Sunday, January 1, 2012

ဂျာနယ်ကျော် ဦးချစ်မောင်၏ နိုင်ငံရေးစာပေများ (ထိန်လင်း)

ပြီးခဲ့တဲ့ဆောင်းပါးမှာ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ ဈာပနကို သူ့ကို လေးစားချစ်ခင်သူများက ခြေကျင် ပို့ဆောင်ခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ 
 
ဒီနေရာမှာ ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်တဲ့ရက်စွဲကို အမျိုးမျိုး ရေးသားကြပုံနဲ့ပတ်သက်လို့ ပြောချင်ပါတယ်။ အထင်ကရပုဂ္ဂိုလ်တစ်ဦးနဲ့ပတ်သက်လို့ ရေးသားရာမှာ လွဲမှားမှုမရှိမှ နောက်ပိုင်း ဖတ်ရှုလေ့လာသူတွေအတွက် အဆင်ပြေမှာဖြစ်ပါတယ်။ 

‘ဦးချစ်မောင် ကွယ်လွန်တဲ့ရက်စွဲက ၁၉၄၆ ခုနှစ် ဧပြီလ ၃ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ ၁ဝ မိနစ်အချိန်တွင် ဆုံးသည်’ လို့ ဆရာမိုးဟိန်း စုစည်းရေးသားထားတဲ့ ‘ဆင့်၍ဆင့်၍ ဆက်၍ဆက်၍’ စာအုပ်ထဲက ဈေးနှုန်းသတင်းစာ ဓာတ်ပုံမှာ တွေ့ရပါတယ်။ ဂျာနယ်ကျော်မမလေး ရေးသားတဲ့ ‘သူလိုလူ’ စာအုပ်မှာလည်း ဧပြီလ ၂ ရက် တညလုံး ကုသရပုံ၊ နောက်တနေ့မနက်မှာ ကွယ်လွန်ပုံတွေကို ရက်စွဲနဲ့တကွ ရေးသားထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဇွန်လက ထုတ်ဝေတဲ့ ‘ပိတောက်ပွင့်သစ်’ မဂ္ဂဇင်း ‘ဂျာနယ်ကျော်ဦးချစ်မောင်၏ ဘဝကောက်ကြောင်း’ ခေါင်းစဉ်အောက်မှာလည်း ၁၉၄၆ ခုနှစ် ဧပြီလ ၃ ရက် လို့ပဲ ဖော်ပြပါတယ်။ 

ဒါပေမယ့် အဲဒီ ပိတောက်ပွင့်သစ် စာအုပ်ထဲက ဆရာ မောင်ဇေယျာ ရဲ့ ‘ဂျာနယ်ကျော်ဦးချစ်မောင် နှင့် အယ်ဒီတာဝတ္တရား’ ဆောင်းပါး၊ တက္ကသိုလ်ကိုကိုကြီးရဲ့ ‘ဦးချစ်မောင်ရဲ့ ဂျာနယ်ကျော်’ ဆောင်းပါး၊ ဆရာမောင်ဝံသရဲ့ ‘ကျွန်တော်၏ စံနမူနာပုဂ္ဂိုလ်’ ဆောင်းပါးတို့မှာ ၁၉၄၆ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ ကွယ်လွန်တယ် လို့ ရေးသားထားကြတာတွေ တွေ့လိုက်ရပါတယ်။

၂ဝဝ၂ ခုနှစ် သြဂုတ်လ ရာပြည့်စာအုပ်တိုက်က ပဉ္စမအကြိမ် ထုတ်ဝေတဲ့ ဗိုလ်မှူးဘသောင်းရဲ့ ‘စာဆိုတော်များ အတ္ထုပ္ပတ္တိ’ မှာ ‘အင်္ဂလိပ်သက္ကရာဇ် ၁၉၄၅ ခုနှစ်’ လို့ ဖော်ပြထားပြီး သီဟရတနာ စာအုပ်တိုက်က သတ္တမအကြိမ် ပြန်လည်ထုတ်ဝေတဲ့ ဦးချစ်မောင်ရဲ့ ‘သူ’ ဝတ္ထုစာအုပ်က စာပေစာနယ်ဇင်း ဥက္ကဋ္ဌ ဦးစိုးညွန့် (ထီလာစစ်သူ) ရဲ့ ‘ရွှေလင်းယုန်၏ အနုပညာစွမ်းရည်’ ဆောင်းပါးမှာလည်း ၁၉၄၅ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်သည်’ လို့ ရေးထားပြန်ပါတယ်။ ‘သီဟရတနာ စာအုပ်တိုက်’က ဦးချစ်မောင်ရဲ့ မျိုးဆက်များ ဦးစီးတဲ့ စာအုပ်တိုက်ပါ။ အဲဒီစာအုပ်တိုက်က အခုလိုအချက်အလက် မှားယွင်းမှု မရှိစေချင်ပါဘူး။ တကယ်တော့ အတ္ထုပ္ပတ္တိများ ရေးသားတဲ့အခါ ထင်ရှားသူရဲ့ အကြောင်းပဲဖြစ်ဖြစ်၊ မထင်ရှားသူရဲ့ အကြောင်းပဲ ဖြစ်ဖြစ် အချက်အလက်တွေ မလွဲမှားဖို့ လိုပါတယ်။ 

အသက် ၃၄ နှစ်ကျော်မှာ ကွယ်လွန်ခဲ့တဲ့ ဂျာနယ်ကျော်ဦးချစ်မောင်ဟာ စာရေးသက် ၁၆ နှစ်အတွင်း ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ သတင်းဂျာနယ်ခေါင်းကြီး၊ အမှာစာ၊ နိုင်ငံရေးစာပေများကို အမည်ရင်း ဦးချစ်မောင်အပြင် ဖိုးခေါင်၊ ရွှေလင်းယုန် ဆိုတဲ့ ကလောင်ခွဲများနဲ့လည်း ရေးသားခဲ့ပါတယ်။ ရှာဖွေတွေ့ရှိတဲ့ ဦးချစ်မောင်ရဲ့ စာစုပေါင်း ၄၅ဝ ရှိပြီး ရှာမတွေ့တဲ့စာတွေ၊ ဂျပန်ခေတ်အတွင်း ပျက်စီးဆုံးရှုံးသွားတဲ့ စာအုပ်စာတမ်းတွေ အများအပြား ရှိတဲ့အကြောင်း စာရေးဆရာမ ခင်နှင်းဦးက ‘လေးစားဂုဏ်ပြုအပ်သော “သူ”’ ဆိုတဲ့ ဆောင်းပါးမှာ ရေးသားထားပါတယ်။ 

ဦးချစ်မောင်ဟာ ငယ်ရွယ်သူဖြစ်ပေမယ့် အတွေးအခေါ် မြင့်မားသူ၊ ဗဟုသုတ ပြည့်စုံသူဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ် ဧပြီလ ၂ ရက်နေ့ကနေ မေလ ၁၈ ရက်နေ့အထိ ဈေးနှုန်းသတင်းစာမှာ ရေးသားခဲ့တဲ့ ‘ကမ္ဘာကြီး ပျက်စီးလုနီးပြီလော’ ဆောင်းပါး စာတမ်းက ဦးချစ်မောင်ရဲ့ အရည်အချင်းကို ဖော်ပြနေပါတယ်။ အဲဒီစာတမ်းက ကမ္ဘာ့အရေး မြန်မာ့အရေးတွေကို စာအုပ်စာတမ်းပေါင်းများစွာကို အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ် ဖြစ်ပွားပြီးတဲ့နောက် ဆက်လက် ဖြစ်ပေါ်နေတဲ့ အချက်အလက်ပေါင်းများစွာ ဖြစ်ရပ်ပေါင်းများစွာကို အခြေခံပြီး ကမ္ဘာစစ်ကြီး မလွဲမသွေ ဖြစ်လိမ့်မယ် လို့ ဟောကိန်းထုတ် ရေးသားခဲ့တာဖြစ်ပါတယ်။ 

ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ ဈာပနကို ဖဆပလ အဖွဲ့ချုပ်က ကြီးမှူးပြီး ရန်ကုန် ကြံတောသုသာန်မှာ ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာ ကြံတောသုသာန်ကို ဖျက်ပစ်တဲ့အတွက် ဆရာဦးချစ်မောင်ရဲ့အုတ်ဂူနဲ့ ၁၉၈၂ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဂျာနယ်ကျော်မမလေးတို့ရဲ့ အုတ်ဂူကို ၁၉၉၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ မိသားစုက ရေဝေးသုသာန်ဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။ 

တိုင်းပြည်တိုးတက်ကြီးပွားဖို့ ဦးချစ်မောင်လို အရည်အချင်းရော စိတ်ဓာတ်ပါ ပြည့်ဝသူတွေ မြန်မာပြည်မှာ အများအပြား ပေါ်ထွန်းစေချင်ပါတယ်။ ။

ထိန်လင်း
၆၊ ၆၊ ၂ဝ၁ဝ



No comments: