တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းခနဲ ကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်
ငါ အံကြိတ်ပြီး
လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇဝင်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ်။
ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။
ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့အမုန်းကို
ရဲဘော်က စိမ်းကားတဲ့ အပြုံးနဲ့
ပြုံးမှာပဲ ယုံတယ်။
စပါတာကပ်(စ်)ရဲ့ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိသော
ချေဂွေဗားရား ... စသော
အာဇာနည်ထောင်သောင်းတို့နှင့်အတူ
ရဲဘော်ဟာ နီရဲဝင်းလက်ခဲ့တယ်။
ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့ဟာ
စာရွက်တွေ အတူတူဝေခဲ့ဖူးတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုခဲ့ဖူးတယ်။
ရဲဘော်ရဲ့အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့ တိုက်ပွဲတွေအကြောင်း
ဒီနေရာကိုလာပြီး
ရဲဘော်ရဲ့ စီးခဲ့တဲ့
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါ့ရဲ့  ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ကဗျာတပုဒ်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို ဖော်ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ်။
လက်ခံပါ ရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။
ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာ မဟုတ်ဘူး။
ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့ သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့ သွေး
မခန်းခြောက်သေးတဲ့ သွေးတွေ
အို ... ... ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။ ။
No comments:
Post a Comment