Thursday, January 5, 2012

ရာပြည့် ခေတ်စမ်းစာဆို ဆရာမောင်ထင် (ထိန်လင်း)

၂ဝဝ၉ ခုနှစ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နဲ့ စာဆိုကြီး ဆရာမင်းသုဝဏ်တို့ရဲ့ ရာပြည့်နှစ်ဖြစ်သလို ဘိုးသက်ရှည်လို့ ပြောရလောက်အောင် အသက် ၉၇ နှစ်အထိ နေထိုင်သွားတဲ့ ဆရာကြီး မောင်ထင်ရဲ့ ရာပြည့်နှစ်လည်း ဖြစ်ပါတယ်။

“ယနေ့ခေတ် ပညာရေးသည် ဦးကြော့ ရေးသည့် စုံနံ့သာမြိုင် ရှာပုံတော်ကြီးမှ မင်းသမီး လင်ပျောက်ရှာနေသည်နှင့် တူသည်” လို့ အစချီပြီး ရေးသားခဲ့တဲ့ အိုးဝေမဂ္ဂဇင်း ထဲက ‘ကမောက်ကမ ပညာရေး’ ဆိုတဲ့ ဆောင်းပါးကို ဖတ်မိကတည်းက ဆရာမောင်ထင်ကို စွဲစွဲမြဲမြဲ မှတ်မိသွားပါတယ်။ ဆိုးဝါးတဲ့ ပညာရေးစနစ်ကို ဝေဖန်ရေးသားရဲတဲ့ စိတ်ဓာတ်နဲ့ ထိထိမိမိပေးထားတဲ့ ဥပမာကို သဘောကျသွားတဲ့အတွက် ‘မောင်ထင်’ ဆိုတဲ့အမည်ကို မှတ်သားမိသွားတာလည်း ဖြစ်ပါတယ်။

ဆရာမောင်ထင် ကို ၁၉ဝ၉ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဧရာဝတီတိုင်း လပွတ္တာမြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း ဦးထင်ဖတ် ဖြစ်ပါတယ်။ လပွတ္တာ၊ မြောင်းမြ၊ ရန်ကုန်မြို့မ အထက်တန်းကျောင်း စတဲ့ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပြီး ၁၉၂၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ မြန်မာစာပေ ရွှေတံဆိပ်ဆုနဲ့ ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။ အဲဒီအချိန် အသက်၂၄ နှစ်အရွယ်ကတည်းက တက္ကသိုလ်မဂ္ဂဇင်း၊ အိုးဝေမဂ္ဂဇင်း၊ ဂန္ထလောက မဂ္ဂဇင်းတို့မှာ အင်္ဂလိပ် မြန်မာ ၂ ဘာသာနဲ့ ဆောင်းပါးတွေ စတင် ရေးသားခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် ဆရာမောင်ထင်ဟာ သူ တက်ရောက်သင်ကြားခဲ့ဖူးတဲ့ မြောင်းမြမြို့ တိုင်းရင်းသား အထက်တန်းကျောင်းမှာ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီလို တဖက်က ဝန်ထမ်းဖြစ်နေတဲ့အချိန်မှာလည်း စာပေရေးသားခြင်းကို အဆက်မဖြတ်ခဲ့ပါဘူး။ ၁၉၃၆ ခုနှစ်မှာတော့ မြို့ပိုင် အဖြစ် မြောင်းမြခရိုင်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြောင်းမြ မြို့ပိုင်၊ ဧရာဝတီတိုင်း မြို့အုပ်၊ ရခိုင်တိုင်း မြို့အုပ်၊ လပွတ္တာ မြို့ပိုင် စသဖြင့် ကြီးမားတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ပြီး ဂျပန်ခေတ် ဒေါက်တာဘမော် အစိုးရလက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းနှင့်ပြန်ကြားရေးဌာန လက်ထောက် အတွင်းဝန်၊ ဒုတိယ အတွင်းဝန် အဖြစ် တာဝန်ယူခဲ့ပါတယ်။

အဲဒီမှာ တာဝန်ထမ်းဆောင်တုန်း သခင်နုရဲ့ အကြံပေးချက်နဲ့ ဂျပန်တော်လှန်ရေး ရှေ့ပြေး တမျိုးသားလုံး လျှို့ဝှက်လုပ်ငန်းတွေမှာ မြန်မာတိုင်းရင်းသားတွေ နှုတ်လုံဖို့ ဆော်သြတဲ့ အာဇာနည်မိခင် ပြဇာတ်ကို ဂျပန်တွေ မရိပ်မိအောင် စင်တင်ပြသခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အစိုးရလက်ထက်မှာ အသံလွှင့်ဌာန ညွှန်ကြားရေးဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရခိုင်တိုင်း ပြန်လည်ထူထောင်ရေးနှင့် နေရာချထားရေး အထူးမင်းကြီး၊ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်၊ ရန်ကုန်သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာ၊ လန်ဒန်တိုင်း သတင်းစာ ရန်ကုန်သတင်းထောက်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ စာကြည့်တိုက်များ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းစာအသင်း ဥက္ကဋ္ဌ၊ မြန်မာ့စွယ်စုံကျမ်း ပြုစုရေးအဖွဲ့ အတိုင်ပင်ခံ စသဖြင့် တာဝန်ပေါင်းများစွာ ထမ်းဆောင်ရင်း စာပေတာဝန် ကျေခဲ့တဲ့ ဆရာမောင်ထင်ဟာ အသက် ၉၇ နှစ်အရွယ် ၂ဝဝ၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဆရာမောင်ထင်ရဲ့ စာပေတွေထဲမှာ ဂျပန်ခေတ် ကျေးလက်လူတန်းစားဘဝကို သရုပ်ဖော်ထားတဲ့ ‘ငဘ’ ဝတ္ထုနဲ့ ‘ဗမာ့နိုင်ငံရေး သုခမိန်’ စာအုပ်တို့ ထင်ရှားသလို စာပေဝါသနာရှင်တွေ၊ စာဖတ်ပရိသတ်တွေကို နိုင်ငံတကာ စာပေတွေနဲ့ မိတ်ဆက်ပေးထားတဲ့ ကမ္ဘာ့စာပေအညွှန်း စာအုပ်များဟာ တန်ဖိုးရှိလှပါတယ်။ ဆရာမောင်ထင် ဟာ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့လိုပဲ ခေတ်စမ်းစာပေများ ရေးသားခဲ့သူဖြစ်ပါတယ်။ ‘ခေတ်စမ်းစာပေ’ ဆိုတဲ့ အမည်ကို စတင် တီထွင်သုံးစွဲစေခဲ့သူက ဆရာကြီး ဦးဖေမောင်တင် ဖြစ်ပါတယ်။ သူက သူ့ရဲ့တပည့်တစ်ဦးဖြစ်တဲ့ ဆရာမောင်ထင်လည်း ခေတ်စမ်းထဲက ပေါ်ထွက်လာခဲ့တဲ့အကြောင်း ဝမ်းသာအားရ ပြောပြဖူးတယ်လို့ စာရေးဆရာ မင်းယုဝေရဲ့ ‘ပထမ မြန်မာများ’ စာအုပ်မှာ ရေးသားထားပါတယ်။

စာပေပညာရှင်တွေကို အမျိုးမျိုး နှိပ်စက်ကလူပြုနေတဲ့ ဒီကနေ့ခေတ်မှာ ဂျာနယ် အယ်ဒီတာ၊ မဂ္ဂဇင်း အယ်ဒီတာတွေ တော်ကြာ အဖမ်းခံရ၊ တော်ကြာ အတင်း အလုပ်ဖြုတ်ပစ်ဖို့ ဖိအားပေးခံရတာတွေ ကြားနေရပါတယ်။ ဒါပေမယ့်လည်း ဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်း စာပေတာဝန် ကျေပွန်နေသူတွေလည်း တပုံတပင်ကြီးပါ။ ဒီဖြစ်ရပ်တွေကို စဉ်းစားမိတော့ လွန်ခဲ့တဲ့ ၄၅ နှစ်ကျော်က ဆရာမောင်ထင် ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြန်ဖတ်မိပါတယ်။ ဆောင်းပါးအမည်က ‘အယ်ဒီတာ’ ဖြစ်ပြီး ၁၉၆၃ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေခဲ့တဲ့ နဝဒေးစာစောင်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီဆောင်းပါးမှာ ဆရာမောင်ထင်က အယ်ဒီတာ ဆိုတဲ့ အသုံးအနှုန်း စတင်ပေါ်ပေါက်ပုံ၊ အယ်ဒီတာတွေရဲ့တာဝန်တွေကို ရေးသားပြီး အယ်ဒီတာတွေရဲ့ စိတ်ဓာတ်ကိုပါ အခုလို ရေးသားခဲ့ပါတယ်။

“အယ်ဒီတာဆိုသည်မှာ အတော် ဆန်းပါသည်။

ဥပမာ - အယ်ဒီတာဆိုသူများအား မှတ်ကရော့ဟု ဆို၍ ထောင်ချသူက ချကြပါသည်။ သို့ရာတွင် ထောင်ထွက် အယ်ဒီတာတို့ ထောင်မှ လွတ်လာသောအခါ အမှတ်မရကြပါ။ အယ်ဒီတာတစ်ဦး မိန့်ခွန်းတော် ခြွေဖူးသည်မှာ ‘ကျနော်တို့ အယ်ဒီတာတိုင်း အယ်ဒီတာတိုင်း ဗဟုသုတ ပြည့်ဝစေခြင်းငှာ အနည်းဆုံး ထောင် ၆ လ ချထားလျှင် ပို၍ ကောင်းပေလိမ့်မည်’ ဆိုပါသည်။

ထို့ကြောင့် အယ်ဒီတာမှန်လျှင် စိတ်မညစ်သင့်ဟု ပြောချင်ပါသည်”

‘သခင်ပေါက်စ ထောင်ခြောက်လ’ ဆိုတာမျိုး ‘အယ်ဒီတာပေါက်စ ထောင်ခြောက်လ’ ဖြစ်တော့ရော အယ်ဒီတာဆိုတာ လုပ်သင့်တာ လုပ်ရမှာပဲ လို့ ဆရာ ဆိုလိုချင်ပုံ ရပါတယ်။ တကယ်တော့ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးကြရတာပါ။ ကိုယ်ကောင်းတာ လုပ်ရင် ကိုယ့်ရဲ့ သမိုင်းကောင်း ကျန်ရစ်မှာဖြစ်ပြီး မကောင်းတာလုပ်ရင်ဖြင့် ကိုယ့်ရဲ့ သမိုင်းဆိုးက ကိုယ်လုပ်တဲ့ ဆိုးမှုအကြီးအသေးအလိုက် ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စာရေးဆရာ ချစ်ညွန့်ကျော် ပြုစုထားတဲ့ ‘မြန်မာနိုင်ငံ၌ ထင်ရှားခဲ့သော ရာပြည့်ပုဂ္ဂိုလ်များ၏ ဘဝနှင့် စာပေခရီး’ ဆိုတဲ့ စာအုပ်က ဆရာမောင်ထင်ရဲ့ ဆိုစကားကို ထပ်ဆင့် ဝေငှချင်ပါတယ်။

“သမိုင်းက လူကိုစစ်ချလိုက်သောအခါ လူထု၏ ပူဇော်ခြင်းကို ခံထိုက်သော သူတို့သည်သာ အမည်ထင်ရှား ကျန်ရစ်သည်” တဲ့။ ဟုတ်ပါတယ်။ သမိုင်းက စစ်ချလိုက်ပြီး ပူဇော်သင့် ပူဇော်ထိုက်သူတွေဖြစ်တဲ့ ဆရာမောင်ထင် လို ပုဂ္ဂိုလ်မျိုးတွေကို ဒီကနေ့ ကျနော်တို့ အမှတ်ရနေကြ၊ ဂုဏ်ပြုနေကြတာ ဒီသဘောပါပဲ။ ပိတ်ဆို့တားမြစ်မှုတွေကြားကပဲ ဆရာမင်းသုဝဏ်လို၊ ဦးသန့်လို ပုဂ္ဂိုလ်မျိုးတွေကို ကျနော်တို့ တတ်စွမ်းသရွေ့ ဂုဏ်ပြုရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြစ်ရဲ့ ရေအလျဉ်လို မရပ်မတန့် စီးဆင်းနေတဲ့ သမိုင်းရေစီးကြောင်းရဲ့ သဘောကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

ဒီကနေ့ အတိတ်ကပုဂ္ဂိုလ်များကို ဂုဏ်ပြုနေတုန်းမှာပဲ ခေတ်သစ်သမိုင်း စာမျက်နှာတွေပေါ်မှာ ရှင်သန်နေသူများကို ဆန်ကာချနေတာဖြစ်ပါတယ်။ စာပေသမားပဲဖြစ်ဖြစ်၊ အနုပညာသမားပဲဖြစ်ဖြစ်၊ နိုင်ငံရေး လှုပ်ရှားသူပဲဖြစ်ဖြစ်၊ သာမန် လူတစ်ဦးပဲဖြစ်ဖြစ် ကိုယ့်ခြေတစ်လှမ်း၊ ကိုယ့်လုပ်ဆောင်မှုတစ်ခုက ကိုယ့်ရဲ့ သမိုင်းထဲက အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာ သတိပြုမိဖို့ လိုပါတယ်။ မျက်မှောက်ခေတ် ကျနော်တို့အားလုံးရဲ့ သမိုင်းတွေက အနာဂတ် မျိုးဆက်တွေရဲ့လက်ထဲ အပ်နှံခဲ့ရမှာကတော့ သေချာတဲ့အချက်ပါပဲ။ ။

ထိန်လင်း
၁၊ ၃၊ ၂ဝဝ၉



 

No comments: