ခုချိန်မှာ ၈၈၈၈ အရေးတော်ပုံကာလနဲ့ အရေးတော်ပုံအကြီးအပြီး အစောပိုင်းကာလတွေကို ပြန်ပြောင်း စဉ်းစားတွေးခေါ်ရတဲ့အလုပ်ကို လုပ်ဖြစ်နေပါတယ်။ အရေးတော်ပုံကြီးရဲ့ သက်တမ်းဟာ ၂၃ နှစ်ပြည့်ကျော်ခဲ့ပြီ။ ၂၃ နှစ်ဆိုတဲ့ကာလဟာ လူ့အဖွဲ့အစည်းအတွက် မျိုးဆက်တခုကို ဖွားမြင်အရွယ်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ ၂၃ နှစ်တာ ကာလအတွင်း တိုင်းပြည်မှာ ဘာတွေ ဖြစ်ခဲ့၊ ပျက်ခဲ့ပါသလဲ။ ဝမ်းသာ ဂုဏ်ယူရမယ့် အဖြစ်အပျက်တွေနဲ့ ဝမ်းနည်းကြေကွဲခဲ့ရတဲ့ အဖြစ်အပျက်များ ...။
အရေးတော်ပုံကြီးအပြီးမှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခွင့်နဲ့ ဖွဲ့စည်းတည်ထောင်ခွင့်တွေ ရခဲ့ပါတယ်။ ထိုစဉ်က အာဏာရ စစ်ကောင်စီ (နဝတ)ဟာ အမိန့်ဒီဂရီတွေနဲ့ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ ကာလပါ။ နဝတရဲ့ နောက်ကွယ်မှာ ဗိုလ်နေဝင်း ကြိုးကိုင်လှုပ်ရှားလျက် ရှိနေဆဲဆိုတာကိုလည်း အားလုံးသိပြီး ဖြစ်ပါတယ်။ ဆိုတော့ အရေးတော်ပုံကြီးရဲ့ တိုက်ပွဲဝင် အောင်မြင်မှုရယ်၊ ဗိုလ်နေဝင်းရဲ့ မဆလ တပါတီ အာဏာရှင်စနစ် ကျဆုံးမှု၊ အာဏာအဆောက်အအုံ လဲပြိုမှု ရလဒ်တွေရယ်ကြောင့် ၂၆ နှစ်တာ ကွယ်ပျောက်သွားခဲ့ရတဲ့ ပါတီစုံ နိုင်ငံရေးလေထုဟာ လေညင်းကလေးအဖြစ် စတင်တိုက်ခတ်လာတယ်လို့ ဆိုချင်ပါတယ်။
အရေးတော်ပုံကြီးအပြီး အစောပိုင်းကာလ ၁၉၈၈ နှောင်းပိုင်းနဲ့ ၁၉၈၉ ကာလတွေမှာ ဒီမိုကရေစီ နိုင်ငံရေးလှုပ်ရှားမှုတွေ တက်ကြွပြင်းထန်လျက်ရှိနေပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ပူပူနွေးနွေး အကျိုးဆက်တွေပါပဲ။ သမိုင်းက အဆိုပါ တိုက်ပွဲတွေကို တောင်းဆိုငံ့လင့်နေခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ တက်ကြွတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ ဒီမိုကရေစီ နိုင်ငံရေးသမားကြီးတွေ ဦးဆောင်တဲ့ နိုင်ငံရေး လူထုလှုပ်ရှားမှုတွေဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ ခမ်းနားတဲ့ တိုက်ပွဲဝင်လှုပ်ရှားမှုတွေကို တဆက်တည်း သက်ဝင်ရှင်သန်နေတယ်လို့ဆိုရင် မှားမယ်လို့ မထင်ပါဘူး။
ထိုစဉ်က နိုင်ငံရေးပါတီပေါင်း ၂၀၀ ကျော်ဟာ နဝတ စစ်အာဏာရှင် လက်အောက်မှာပဲ ဖွဲ့စည်း တည်ထောင် လှုပ်ရှားခဲ့ကြပါတယ်။ ပါတီတွေများလို့ တချို့က အပြစ်သဘောဆိုကြပေမယ့် အစဉ်အလာရှိခဲ့၊ ရှိဆဲ အဖွဲ့အစည်းတွေကတော့ ဒါဟာ ဒီမိုကရေစီ ငတ်မွတ်မှုနဲ့ ဒီမိုကရေစီရဲ့ စစ်မှန်တဲ့ တောင်းဆိုချက်တွေဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ ပါတီတွေ ဘယ်လောက်များများ လူထုရဲ့ ရှေရှည်အကျိုးစီးပွားအတွက် လုပ်နိုင်၊ မလုပ်နိုင်အပေါ်မှာ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ အနာဂတ်ဟာ တည်တယ်လို့လည်း နိုင်ငံရေး သမိုင်းသင်ကြားချက်ကို လေ့လာသိရှိခွင့်ရခဲ့ပါတယ်။
သမိုင်းဝင် အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြန်လည်သက်ဝင်လာပါတယ်။ နေ့၊ လ၊ ခုနှစ် အလိုက် ကျင်းပ လှုပ်ရှားလာခဲ့ပါတယ်။ ကျောင်းသားကလည်း ကျောင်းသား အလျောက်၊ အလုပ်သမားကလည်း အလုပ်သမား အလျောက် ...။ မတ်လ ၁၃ ရက်နေ့မှာ ကျောင်းသား ဘုန်းမော်နေ့၊ ဂျွန် ၆ ရက် အလုပ်သမား၊ ဇူလိုင် ၇ ရက်နေ့နဲ့ ၈ ရက်တွေမှာ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ မိုင်းခွဲဖျက်ဆီးခံရတဲ့ တိုက်ပွဲနှင့် အမှတ်တရနေ့၊ ဇူလိုင် ၁၉ ရက်နေ့မှာတော့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရသည့် နေ့ ...။ အဲဒီ ဇူလိုင် ၁၉ ရက်နေ့မှာ ကျောင်းသား၊ ရဟန်း၊ လူထုနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့် ပါတီဝင်များဟာ ရွှေတိဂုံ ဘုရား ခြေတော်ရင်းက အာဇာနည်ကုံးကို ငြိမ်းချမ်းစွာ ချီတက် အလေးပြုကြဖို့ ဟန်ချက်ညီ ပြင်ဆင်ထားခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ ဖြစ်ပါတယ်။
အမိန့်ဒီဂရီနဲ့ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် နဝတဟာ ငြိမ်းချမ်းစွာ ချီတက်အလေးပြုမှုကို ခွင့်ပြုမယ်မဟုတ်ဘူးဆိုတာ လူထုက သိပါတယ်။ ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ ခေါင်းဆောင်တွေအားလုံးက ဘဝနဲ့ယှဉ်ပြီး သိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီချီတက်ပွဲဟာ တဦးတယောက်၊ တပါတီ၊ တဖွဲ့စည်းရဲ့ တောင်းဆိုမှု မဟုတ်ပါဘူး။ အဖိနှိပ်ခံ လူထုကြီးရဲ့ နိုင်ငံရေးတောင်းဆိုမှု၊ အစဉ်အဆက် ကျဆုံးခဲ့ကြတဲ့ ဗမာပြည် လွတ်မြောက်ရေးသမိုင်းဝင် ရဲဘော်တွေရဲ့ တိုက်ပွဲတောင်းဆိုမှုလို့ ပြောရင် ရပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်လို့ ခံယူထားသူတွေကို တိုက်ပွဲက ရွေးချယ်မှာလည်း ဖြစ်ပါတယ်။
နယ်မြို့အသီးသီးမှာရှိနေတဲ့ ကျောင်းသား၊ ရဟန်း၊ နိုင်ငံရေးပါတီများ၊ ပါတီဝင်များ အပါအဝင် လူထုကြီးကလည်း ၁၉၈၉ ခုနှစ် ဇူလိုင် ၁၉ ချီတက်ပွဲကို အသင့်စောင့်စားလျက်ရှိနေပါတယ်။ စစ်အုပ်စုက အကြမ်းဖက်ချေမှုန်းလာခဲ့ရင် တတိုင်းပြည်လုံးမှာ ၈၈၈၈ အရေးတော်ပုံကြီးကဲ့သို့ လှုပ်ရှားတိုက်ပွဲဝင်ကြမှာ ဖြစ်ပါတယ်။ ဒါကို သမိုင်းပေးအသိနဲ့ အသင့် ပြင်ဆင်စောင့်နေခဲ့တာပါ။ စစ်အာဏာရှင်က နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်ပေးထားပေမယ့် နိုင်ငံရေးပါတီတွေမှာ ဒီမိုကရေစီ နိုင်ငံရေးအသက် ငင်နေပါတယ်။ တရားရုံးတွေဆိုတာကလည်း ဆိုင်ရာ စစ်ခေါင်းဆောင်တွေရဲ့ နှုတ်မိန့်အတိုင်း တရားသူကြီးတွေက စီရင်ချက်ချပေးနေရတယ်။ လွတ်လပ်စွာဆိုတဲ့ စည်းရုံး၊ ဟောပြော၊ စီတန်း လှည့်လည်ခွင့်များ ဆိတ်သုဉ်းနေတာမို့ ဒီမိုကရေစီလိုချင်ရင် ဒီမိုကရေစီအကျင့်ကို ကျင့်ဖို့အတွက် ၁၉ ဇူလိုင်မှာ ချီတက်အလေးပြုကြဖို့ ဖြစ်ပါတယ် ...။
၁၉ ဇူလိုင် ချီတက်ပွဲ ပျက်ပါတယ်။ ချီတက် အလေးပြုဖို့ ပြင်ဆင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားနဲ့ လူထု အကြမ်းဖက် ချေမှုန်းခံရပါတယ်။ စစ်အာဏာရှင်ဟာ ဖက်ဆစ်သွေးရှိမှန်း ၆၂ ခုနှစ်ကတည်းက သိပြီးသား ဖြစ်ခဲ့တယ်။ အကြမ်းဖက် ချေမှုန်းခံခဲ့ရတဲ့ ကျောင်းသားနဲ့ လူထုတွေဟာ ၁၉ ဇူလိုင် ချီတက်ပွဲမှာ တပ်ဦးကျွံ အစွန်းရောက်ခဲ့သူတွေလား ...။ တိုက်ပွဲ တာဝန်ကျေခဲ့သူတွေလား ...။ သမိုင်းက မှတ်ကျောက်တင်ပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်၊ အစဉ်အလာရှိတဲ့ နိုင်ငံရေးသမားကြီးများကို နှစ်ရှည် ထောင်ဒဏ်နဲ့ နိုင်ငံရေးပါတီအချို့ အဓမ္မ ဖျက်သိမ်းခံခဲ့ရပါတယ်။
ကျောင်းသား အတော်များများဟာ လွတ်မြောက်ရေး တိုက်ပွဲများရှိရာ လွတ်မြောက်နယ်မြေတွေဆီ တသုတ်ပြီး တသုတ် ထပ်မံရောက်ရှိလာခဲ့ပါတယ်။ စစ်အာဏာရှင်ကလည်း ပြည်တွင်းမှာ မနေနိုင်၊ မလှုပ်ရှားနိုင်အောင် နည်းအမျိုးမျိုးနဲ့ အစီအစဉ်ရှိရှိ မောင်းထုတ်နေတယ်။ ထောက်လှမ်းရေးက ဖိအားပေး၊ ရဲက တောချောက်လို့ပေါ့။ မှတ်မိနေပါသေးတယ်။ တည ရဲက စစ်တပ်ခေါ်လာပြီး ဖမ်းဆီးတယ်။ ရဲအချုပ်မှာ အချုပ်ထဲတန်းမထည့်ဘဲ အဝင်အဝနားက ၃ ပေ ၅ ပေ ကြက်ခြံအနိမ့်မျိုးထဲမှာ ထားတယ်။ အချုပ်ထဲက အချုပ်သားတွေကိုလည်း စကားသွားမပြောဖို့ ပြင်းထန်စွာ အမိန့်ပေးနေသံ ကြားရတယ်။ ဒီကောင်တွေက မင်းတို့လို မဟုတ်ဘူး တတိုင်းပြည်လုံးကို ဆူပူအောင်လုပ်နေတဲ့ ကောင်တွေလို့ ပြောသွားတယ်။
နောက်တညကျတော့ ထောက်လှမ်းရေးလို့ ထင်ရသူက ခေါ်စစ်တာခံရပါတော့တယ်။ လက်ပြန်ကြိုး တင်းတင်းတုပ်ပြီး ခေါ်သွားပါတယ်။ ဟောက်လိုက်၊ ဟမ်းလိုက်၊ ခြိမ်းလိုက်၊ ခြောက်လိုက်နဲ့ မိုက်ရိုင်းစော်ကား စစ်ဆေးအပြီးမှာ “မင်းတို့ ဒီမိုကရေစီလိုချင်ရင် မင်းတို့ပထွေးတွေရှိတဲ့ဆီ လိုက်သွားကြ။ ဒီမှာတော့ လာမလုပ်နဲ့” ... ဟု ဆိုကာ ... ။
အဲဒီ ၁၉ ဇူလိုင်ညက မြို့ကလေးရဲ့ ဆုံနေကျ လက်ဖက်ရည်ဆိုင်ကလေးမှာ ကြေကြေကွဲကွဲ ကျခဲ့ရတဲ့မျက်ရည်စများ ... ။ ခံပြင်း တောက်ခေါက်သံ သဲ့သဲ့များ ... လွမ်းပါတယ် ... မြို့ကလေးရေ ...။
ကမာပုလဲ
၀၆၊ ၁၂၊ ၂၀၁၁။
No comments:
Post a Comment