အဲဒီမှာ အသံက နှစ်သံထွက်နေတယ်။

အဲဒီအချိန်မှာ မအေးရှင်က သီချင်းလေးညည်းတယ်။ အဖိုး သိလိုက်ပြီ။ ဒါဆိုရင်တော့ ဟိုဘက်က မတင်တင်ပဲ။ အေးရှင်နဲ့ အဖိုးက အချိတ်အဆက်လုပ်ထားတာကိုး။ အဖိုး လာမယ်ဆိုတာ အေးရှင်က သိနေတယ်။ 

ဒါနဲ့ အဖိုးလည်း မတင်တင်ရှိမယ့် တနေရာကို တလှမ်းချင်း လှမ်းသွားတာပေါ့။

အဖိုး သူ့နားရောက်သွားတာ သူ မသိဘူး။

နောက်မှ သူသိတော့ “နင် ဘာလာလုပ်တာလဲ”

“ငါ နင်နဲ့ စကားပြောစရာရှိလို့”

“နင့်နဲ့ ငါ ဘာမှ ပြောစရာစကား မရှိဘူး။ နင်ပြန် မပြန်ရင် ငါ ဓားနဲ့ ခုတ်ထဲ့လိုက်မယ်”

“ဟာ ဒီလိုမလုပ်ပါနဲ့”

အဖိုးက သူ့ဓားမကို လုယူလိုက်တယ်။ ပြီးတော့ အဖိုးက သူ့ကို ကြိုက်တဲ့အကြောင်း ပြောတာပေါ့။

“ငါ နင့်ကို ကြိုက်တယ် တင်တင်”

“နင့် ကြိုက်ပေမယ့် ငါ မကြိုက်ဘူး။ နင် ပြန်တော့”

အဖိုးက သူ့လက်ကိုဆွဲလိုက်ပြီး “နင်ကလည်း ထိုင်ပါအုံးဟာ” 

သူက ရုန်းတာပေါ့။

ဒါနဲ့ အဖိုးက သူ့ထဘီစကို အသာလေး ဆွဲထားလိုက်တယ်။

“နင် ဒါ ဘာလုပ်တာလဲ”

“နင် မထိုင်ရင် နင့်ထဘီကို ငါ ဆွဲချွတ်လိုက်မယ်” ဒီတော့မှ သူက “မလုပ်နဲ့။ မလုပ်နဲ့” လို့ပြောပြီး ထိုင်ချလိုက်တယ်။ အဖိုးကလည်း သူ့ကို အဖြေတောင်းတာပေါ့။ သူကလည်း မကြိုက်ဘူးပဲ ပြောတယ်။ သူ့အမ အေးရှင်ကို သူ အော်ခေါ်တယ်။ အေးရှင်ကလည်း သီချင်းဆိုပြီး ထင်းခုတ်နေတယ်။ သူ ဒေါသတွေထွက်ပြီး သူ့အစ်မကို သူ ဆဲတာပေါ့။

အဖိုးကလည်း သူ့ကို ချစ်တယ် ပြော။ သူကလည်း မကြိုက်ဘူးပဲ ပြောနေတာပဲ။ ညနေက စောင်းလာပြီ။
“ငါ ပြန်မယ် မိုးချုပ်တော့မယ်”

“နင် ငါ့ကို ပြန်မကြိုက်ရင် မပေးပြန်ဘူး။ တခါတည်း နင့်ကို ခေါ်ထားလိုက်မယ်” အဖိုးက ဒီလိုပြောတော့ သူ ကြောက်သွားတယ်။ အဲဒီအချိန်မှာ သူ့ ဦးလေး အရက်မူးပြီး ပြန်လာတဲ့အသံ ကြားတယ်။

“ငါ့ဦးလေး သိရင် နင် မလွယ်ဘူး”

သူ့ဦးလေးက အရက်သမား။ တော်တော်လည်း ဆိုးတယ်။ ရွာမှာဆို သူ့ဦးလေးကို လူတွေက ကြောက်ကြတယ်။ အဖိုးကတော့ မကြောက်ဘူး။

“နင့် ဦးလေးလောက်တော့ ငါ မကြောက်ဘူး။ ငါလည်း မိုက်တာပဲ” လို့ပြောတော့ သူ အကြံအိုက်သွားတယ်။

ညနေပိုင်းလည်း စောင်းလာပြီးဆိုတော့ သူ့အမ အေးရှင်ကလည်း ပြန်ကြစို့ဆိုပြီး အသံပေးတယ်။ အဖိုးကလည်း သူ့ ထဘီစကို မလွှတ်ပေးဘူး။

ဒါနဲ့ သူက “အေး ငါ နင့်ကို ကြိုက်တယ်။ ငါ့ ထဘီစကို လွှတ်တော့” လို့ ပြောတယ်။

အဖိုးက “နင် ငါ့ကို တကယ်ကြိုက်တာ မဟုတ်ပါဘူး”

“ကြိုက်တယ်ဟာ။ ကြိုက်တယ်”

“တကယ်ကြိုက်တယ်ဆို နင် ကျိန်မလား”

“ငါက ဘယ်လိုကျိန်ရမှာလဲ”

“ငါ တိုင်ပေးမယ်။ နင် လိုက်ဆိုပေါ့” ဒါနဲ့ သူလည်း လိုက်ဆိုမယ်ဆိုပြီး အဖိုး တိုင်ပေးတာကို လိုက်ဆိုတာပေါ့။

အဖိုးက "ငါ့ကို မကြိုက်ဘဲနဲ့ တခြားတယောက်ယောက်နဲ့ယူရင် ကလေး ကန့်လန့် မွေးပါစေ" လို့ ကျိန်ခိုင်းတာ။ သူလည်း လိုက်ဆိုတာပဲ။

အဲဒါပြီးတော့ အဖိုးလည်း သူ့ပါးကို တချက်နမ်းပြီး သူ့ ထဘီစကို လွှတ်ပေးလိုက်တယ်။

ဆက်လက်ဖော်ပြပါမယ်။ 



 

No comments: